ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အများသုံးသန့်စင်ခန်းများအား အခမဲ့အသုံးပြုခွင့်ပေးနိုင်ရေးအတွက် စိစစ် ဆောင်ရွက်သွားမည်

ရန်ကုန် ၂၃ မတ်

 

 

ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေး (၁၇)ရက်မြောက်နေ့တွင် ပန်းဘဲတန်း မြို့နယ် မဲဆန္ဒနယ်အမှတ်(၁) လွှတ်တော်ကိုယ်စားလှယ် ဦးသန်းနိုင်ဦးက '' ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စေတီပုထိုးများ၊ ဈေးများ၊ ဆေးရုံများနှင့်အများသုံး သန့်စင်ခန်းများ ပိုမိုကောင်းမွန်သပ်ရပ်စွာ တည်ဆောက်ပေးပြီး အခမဲ့သုံးစွဲခွင့်ပြုရန် အစီအစဉ်ရှိ/မရှိ” မေးမြန်းခဲ့ရာ ရန်ကုန်မြို့တော် စည်ပင်သာယာရေးဝန်ကြီး ဦးမောင်မောင်စိုးက ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ စေတီပုထိုးများ၊ ဈေးများ၊ ဆေးရုံများတွင် ပြည်သူများ အသုံးပြုနိုင်ရန်အတွက် အများသုံးသန့်စင်ခန်းများ ထည့်သွင်း တည်ဆောက်ထားရှိကြပါကြောင်း၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ လူစည်ကားသော နေရာများနှင့် လမ်းမကြီးများတွင် လမ်းသွားလမ်းလာ ပြည်သူများအသုံးပြုနိုင်ရန်အတွက် B.O.T လေလံစနစ်ဖြင့် အများ ပြည်သူသုံး အဆင့်မြင့် သန့်စင်ခန်းများကို ဖွင့်လှစ်ထားရှိပြီး သန့်စင်ခန်း အသုံးပြုခကောက်ခံ၍ ဆောင်ရွက်လျက် ရှိပါကြောင်း။

 

 

 

 

ထို့ပြင် ပုဂ္ဂလိကမှ ဖွင့်လှစ်ထားသော Shopping Mall များ၊ Super Market များနှင့် အစိုးရ/ပုဂ္ဂလိက ဆေးရုံများ တွင်လည်း အများသုံး သန့်စင်ခန်းများကို အခမဲ့အသုံးပြုနိုင်ပါကြောင်း၊ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စေတီပုထိုးများ၊ ဈေးများ၊ ဆေးရုံများရှိ အများသုံးသန့်စင်ခန်းများတွင် အချို့အခမဲ့အသုံးပြုခွင့်ပေးပြီး အချို့မှာ ဝင်ကြေးကောက်ခံ၍ အသုံးပြု ခွင့် ပေးထားပါကြောင်း၊ စေတီပုထိုးများ၊ ဈေးများ၊ ဆေးရုံများသည် ၄င်းတို့နှင့် သက်ဆိုင်ရာဝန်ကြီးဌာန၊ အဖွဲ့အစည်းအလိုက် ဆောင်ရွက်လျက်ရှိပြီး သန့်စင်ခန်းအသုံးပြုခ ကောက်ခံခြင်းအား ၄င်းတို့အစီအစဉ်ဖြင့်သာ စီစဉ်ဆောင်ရွက်လျက်ရှိပါ ကြောင်း၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီအနေဖြင့် ကော်မတီကွပ်ကဲမှုအောက်ရှိ ဌာနအလိုက် စခန်းများတွင် ဖွင့်လှစ်ထားသော အများသုံးသန့်စင်ခန်းများကိုသာ တိုက်ရိုက်ကြပ်မတ် ဆောင်ရွက်ရပါကြောင်း။

 

 

 

 

 အဆိုပါ အများသုံးသန့်စင်ခန်း အများစုသည် မြေနေရာအနေထား လုပ်ငန်းသတ်မှတ်ချက်အပေါ် အဆင့်ဆင့်စစ်ဆေး အတည်ပြု၍ လုပ်ငန်းဆောင်ရွက်လိုသူမှ အလုံးစုံရင်းနှီးမြှုပ်နှံမှုဖြင့် ဆောင်ရွက်ခြင်း၊ သန့်စင်ခန်း တည်နေရာ၊ သန့်စင်ခန်းသို့ လူဦးရေ ဝင်ရောက်အသုံးပြုရာတွင် ဝင်ငွေရရှိမှုအပေါ်မူတည်၍ B.O.T စနစ်ဖြင့် ကာလ စိစစ်သတ်မှတ် ခွင့်ပြုပေးခြင်း ဖြစ်ပါကြောင်း၊ သန့်စင်ခန်းများ၏ ဝန်ဆောင်မှုအတွက် တည်ဆောက်မှု ကုန်ကျစရိတ်၊ ပြုပြင်ထိန်းသိမ်းစရိတ်၊ ရေပုပ်စုပ်ခ၊ ဝန်ထမ်းစရိတ်တို့ကို လုပ်ငန်းဆောင်ရွက်သူမှ ကျခံရသဖြင့် အခကြေးငွေဖြင့် ဆောင်ရွက်ရခြင်း ဖြစ်ပါကြောင်း။

 

 

 

အချို့သော B.O.T ကာလ သက်တမ်းပြည့် သန့်စင်ခန်းများအား ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီလေလံသို့ ထည့်သွင်း၍ ဆောင်ရွက်လျက်ရှိပါကြောင်း၊ သို့ဖြစ်ပါ၍ ရန်ကုန်တိုင်းဒေသကြီးအစိုးရ ရန်ကုန်မြို့တော်စည်ပင် သာယာရေး ကော်မတီ ကွပ်ကဲမှုအောက်ရှိ အများပြည်သူသုံး သန့်စင်ခန်းများအား အခမဲ့သုံးစွဲခွင့် ပြုနိုင်ရန်အတွက် ၎င်းသန့်စင်ခန်းများ၏ ပြုပြင်ထိန်းသိမ်းစရိတ်၊ ရေပုပ်စုပ်ခ၊ ဝန်ထမ်းစရိတ်များအား ကျခံဆောင်ရွက်ရမည်ဖြစ်ပြီး ယခုအချိန် ထိ ၎င်းစရိတ်များ အတွက် စိုက်ထုတ်သုံးစွဲနိုင်ခြင်း မရှိပါကြောင်း၊ စည်ပင်သာယာရေးကော်မတီအနေဖြင့် ကော်မတီ၏ဝင်ငွေ တိုးတက်ရရှိ သည့်အခါ မိမိတို့ကွပ်ကဲမှုဖြင့် ဆောင်ရွက်ရသော အများသုံးသန့်စင်ခန်းများအား အခမဲ့အသုံးပြုခွင့် ပေးနိုင်ရေးအတွက် စိစစ်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ လုံခြုံရေးအတွက်ပါ ထည့်သွင်းစဉ်းစားထားပါကြောင်း” ပြန်လည် ဖြေကြားခဲ့သည်။

 

 

 

သတင်းနှင့်ဓာတ်ပုံ-နိုင်လင်းကျော်(ဒလ)