ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမိုးခိုင်ထွန်း အပေါ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်လှစ် အရေးယူ

နေပြည်တော်  ၂၁  ဇွန်  
    

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်၊ ခလောက်ချိုက်ကွင်းကျေးရွာအုပ်စု၊ ကွင်း အမှတ်(၁၅၂)၊ ခလောက်ချိုက်ကွင်း၊ ဦးပိုင်(၈/က)ဧရိယာ ၂၀ ဒသမ ၈၂ဧကကို မြေပိုင်ဆိုင်မှု အငြင်းပွားခဲ့ခြင်းနှင့်ပတ်သက်၍ မြို့နယ်အုပ်ချုပ်ရေးမှူးက ဖွဲ့စည်းသည့် စစ်ဆေးရေးအဖွဲ့ဖြင့် စစ်ဆေးခဲ့ရာတွင် စစ်ဆေးရေးအဖွဲ့၏ ရေးသားချက်များ အမှန်ဖြစ်စေရေးအတွက် ငွေကျပ်သိန်း(၁၂၀) ပေးခဲ့ရခြင်းနှင့် မြို့နယ်အုပ်ချုပ်ရေးမှူး နှင့်အဖွဲ့သည် မှန်မှန်ကန်ကန် ဆောင်ရွက်ပေးခဲ့ခြင်း မရှိသည့်အပြင် အသက် အန္တရာယ်ရှိကြောင်း ခြိမ်းခြောက်ပြောဆိုခြင်းအား အရေးယူပေးပါရန် အဂတိ လိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်သို့တိုင်ကြားခဲ့သည်။    
    

တိုင်ကြားစာအရ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က စုံစမ်းစစ်ဆေး ရေးအဖွဲ့ ဖွဲ့စည်းစစ်ဆေးခဲ့ရာ ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်၊ ခလောက်ချိုက်ကျေးရွာ အုပ်စု၊ ကွင်းအမှတ်(၁၅၂)၊ ဦးပိုင်အမှတ် (၈/က)ရှိလယ်မြေ ဧရိယာ(၂၀ ဒသမ ၈၂)ဧက မြေယာပိုင်ဆိုင်မှု အငြင်းပွားသည့်ကိစ္စတွင် တွံတေးမြို့ နယ် အုပ်ချုပ်ရေးမှူး ဦးမိုးခိုင်ထွန်းသည် နစ်နာသူထံမှ ၂၀၁၈ ခုနှစ် မေ ၁၅  ရက်၌ တိုင်ကြားစာရေးသားပေးရန်အတွက် ငွေကျပ် (၅)သိန်းနှင့် တင်ပြလိုသည့် သက်သေထွက်ဆိုချက်များကို စစ်ဆေးရေးအစီရင်ခံစာတွင် ထပ်မံထည့်သွင်းပေးရန်အတွက် ၂၀၁၈ ခုနှစ် ဇွန် ၂၅ ရက်တွင် ငွေကျပ် သိန်း(၁၂၀) တို့ကို တောင်းခံရယူခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် ရန်ကုန်တိုင်းဒေသကြီး၊ တွံတေး မြို့နယ် အုပ်ချုပ်ရေးမှူး (ပ/၅၃၈၃) ဦးမိုးခိုင်ထွန်း အပေါ် အဂတိလိုက်စား မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၆ အရ ရန်ကုန်တိုင်းဒေသကြီး၊ တွံတေး မြို့မရဲစခန်းတွင် ယနေ့ ရက်စွဲဖြင့် ပထမသတင်းပေး တိုင်ကြားချက်ဖွင့်လှစ်၍ တရားစွဲဆို အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်မှ သတင်းရရှိသည်။ 


(သတင်းစဉ်)