ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၁၅ /၂၀၂၀) ကြိမ်မြောက် အစည်းအဝေးကျင်းပ

ရန်ကုန် ၂၃ စက်တင်ဘာ

ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၁၅/၂၀၂၀)ကြိမ်မြောက် အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် Video Conferencing ဖြင့် ကျင်းပသည်။

အစည်းအဝေးသို့ ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက အဖွင့်အမှာစကားပြောကြားပြီး ရင်းနှီးမြှုပ်နှံမှုကော်မတီအဖွဲ့ဝင်များ ဖြစ်ကြသည့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးရဲမင်းဦး၊ အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးစိုးစိုးဇော်နှင့် တာဝန်ရှိသူများ၊ သက်ဆိုင်ရာ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းရှင်များက ပါဝင်ဆွေးနွေးကြသည်။

အစည်းအဝေးတွင် တိုင်းဒေသကြီးအတွင်း ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ လွယ်ကူချောမွေ့ရေးဆိုင်ရာ ကိစ္စရပ်များအား ဆွေးနွေးခဲ့ကြပြီး တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီမှ အတည်ပြုမိန့်ရရှိထားသည့် နိုင်ငံခြားရင်းနှီးမြုပ်နှံမှု စက်မှုကဏ္ဍလုပ်ငန်း (၆)ခုကို အတည်ပြုပေးခဲ့သည်။

ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ၏ မတည်ငွေရင်းမှာ အမေရိကန်ဒေါ်လာ ၁၅ ဒသမ ၇၂၇ သန်းဖြစ်ပြီး LED နှင့် Lighting Accessories ထုတ်လုပ်ခြင်း၊ CMP စနစ်ဖြင့် အိတ်၊ အဝတ်အထည် အမျိုးမျိုးထုတ်လုပ်ခြင်း လုပ်ငန်းတို့ဖြစ်ကြောင်း သိရသည်။

ဆန်းကျော်ဦး (ပြန်/ဆက်)