ရန်ကုန်   ဒီဇင်ဘာ ၁၁ 

ရန်ကုန်တိုင်းဒေသကြီး နယ်နိမိတ်အတွင်း မြို့ပြဖိုင်ဘာကွန်ရက် (Metropolitan Fiber Network) Cable တည်ဆောက်ခြင်းလုပ်ငန်းများ၏ တစ်စိတ်တစ်ပိုင်းဖြစ်သည့် မြေပေါ်မြေအောက် ဆက်သွယ်ရေးလုပ်ငန်း (Last Mile) သဘောတူ စာချုပ် ချုပ်ဆိုသည့်အခမ်းအနားကို တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး မင်္ဂလာခန်းမတွင် ဒီဇင်ဘာ ၁၀ ရက်က ကျင်းပရာ ဝန်ကြီးချုပ် ဦးလှစိုးနှင့် တိုင်းဒေသကြီး ဝန်ကြီးများ၊ တိုင်းဒေသကြီး ဆက်သွယ်ရေးကွန်ရက် ကြီးကြပ်မှုကော်မတီဝင်များ ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊  တင်ဒါအောင်မြင်သော ကုမ္ပဏီများမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ ဝန်ကြီးချုပ်က “ရန်ကုန်တိုင်းဒေသကြီး၏ ဆက်သွယ်ရေးလုပ်ငန်းများတွင် လက်ရှိ သွယ်တန်းထားရှိသော ဖိုင်ဘာကြိုးများမှာ ရှုပ်ထွေးနေခြင်း၊ သွယ်တန်းသည့် ကြိုးစများသည် ဖုန်းတိုင်၊ ဓာတ်တိုင်များ၏ အောက်ခြေတွင် စုပုံချည်နှောင်းထားရှိခြင်းတို့ကြောင့် မြို့တော်အင်္ဂါရပ်နှင့် မညီညွတ် ဘဲ အမြင်မတင့်တယ်မှုများ ဖြစ်ပေါ်လျက်ရှိကြောင်း၊ ထို့ကြောင့် ဆက်သွယ်ရေး တာဝါတိုင်များ တည်ဆောက်ခြင်း၊ ဖိုင်တာကြိုးများ သွယ်တန်းခြင်း လုပ်ငန်းများ စနစ်တကျရှိစေရေးနှင့် တရားမဝင် သွယ်တန်းခြင်း၊ စိုက်ထူခြင်းများ မရှိစေရေး ကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်း၊ ရန်ကုန်တိုင်း ဒေသကြီးရှိ မြို့နယ် ၄၄ မြို့နယ်တွင် နေထိုင်သော မြို့နယ်အလိုက် လူဦးရေ၏ မိုဘိုင်းဒေတာ (အင်တာနက်) သုံးစွဲမှုအား အခြေခံ၍ ပညာရှင်များက ခွဲခြားထားသည့် LOT ခြောက်ခုကို BOT စနစ်ဖြင့် ဆောင်ရွက်ရန် ၂၀၁၉  ခုနှစ်က တင်ဒါခေါ်ယူခဲ့ရာ ယှဉ်ပြိုင်ကြသည့်ကုမ္ပဏီ ၃၆ ခုအနက် တင်ဒါစိစစ်ရေးအဖွဲ့က ကုမ္ပဏီ ခြောက်ခုရွေးချယ်ခဲ့ကြောင်း၊ အကြောင်းအမျိုးမျိုးကြောင့် စာချုပ် ချုပ်ဆိုနိုင်ခြင်း မရှိသဖြင့် တိုင်းဒေသကြီး ဥပဒေချုပ်ရုံး၏ အကြံပြုချက် ရယူဆောင်ရွက်ခဲ့ရာ ယနေ့တွင် သဘောတူချုပ်ဆို လက်မှတ်ရေးထိုးနိုင်ပြီဖြစ်ကြောင်းနှင့် လုပ်ငန်းများအား စာချုပ်ပါ စည်း ကမ်းသတ်မှတ်ချက်များအတိုင်း စနစ်တကျ လိုက်နာလုပ်ဆောင်သွားရန်” ပြောကြားသည်။

ထို့နောက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ကိုယ်စား အတွင်းရေးမှူး ဦးစိုးစိုးဇော်နှင့် တင်ဒါအောင်မြင်ခဲ့သော လုပ်ငန်းဆောင်ရွက်မည့် ကုမ္ပဏီ ခြောက်ခုတို့မှ တာဝန်ရှိသူများကသဘောတူလက်မှတ် ရေးထိုးကြသည်။ ယင်းနောက် တိုင်းဒေသကြီး သယံဇာတရေးရာ ဝန်ကြီး ဦးဇော်ဝင်းနှင့် လုပ်ငန်းဆောင်ရွက်မည့် ကုမ္ပဏီများကိုယ်စား ကိုယ်စားလှယ် တစ်ဦးတို့က ကျေးဇူးတင်စကား ပြောကြားခဲ့ကြောင်း သိရသည်။

ဆန်းကျော်ဦး(ပြန်/ဆက်)