ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ ပြင်ပလူနာဌာန(တိုးချဲ့) လသာ အ.ထ.က(၂)၌ ယာယီဖွင့်လှစ်

ရန်ကုန် ၂၈ ဧပြီ

 

လတ်တလောဖြစ်ပွားနေသော ကိုရိုနာဗိုင်းရပ်စ် (COVID-19) ရောဂါကြောင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ ပြင်ပလူနာဌာန(တိုးချဲ့)ကို ဧပြီ ၁၀ ရက်က ပိတ်ထားခဲ့ပြီး ဧပြီ ၂၀ ရက်မှစတင်၍ လသာ အ.ထ.က(၂)၌ ယာယီဖွင့်လှစ်ခဲ့ရာ ရန်ကုန်တိုင်းဒေသကြီး လူမှုကူညီရေအဖွဲ့(ရန်ကုန်) YRO က ကူညီ‌ဆောင်ရွက်‌ပေးလျက်ရှိကြာင်း သိရသည်။

 

အဆိုပါ ပြင်ပလူနာဌာန(တိုးချဲ့) ပြန်လည်ဖွင့်လှစ်ရာတွင် ရက်ချိန်းပြည့် ပြန်လည်ပြသရန် လာရောက်သော ပြည်သူများအား အခက်အခဲမရှိစေရန် ရန်ကုန်တိုင်းဒေသကြီး လူမှုကူညီရေအဖွဲ့ Special Rescue Team မှ‌ စေတနာ့၀န်ထမ်းများက ကူညီ‌ဆောင်ရွက်‌ပေးလျက်ရှိ‌ကြောင်း သိရသည်။

 

“ကျွန်တော်တို့ ပြင်ပလူနာဌာန(တိုးချဲ့)ကို လာရောက်ပြသတဲ့ ပြည်သူများကို ကိုယ်အပူချိန် တိုင်းတာစစ်ဆေးခြင်း၊ ဘီးတပ်ကုလားထိုင်များ (wheel chair) များဖြင့် တင်ဆောင်ခေါ်ယူ ရွှေ့ပြောင်းပေးခြင်း၊ လမ်းညွှန်ပြသပေးခြင်းနဲ့ ပြည်သူများရဲ့ ကျန်းမာရေး လိုအပ်ချက်များကို ဖြည့်စွမ်းပေးလျက်ရှိပါတယ်"ဟု ရန်ကုန်တိုင်းဒေသကြီး လူမှုကူညီကယ်ဆယ်ရေးအဖွဲ့(ရန်ကုန်) YRO ဒုတိယဥက္ကဋ္ဌ ဦးမိုးငြိမ်းက‌ ပြောသည်။

 

ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ ပြင်ပလူနာဌာန(တိုးချဲ့) အ.ထ.က(၂) လသာ၌ ယာယီဖွင့်လှစ်နေသည့် ကာလာတစ်လျောက် Special Rescue Team မှ အလှည့်ကျ စေတနာ့၀န်ထမ်းများက ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

COVID-19 ရောဂါအတွက် ကူညီ‌ဆောင်ရွက်‌ပေးနေသည့် ရန်ကုန်တိုင်းဒေသကြီး လူမှုကူညီရေအဖွဲ့ Special Rescue Team ကွပ်ကဲ‌ရေးစခန်းကို တာမွေ အ.ထ.က(၁)တွင် ဖွင့်လှစ်ထားပြီး စေတနာ့၀န်ထမ်း ၁၀၀ ကျော်ဖြင့် ၂၄ နာရီ ကူညီ‌ဆောင်ရွက်‌ပေးလျက်ရှိ‌ကြောင်း သိရသည်။

 

အာကာစိုး