ရန်ကုန်တိုင်းဒေသကြီး  မြို့နယ်များနှင့် ရပ်ကွက်အချို့ အချိန်ပိုင်း ဓာတ်အားပြတ်တောက်မည်

ရန်ကုန်   ၂၉  ဇူလိုင်

 

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ  ခရိုင်နှင့် မြို့နယ်များတွင် (၆၆) ကေဗွီ၊ (၃၃)ကေဗွီ ဓာတ်အားခွဲရုံများ၊ Distribution Transformer များ ထိန်းသိမ်းပြုပြင်ခြင်းလုပ်ငန်းများ၊ ရေရှည် ဓာတ်အားတည်ငြိမ် ပြည့်ဝစွာပေးနိုင်ရေးအတွက် ဟောင်းနွမ်း၍ ဝန်အားမနိုင်နင်း တော့သည့် (၁၁) ကေဗွီ ဓာတ်အားလိုင်းကြိုးများအား  လျှပ်ကာပါသော ဓာတ်အားလိုင်းကြိုးအသစ်များဖြင့် လဲလှယ်ခြင်း လုပ်ငန်းများနှင့် ဓာတ်အားပြတ်တောက်မှု လျော့နည်းကျဆင်းစေရေးအတွက် သစ်ပင်သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်း လုပ်ငန်းများကို ဇူလိုင် ၃၀  ရက်(ကြာသာပတေးနေ့)တွင်  နံနက် ၉ နာရီမှ  ၁၂ နာရီအထိ ဆောင်ရွက်မည်ဖြစ်သည်။

 

အဆိုပါ လုပ်ငန်းဆောင်ရွက်စဉ်အတွင်း ရန်ကုန်တိုင်းဒေသကြီး မြောက်ဉက္ကလာပ၊ ရန်ကင်း၊ ပုဇွန်တောင်၊ သင်္ဃန်းကျွန်း၊ မင်္ဂလာတောင်ညွန့်၊ ဗဟန်း၊ ကမာရွတ်၊ မရမ်းကုန်း၊ လှိုင်၊ သုံးခွ၊ ရွှေလင်ပန်း၊ ဖောင်ကြီး၊ ရွှေပြည်သာ၊ မင်္ဂလာဒုံ၊ ထောက်ကြန့်၊ ဒါးပိန်၊ မြောင်းတကာ၊ မှော်ဘီမြို့နယ်များရှိ  ရပ်ကွက်အချို့တို့တွင် အဆိုပါရက်တွင် အချိန်ပိုင်း ဓာတ်အားပြတ်တောက်မှု အနည်းငယ်ရှိနိုင်ကြောင်း သိရသည်။

 

ထို့သို့ လုပ်ငန်းဆောင်ရွက်ရခြင်းသည် ဓာတ်အားပြတ်တောက်မှု လျော့နည်းစေရန်အတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက်ရခြင်း ဖြစ်ပါသဖြင့် ယာယီဓာတ်အားပြတ်တောက်ရခြင်းအတွက် လူမှုရေးအခက်အခဲများ ပေါ်ပေါက်လာနိုင်မှုများအပေါ် နားလည်ခွင့်လွှတ်ပေးပါရန်  ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းမှ အများပြည်သူများထံသို့  လေးစားစွာ အသိပေးပန်ကြားထားကြောင်း သိရသည်။

 

MDN