ရန်ကုန် ၁၇ နိုဝင်ဘာ
၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာ ၁ ရက်တွင် ကျရောက်မည့် ရန်ကုန်တက္ကသိုလ် နှစ်(၁၀၀)ပြည့် အထိမ်းအမှတ် ရောင်စုံဓာတ်ပုံပြိုင်ပွဲကို “ရာပြည့်တက္ကသိုလ် မြကျွန်းညို” ခေါင်းစဉ်ဖြင့် ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက စီစဉ်ကျင်းပခဲ့သည်။
အဆိုပါ ရောင်စုံဓာတ်ပုံပြိုင်ပွဲကို ရန်ကုန်တက္ကသိုလ်၏ ခမ်းနားတင့်တယ်မှု၊ သမိုင်းအစဉ်အလာ ကြီးမြတ်မှု၊ ခေတ်အဆက်ဆက် ပြုပြင်ပြောင်းလဲမှု၊ ဖွံ့ဖြိုးတိုးတက်မှု၊ နိုင်ငံနှင့်လူမျိုးအတွက် အကျိုးပြုပုံရိပ်များ၊ အောင်မြင်ထူးချွန်ထင်ရှားသည့် လူပုဂ္ဂိုလ်များ၊ ထင်ရှားသည့်သင်္ကေတ၊ နေရာဒေသနှင့် အဆောက်အဦများ၊ ရန်ကုန်တက္ကသိုလ် နှစ်ပေါင်း (၁၀၀) အတွင်း ဆောင်ရွက်ခဲ့သည့် လှုပ်ရှားမှုများနှင့် ပွဲတော်ပုံရိပ်များ စသည့် ရန်ကုန်တက္ကသိုလ်၏ အနှစ်သာရကို ဖော်ညွှန်းရိုက်ကူးထားသည့် ရောင်စုံဓာတ်ပုံများဖြင့် ပါဝင်ယှဉ်ပြိုင်ကြရန် ဖိတ်ခေါ်ခဲ့ရာ မြန်မာနိုင်ငံတစ်ဝန်းမှ ဓာတ်ပုံပညာရှင် ပညာရှင် (၉၇) ဦးက ပြိုင်ပွဲဝင်ဓာတ်ပုံပေါင်း (၆၃၂) ပုံ ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။
ပြိုင်ပွဲဝင်ဓာတ်ပုံများ စိစစ်အကဲဖြတ်ရွေးချယ်ခြင်းကို ယနေ့ မွန်းလွဲ ၁ နာရီတွင် ရန်ကုန်တက္ကသိုလ် အပန်းဖြေရိပ်သာခန်းမ (Recreation Center) တွင် ကျင်းပရာ ဓာတ်ပုံပညာရှင်များက ပြိုင်ပွဲဝင် စည်းကမ်းသတ်မှတ်ချက်များနှင့်အညီ အကဲဖြတ် စိစစ်ရွေးချယ်ခဲ့ကြကြောင်း သိရသည်။
သတင်း/ ဓာတ်ပုံ - အောင်မြင့်


