ရန်ကုန်တိုင်းအတွင်း SME ကဏ္ဍ ဖွံ့ဖြိုးရေးကို အထူးအားပေးဆောင်ရွက်နေဟု ဝန်ကြီးချုပ်ပြောကြား

ရန်ကုန် ၂၁  စက်တင်ဘာ 

 

ရန်ကုန်တိုင်းဒေသကြီး အတွင်း SME ကဏ္ဍ ဖွံ့ဖြိုးရေးကို အထူးအားပေးဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်၏ နှစ်(၁၀ဝ)ပြည့် အထိမ်းအမှတ် အပြည်ပြည်ဆိုင်ရာ ကုန်စည်ပြပွဲတွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းကပြောသည်။

 

ရန်ကုန်တိုင်းဒေသကြီး အတွင်းမှာ SME ကဏ္ဍ ဖွံ့ဖြိုးရေးကိုလည်း အထူးအားပေး ဆောင်ရွက်လျက်ရှိပါတယ်SME ဖွံ့ဖြိုးရေးက နိုင်ငံရဲ့စီးပွားရေး မောင်းနှင်အားတစ်ခုကို တိုးတက်လာစေဖို့အတွက် ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ထုတ်ကုန် ပစ္စည်းတွေထဲက SME ကဏ္ဍ နယ်ပယ် အသီးသီးက အောင်မြင်နေသည့် ကုန်စည်တွေကို မြင်တွေ့ရမှာဖြစ်ပါတယ်။ နိုင်ငံတကာ အသီးသီးကနေပြီး ရန်ကုန်မြို့မှာ ကြီးမား ကျယ်ပြန့်သည့် ပြပွဲကြီးတွေဖြစ်ဖို့အတွက် မိမိတို့ တိုင်းဒေသကြီးအစိုးရအဖွဲ့အနေနဲ့ ကုန်သည်ကြီးများ အသင်းနဲ့ပူးပေါင်းပြီး ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမှာ ဖြစ်ပါတယ်ဟု ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းကပြောသည်။

 

ရန်ကုန်တိုင်းဒေသကြီးမှာ စက်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး၊ စိုက်ပျိုးမွေးမြူရေး ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး ကဏ္ဍနယ်ပယ်များကို အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက် နေတာရှိကြောင်း၊ တစ်ဖက်မှာ ငွေရေးကြေးရေး ကဏ္ဍနယ်ပယ် ပိုမို ဖွံ့ဖြိုးတိုးတက် လာစေရေးနှင့် ဝန်ဆောင်မှုကောင်းများကို ဆောင်ရွက်ပေးနိုင်ဖို့ မိမိတို့ကြိုးပမ်း ဆောင်ရွက်နေကြောင်း၊ ကဏ္ဍနယ်ပယ် အသီးသီးမှာ ပါဝင်ဆောင်ရွက်နေသူများကိုလည်း တိုင်းဒေသကြီးအစိုးရမှ အားပေးကူညီဖို့ အတွက် ကြိုးစားဆောင်ရွက်နေကြောင်း ဝန်ကြီးချုပ်ကပြောသည်။

 

အဆိုပါ နှစ်(၁၀ဝ)ပြည့် အထိမ်းအမှတ် ကုန်စည်ပြပွဲတွင် နိုင်ငံတကာမှ ကုန်ပစ္စည်းများနှင့် မြန်မာနိုင်ငံရှိ ပြည်နယ်နှင့်တိုင်းများမှ ဒေသထွက်ကုန်၊ ထုတ်ကုန်ပစ္စည်းများဖြင့် ပြခန်းပေါင်း (၂၃၅)ခန်းအား ခင်းကျင်းပြသ သွားမှာဖြစ်ပြီး ယင်းပြပွဲကို စက်တင်ဘာလ ၂၀ ရက်မှ ၂၂ ရက်အထိ သုံးရက်တိုင်တိုင် နံနက် ၉ နာရီခွဲမှ ညနေ ၅ နာရီခွဲအထိ Fortune Plaza (Myanmar Expo) တွင် ကျင်းပသွားမှာ ဖြစ်ကြောင်း သိရသည်။

 

သူရိန်ကျော်