ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဖျားနာလူနာ ကုသမှုအခမဲ့ဆေးခန်းများတွင် တီဘီရောဂါ ရှိ၊ မရှိ စစ်ဆေးပေးသွားမည်

ရန်ကုန် ၃ ဇူလိုင်

 

ရန်ကုန်တိုင်းဒေသကြီးအတွင်း ဖွင့်လှစ်ထားသည့် ဖျားနာလူနာကုသမှု အခမဲ့ဆေးခန်း (Fever Clinic) များတွင် တီဘီရောဂါ ရှိ၊ မရှိ စစ်ဆေးပေးခြင်းလုပ်ငန်းကို ဇူလိုင်လဆန်းမှစတင်ပြီး ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း လူထုအခြေပြု ဖျားနာလူနာကုဆေးခန်းများ ကွန်ယက်ရန်ကုန်မှ သိရသည်။

 

ဖျားနာလူနာကုသမှု အခမဲ့ဆေးခန်း (Fever Clinic)  များတွင် တီဘီရောဂါစမ်းသပ်စစ်ဆေးခြင်းကို အမျိုးသားတီဘီရောဂါ တိုက်ဖျက်ရေးစီမံကိန်းအရ တီဘီရောဂါ ရှာဖွေရေးလုပ်ငန်းများ အရှိန်မပျက် ဆောင်ရွက်နိုင်ရန်ရည်ရွယ်ချက်ဖြင့်ကိုဗစ် - ၁၉ ကူးစက်ရောဂါကာကွယ်နိုင်ရန် အတွက်ဖွင့်လှစ်ထားသည့် (Fever Clinic) များနှင့် ပြည်ကြီးခင် လူမှုအဖွဲ့အစည်းတို့ပူးပေါင်းပြီး လာရောက်ပြသသည့် လူနာများတွင် တီဘီရောဂါဖြစ်နိုင်သည့် ရောဂါလက္ခဏာရှိနိုင်သည့် လူနာများကို စမ်းသပ်စစ်ဆေးပေးသွားမည်ဖြစ်သည်။

 

ထိုသို့စစ်ဆေးရာတွင် တီဘီဌာနမှ ဆရာဝန်တစ်ဦး ဓါတ်မှန်ကျွမ်းကျင်တစ်ဦး ဓါတ်မှန်အကူတစ်ဦးတို့ ပါဝင်မည်ဖြစ်သည်။ တီဘီရောဂါတွေ့ရှိပါက သက်ဆိုင်ရာမြိုနယ်ရှိ တီဘီဌာနများသို့ လွှဲပြောင်းဆောင်ရွက်ပေးသွားမည်ဖြစ်သည် ။

 

မြို့နယ်များရှိ Fever Clinic များတွင် တီဘီရောဂါစမ်းသပ်စစ်ဆေးမှု့များကို ပြုလုပ်ရန်အတွက် တနင်္လာနေ့တွင် လှိုင်၊ ကြည်မြင်တိုင်၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်၊ အဂ်ါနေ့တွင် သာကေတ ရွှေပြည်သာမြို့နယ်၊ ဗုဒ္ဓဟူးနေ့တွင်ဒဂုံမြို့သစ် (တောင်ပိုင်း) တာမွေ၊ ရန်ကင်း၊ ကြာသပတေးနေ့တွင်အင်းစိန်၊ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်၊ သောကြာနေ့တွင် မင်္ဂလာတောင်ညွန့်၊ တောင်ဥက္ကလာပ မြို့နယ်၊ စနေနေ့တွင် မရမ်းကုန်း၊ လှိုင်သာယာမြို့နယ်တို့တွင် ရွေ့လျားဓါတ်မှန်စက်ကြီးများဖြင့် တစ်ပြိုင်နက်တည်း တီဘီရောဂါ ရှိ၊ မရှိစစ်ဆေးခြင်းများကို မိုဘိုင်းအဖွဲ့ဖြင့် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

အောင်သူရ