ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ သန်လျင်မြို့နယ်ရှိ တောင်သူများအား မျိုးစပါးများ အခမဲ့ဖြန့်ဝေပေး

ရန်ကုန် ၁၁ ဇွန် 

 

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ထောက်ပံ့မှုဖြင့် သက်တန့်ရောင်စီမံချက်အရ ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ် တောင်သူများအား မျိုးစပါး အခမဲ့ထောက်ပံ့ဖြန့်ဝေပေးခြင်းကို ဇွန် ၁၁ ရက် နံနက် ၉ နာရီက သန်လျင်မြို့ စိုက်ပျိုးရေးဦးစီးဌာန အာဆီယံ (၃) နိုင်ငံ အရန်ဆန်သိုလှောင်ရုံ၌ ကျင်းပသည်။

 

အခမ်းအနားတွင် သန်လျင်မြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ ဖြစ်ကြသော ဦးနေလင်းအောင်နှင့် ဦးအောင်နိုင်ထွန်းတို့က တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကိုဗစ်-၁၉ ကာလ တောင်သူများ စပါးစိုက်ပျိုးရာတွင် အထောက်အပံ့အဖြစ် မျိုးကောင်းမျိုးသန့် အထွက်နှုန်းကောင်းမျိုးစပါးများ အခမဲ့ဖြန့်ဝေပေးရခြင်းအား ရှင်းလင်းပြောကြားကြပြီး ရန်ကုန်တောင်ပိုင်းခရိုင် စိုက်ပျိုးရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးဆန်းထွန်းဝင်းက တောင်သူမျာအတွက် စိုက်ပျိုးရေးဦးစီးဌာနမှ စပါးစိုက်ပျိုးရေးအတွက် မျိုးစပါး မျိုးကောင်းမျိုးသန့်များရရှိရေး၊ သဘာဝမြေသြဇာရရှိရေး၊ ပိုးသတ်ဆေးများ စနစ်တကျသုံးစွဲတတ်ရေးနှင့် စိုက်ပျိုးနည်းစနစ်များအား တောင်သူများထံ ကွင်းဆင်းဆောင်ရွက်ပေးနေမှုများနှင့် စိုက်ပျိုးရေးနှင့် သက်ဆိုင်သော အကူအညီများအား တောင်သူများအနေဖြင့် အချိန်အခါမရွေး တောင်းခံနိုင်ကြောင်း ရှင်းလင်းပြောကြားသည်။

 

ထို့နောက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ အခမဲ့ထောက်ပံ့ပေးသော မျိုးစပါးများအား သန်လျင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလွင်ကိုလတ်၊ သန်လျင်မြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ ဖြစ်ကြသော ဦးနေလင်းအောင်၊ ဦးအောင်နိုင်ထွန်း၊ ရန်ကုန်တောင်ပိုင်းခရိုင် စိုက်ပျိုးရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးဆန်းထွန်းဝင်း၊ သန်လျင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ကိုထွန်းတို့က တောင်သူများထံ မျိုးစပါးများအား ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

 

အဆိုပါ မျိုးစပါးများအား သန်လျင်မြို့နယ်ရှိ ကျေးရွာပေါင်း (၂၈) ရွာမှ တောင်သူ (၄၈၀) ဦးတို့၏ စိုက်ပျိုးဧက (၂၂၅၄) ဧကအတွက် မျိုးစပါး (၃၃၈၁) တင်းအား အခမဲ့ ဖြန့်ဝေပေးခဲ့ဖြစ်ကြောင်းနှင့် ကိုဗစ်-၁၉ ကာလအလွန်များတွင် စပါးစိုက်ပျိုးထုတ်လုပ်မှုများ လျော့ကျမသွားစေရေးအတွက် ကုစားသည့်အနေဖြင့် အထွက်နှုန်းကောင်း မျိုးသန့်စပါးများအား သက်သန့်ရောင်စီမံချက်ဖြင့် ဖြန့်ဝေပေးခြင်းဖြစ်ကြောင်း သိရသည်။

 

သက်ခိုင် (သန်လျင်)