ရန်ကုန်တိုင်းဒေသကြီး သန်လျင်မြို့မင်းကျောင်း ပထမပြန်စာသင်တိုက် ပဓာနနာယကဆရာတော် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တစန္ဒိမာဘိဝံသ၏ မြန်မာနှစ်သစ်ကူး သာရဏီယဩဝါဒကထာ

ကုသိုလ်ကောင်းမှုနေ့စဉ်ပြု

ယနေ့သည် ၁၃၈၅ ခုနှစ်ဟုဆိုအပ်သော နှစ်ဟောင်းကုန်ပျောက်၍ ၁၃၈၆ ခုနှစ်ဟု ဆိုအပ်သော မြန်မာတို့၏နှစ်သစ်ချိန်ခါသို့ ရောက်ရှိသည့် မင်္ဂလာအပေါင်းနှင့် ခညောင်းပြည့်စုံသော နေ့ထူးနေ့မြတ်ဖြစ်ပါသည်။

ယခုလို မင်္ဂလာအပေါင်းခညောင်းပြည့်စုံ ကောင်းမြတ်သည့်ဂုဏ်နှင့် ပြည့်စုံသော နှစ်သစ်မင်္ဂလာချိန်ခါကာလသမယမှစ၍ မြန်မာနိုင်ငံသူ နိုင်ငံသားများနှင့် ကမ္ဘာသူ/ ကမ္ဘာသား အများသူငါ သတ္တဝါအားလုံးတို့သည် ကျရောက်ဆဲ ကျရောက်လတ္တံ့ဖြစ်သော ဘေးဥပဒ်အန္တရာယ် ရန်စွယ်အပေါင်း မကောင်းဟူသမျှကင်းစင်ပ၍ ကောင်းကျိုးအဖြာဖြာ လိုရာဆန္ဒအဝဝတို့ ပြည့်စုံနိုင်ကြပါစေကြောင်း ပတ္ထနာအမှုတောင်းဆုပြုလျက်-

သဗ္ဗေပိ ကုသလာ ဓမ္မာ၊ ခန္တျာယတ္တာဝ ဝတ္တတေ- ဟူသော ဒေသနာနှင့်အညီ တစ်ဦးနှင့်တစ်ဦး၊ တစ်ဖွဲ့ နှင့်တစ်ဖွဲ့၊ တစ်နိုင်ငံနှင့်တစ်နိုင်ငံ အာဃာတတရား ပယ်ခွာရှား၍ သည်းခံခြင်းဟုဆိုအပ်သော ခန္တီတရား လက်ကိုင်ထားပြီး ပစ္စုပ္ပန်၊ တမလွန် နှစ်တန်ပေါင်းဆုံ ဘဝအထိုထို၌ အလိုရှိသည့်အတိုင်း ပြည့်ဝချမ်းသာကောင်းကျိုးအဖြာဖြာကို ရရှိခံစားနိုင်ကြောင်း ဒါနစသားကောင်းမှုကုသိုလ်များကို နေ့စဉ်အမြဲ ကြိုးစားအားထုတ်နိုင်ကြပါစေရန် မေတ္တာရေလောင်း၍ ဆုတောင်းပတ္ထနာပြုအပ်ပါသတည်း။