ရန်ကုန်တိုင်းဒေသကြီး၏ ရန်ကုန် မြေပုံ အချက်အလက်ဆိုင်ရာ ဆွေးနွေးပွဲပြုလုပ်

ရန်ကုန်  ၂၅  ဇွန်

 

ရန်ကုန်တိုင်းဒေသကြီး၏ ရန်ကုန် မြေပုံရေးဆွဲရေးလုပ်ငန်းကော်မတီမှ ရန်ကုန်မြေပုံ အချက်အလက်ဆိုင်ရာ ဆွေးနွေးပွဲကို ဇွန် ၂၄ ရက် နံနက် ၁၀ နာရီတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး မင်္ဂလာခန်းမ၌ ပြုလုပ်ခဲ့သည်။

 

ဆွေးနွေးပွဲတွင် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ရန်ကုန်မြေပုံ အချက်အလက်ဆိုင်ရာ လုပ်ငန်းစဉ်သည် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ဂျပန်နိုင်ငံ ခရီးစဉ်အတွင်း ဂျပန် ဝန်ကြီးချုပ်နှင် တွေ့ဆုံဆွေးနွေးပြီး ရရှိလာသော အကူအညီ စီမံကိန်း တစ်ခုဖြစ်ကြောင်းနှင့် ယနေ့အလုပ်ရုံဆွေးနွေးပွဲမှရရှိလာမည့် တိုင်းဒေသကြီးဖွံဖြိုးတိုးတက်မှု လုပ်ငန်းစဉ်များကို လက်တွေ့ အကောင်အထည်ဖော်နိုင်ရေးသက်ဆိုင်ရာဌာနဆိုင်ရာများဖြင့် ဆက်လက်ဆွေးနွေး၍ ကြိုးစားဆောင်ရွက်မည်ဖြစ်ကြောင်းပြောကြားသည်။

 

ထို့နောက် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ အတွင်းရေးမှူး ဒေါ်လှိုင်မော်ဦးက ရန်ကုန်မြေပုံရေးဆွဲရေး လုပ်ငန်းစဉ်ကို စီမံချက်ဧရိယာနှစ်မျိုး သတ်မှတ်၍ စကေးနှစ်မျိုးဖြင့် ရေးဆွဲထားပြီး မြေပြင်ကွင်းဆင်းပြီးရရှိလာသော အချက်အလက်များ၊  ချိတ်ဆက်၍မရ ကွဲလွဲနေသော အချက်အလက်များအား အသုံးပြုလိုသော ဌာနဆိုင်ရာအသီးသီးမှ ပေါင်းစပ်၍ အချက်အလက်များကို ဖြည့်သွင်းဆောင်ရွက်နိုင်မည့် နည်းလမ်းများကို ပူးပေါင်းပြင်ဆင်ရန် ယခုလို့ဆွေးနွေးပွဲပြုလုပ်ရခြင်း ဖြစ်ကြောင်းနှင့် လမ်းမတော်၊ လသာ၊ ပန်းဘဲတန်း၊ ကျောက်တံတား၊ ဗိုလ်တထောင်၊ ပုဇွန်တောင်၊ တာမွေ၊ ဒေါပုံ၊ ရန်ကင်း၊ တောင်ဥက္ကလာ၊ ဒဂုံ၊ အလုံ၊ စမ်းချောင်း မြို့နယ်များ၌ လက်ရှိဆောင်ရွက်နေမှု များကို ရှင်းလင်းတင်ပြသည်။

 

ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီး၏ ရန်ကုန်မြေပုံရေးဆွဲရေးလုပ်ငန်းကော်မတီများမှ တာဝန်ရှိသူများက ရန်ကုန်မြေပုံ အချက်အလက်များ ဝေမျှသုံးစွဲခြင်း၊ အချက်အလက်များ စီမံခန့်ခွဲခြင်း၊ အချက်အလက်များလုံခြုံရေးတို့နှင့် စပ်လျဉ်း၍ဆွေးနွေးခဲ့ကြသည်။

 

အနာဂတ်ရန်ကုန်မြို့ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် လိုအပ်သောရန်ကုန်မြေပုံ အချက်အလက်များအား မြေပုံကိုအခြေခံ၍ ရရှိနိုင်ရန် ရန်ကုန်မြေပုံရေးဆွဲရေး စီမံကိန်းကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဂျပန်နိုင်ငံ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA)တို့ပူးပေါင်း၍ ၂၀၁၇ ခုနှစ်  ဒီဇင်ဘာလတွင် စတင်အကောင် အထည်ဖော်ခဲ့ပြီး ၂၀၁၉ ခုနှစ် ဩဂုတ်လတွင် စီမံကိန်းကာလ ပြီးဆုံးကြောင်း သိရသည်။

 

ဆန်းကျော်ဦး (ပြန်/ ဆက်)