ရန်ကုန်တိုင်းဒေသကြီးအတွင်း အရည်အသွေးပြည့်ဝသည့် ငါးသားပေါက်များ လျာထားချက် ကျော်လွန်ဖြန့်ဖြူးပေးနိုင်ရေးကြိုးပမ်း

နေပြည်တော်၊ မေ ၁၅

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးသည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်၊ လေးဒေါင့်ကန် ကျေးရွာအနီး၊ အမှတ် (၂) လမ်းမကြီးပေါ်ရှိ ငါးလုပ်ငန်းဦးစီးဌာန လေးထောင့်ကန် ငါးလုပ်ငန်းစခန်း၏ ငါးမွေးမြူထုတ်လုပ်ခြင်း နည်းပညာပေးလုပ်ငန်း၊ ငါးမျိုးသားပေါက်များ ထုတ်လုပ်ဖြန့်ဖြူးခြင်းလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးပြီး ငါးလုပ်ငန်းစခန်း၏ လျာထားချက် ပြည့်မီကျော်လွန်အောင်ဆောင်ရွက်နိုင်ရေး၊ ပုဂ္ဂလိက ငါးမွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး နှင့် ကောင်းမွန်သောငါးမွေးမြူရေး (GAqP-ဂျီအေကျူပီ) ကျင့်စဉ် လိုက်နာဆောင်ရွက်မှု တိုးတက်ရေး ဆွေးနွေးမှာကြားသည်။

လေးထောင့်ကန် ငါးလုပ်ငန်းစခန်းမှ ရန်ကုန်တိုင်းဒေသကြီးအတွင်း ငါးသယံဇာတများ ပေါကြွယ်ဝစေရေးအတွက် သဘာဝရေပြင်များတွင် ငါးမျိုးစိုက်ထည့်ပေးနိုင်ရေး၊ ဒေသနှင့် ကိုက်ညီသည့် ပြည်တွင်း ပြည်ပ ငါးမျိုးသစ်များ စမ်းသပ်သားဖောက် ထုတ်လုပ်ဖြန့်ဖြူးပေးခြင်း၊ ငါးမျိုးကောင်းမျိုးသန့်များ ပိုမိုဖြန့်ဖြူးထုတ်လုပ်နိုင်ရန်နှင့် ငါးသားပေါက် မွေးမြူနည်းစနစ်များကို ငါးမွေးမြူသူများထံသို့ ဖြန့်ဖြူးပေးနိုင်ရေးလုပ်ငန်းများကို ဘဏ္ဍာနှစ်အလိုက် တိုးချဲ့ ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

အလားတူ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများသည် ရန်ကုန်တိုင်းဒေသကြီး ကျောက်တန်းမြို့နယ်ရှိ ငါးလုပ်ငန်းဦးစီးဌာန ကျောက်တန်းပုစွန်သားပေါက်စခန်း၏ မြန်မာ့မျိုးရင်း ရေချိုပုစွန် မျိုးကောင်း မျိုးသန့်သားပေါက်များထုတ်လုပ်နေမှုကို ကြည့်ရှုစစ်ဆေးပြီး ဒုတိယဝန်ကြီးက ရေချိုပုစွန် သားဖောက်ခြင်းလုပ်ငန်းကို သက်မှတ်လျာထားကောင်ရေ ပြည့်မှီကျော်လွန်အောင် ထုတ်လုပ်ရန် နှင့် ပုစွန်မွေးတောင်သူများကို နည်းပညာပေးသင်တန်းများ ပို့ချပေးနိုင်ရေး အလေးထား ဆောင်ရွက်သွားကြရန် ဆွေးနွေးမှာကြားသည်။

ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် သီလဝါ ဘက်စုံစိုက်ပျိုးမွေးမြူရေးခြံသို့ ရောက်ရှိရာ တာဝန်ရှိသူက လက်ရှိမွေးမြူထားရှိသည့် ဘဲ၊ ငါး နှင့် ငါးသားပေါက်များ စနစ်တကျ မွေးမြူထားရှိမှု အခြေအနေများနှင့် ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းများကို ရှင်းလင်းတင်ပြသည်။ ယင်းနောက် ဒုတိယဝန်ကြီးက လုပ်ငန်းဆိုင်ရာလိုအပ်ချက်များ ဖြည့်စွက်ဆွေးနွေးမှာကြားပြီး သီလဝါစက်မှုစုံရှိ တိရစ္ဆာန်အစာတွင် ထည့်သွင်းသည့် Han Yoma ဆေးဝါးစက်ရုံ ကို ကြည့်ရှုစစ်ဆေး ကာလိုအပ်ချက်များ ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်