ရန်ကုန်တိုင်းဒေသကြီး၌ ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော်များ စည်ကားသိုက်မြိုက်စွာ ကျင်းပမည်

ရန်ကုန်  ၁၆  ဒီဇင်ဘာ 

 

ကရင်သက္ကရာဇ် ၂၇၅၈ ခုနှစ် ပြာသို(သလေးထိုင်ခေါက်ဖိုး)လဆန်း ၁ ရက်၊ ၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၆ ရက်နေ့တွင် ကျရောက်မည့် ကရင်အမျိုးသား နှစ်သစ်ကူးနေ့ အထိမ်းအမှတ်ပွဲတော်များကို ပွဲတော်ကျင်းပရေးဗဟိုကော်မတီ (မဟာရန်ကုန်)မှ ကြီးမှူး၍ ရန်ကုန်တိုင်းဒေသကြီးတစ်ဝန်း စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည် ဖြစ်သည်။

ကရင်နှစ်သစ်ကူးပွဲတော်ကို ဒုံးအကပြိုင်ပွဲများ၊ ဟောပြောပွဲများ၊ ဝါးထောက်၊ ဝါးညှပ်အကများ၊ ကရင်ရိုးရာ တေးသီးချင်းဖျော်ဖြေပွဲများ၊ ရိုးရာအသုံးအဆောင် ပစ္စည်းပြခန်းများ၊ ယဉ်ကျေးမှုပြခန်းများ၊ အားကစားပြိုင်ပွဲများ၊ အမှတ်တရပစ္စည်း အရောင်းဆိုင်များ၊ ရိုးရာအစားအစာ အရောင်းဆိုင်များ ထည့်သွင်းကျင်းပလေ့ရှိပြီး ယခုနှစ်ထူးခြားမှု အနေဖြင့် မဟာဆေး ဝင်္ဂပါအာလိန် ငါးဆင့်ကျောင်း၌ ကျင်းပမည့် ကရင်နှစ်သစ်ကူးနေ့ပွဲတော် ပြန်ကြားရေးပြခန်းတွင် အင်္ဂလိပ်- မြန်မာ- စကောကရင်- ပိုးကရင် အဘိဓာန်စာအုပ်နှင့် ပြုစုရေးသားလျက်ရှိသော ကရင်အမျိုးသား သမိုင်းစာအုပ်တို့ကို ပြသသွားမည်ဖြစ်သည်။

ကရင်အမျိုးသား နှစ်သစ်ကူးပွဲတော်ကို ကရင်တိုင်းရင်းသားများ ပျံ့နှံနေထိုင်ရာ ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင်သာမက ပြည်ပနိုင်ငံများတွင်လည်း စည်ကားသိုက်မြိုက်စွာ ကျင်းပလေ့ရှိပြီး စိုက်ပျိုးရေးလုပ်ငန်းများဖြင့် အသက်မွေးဝမ်းကြောင်းပြုခဲ့သည့် ရှေးကရင်မိဘဘိုးဘွားများ ကောက်ပဲသီးနှံရိတ်သိမ်းသည့် နွေဦးကာလတွင် မိသားစုလိုက် ကောက်သစ်စားပွဲတော်များ စုပေါင်း၍ ပျော်ရွင်စွာကျင်းပကြရာမှ ကရင်နှစ်သစ်ကူးပွဲတော်အဖြစ် အစဉ်အလာဖြစ်တည်လာခဲ့သည်။ အမြော်အမြင်ကြီးမားသည့် ရှေးကရင်ဘိုးဘွားများသည် ၁၉၃၇-ခုနှစ် ကရင်အမျိုးသားနေ့ အသိအမှတ်ပြုခြင်း ဥပဒေကို စည်းလုံးညီညွတ်မှုအားဖြင့် နှောင်လာနှောင်သားတို့အတွက် ဥပဒေပြုလွှတ်တော်တွင် တရားဝင်အတည်ပြု ပြဋ္ဌာန်းပေးခဲ့ရာမှစ၍ ကရင်အမျိုးသား နှစ်သစ်ကူးနေ့ကို နှစ်စဉ်ကျင်းပခဲ့သည်။

 

ကရင်အမျိုးသားနှစ်သစ်ကူးကို ကရင်းတိုင်းရင်းသားလူမျိုးများသာမက မြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်ကြသည့် အခြားသော တိုင်းရင်းသားလူမျိုးများလည်း ပါဝင်ဆင်နွဲလေ့ရှိကြောင်းကို ကရင်နှစ်သစ်ကူးပွဲတော်ကျင်းပရေး ဗဟိုကော်မတီ(မဟာရန်ကုန်) အထွေထွေအတွင်းရေးမှူး မန်းသန်းဝင်းဦးက “မြန်မာနိုင်ငံမှာ ကျွန်တော်တို့ရဲ့ ကရင်အမျိုးသားနှစ်သစ်ကူးဟာ ကောက်သစ်စားပွဲကနေ ဖြစ်တည်လာတဲ့ နှစ်သစ်ကူးဖြစ်တဲ့အတွက် နိုင်ငံအတွင်းမှာ မှီတင်းနေထိုင်ကြတဲ့ တိုင်းရင်းသား ညီအစ်ကိုမောင်နှမအားလုံး  ကျွန်တော်တို့ရဲ့ နှစ်သစ်ကူးမှာ အတူတကွ လာရောက်ပြီး ပျော်ရွင်စွာဆင်နွဲနိုင်ဖို့ ဖိတ်ခေါ်ပါတယ်” ဟု ပြောသည်။

 

ကရင်အမျိုးသား နှစ်သစ်ကူးပွဲတော်ကို အမျိုးဂုဏ်၊ ဇာတိဂုဏ်မြင့်မားရေး၊ ကရင်တိုင်းရင်းသားတို့၏ ဘာသာစကား၊ စာပေနှင့်ယဉ်ကျေးမှု ဓလေ့ထုံးတမ်းများ မပျောက်ပျက်စေရန်နှင့် ပိုမိုထွန်းကားလာစေရေး၊ လူငယ်များအနေဖြင့် ကရင်ရိုးရာ ယဉ်ကျေးမှုများကို မြတ်နိုးထိန်းသိမ်း တတ်လာစေရေးတို့အတွက် နှစ်စဉ်နှစ်တိုင်း ကျင်းပလာခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ်၊ မဟာဆေးဝင်္ဂပါ အာလိန်ငါးဆင့်ကျောင်း၊ ဗဟန်းမြို့နယ် ခြောက်ထပ်ကြီးဘုရား၊ အလုံမြို့နယ်ကရင်ခြံ၊ သာကေတမြို့နယ် တိုင်းရင်းသားကျေးရွာနှင့် လှိုင်သာယာမြို့နယ်တို့တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ပြီး အခြားမြို့နယ်၊ ရပ်ကွက်၊ ကျေးရွာများတွင်လည်း ဒေသအလိုက် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း  ကရင်နှစ်သစ်ကူးပွဲတော် ကျင်းပရေးဗဟိုကော်မတီ (မဟာရန်ကုန်)မှ သတင်းရရှိသည်။

 

စောမျိုးမင်းသိန်း(ပြန်/ဆက်)