ရန်ကုန်(ပန်းဆိုးတန်း-ဒလ) သင်္ဘောဆိပ်ကမ်း၌ ခရီးသည်များလာခြင်းကြောင့် ခရီးစဉ် ၂၂ခေါက်နှုန်းဖြင့် ပြန်လည်ပြေးဆွဲ

ရန်ကုန်  ၆  နိုဝင်ဘာ

ရန်ကုန်(ပန်းဆိုးတန်း/ဒလ) သင်္ဘောဆိပ်ကမ်း၌  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် နေအိမ်တွင် နေထိုင်ရေး ကြေညာထားသည့် အချိန်ကာလအတွင်း  သင်္ဘောခရီးစဉ်များကို အသွား ၁၆ ခေါက်၊ အပြန် ၁၆ ခေါက်နှုန်းဖြင့် ပြေးဆွဲခဲ့ရာမှ  လက်ရှိအချိန်တွင် လုပ်ငန်းခွင်များသို့ အသီးသီး သွားရောက် အလုပ်လုပ်ကိုင်ကြသည့် ခရီးသည်များ စီးနင်းလိုက်ပါမှု များပြားလာခြင်းကြောင့်  ခရီးသည်များ သွားလာမှုအဆင်ပြေစေရေးအတွက် သင်္ဘောခရီးစဉ်များကို အသွား ၂၂ ခေါက်၊ အပြန် ၂၂ ခေါက်နှုန်းဖြင့် နိုဝင်ဘာ ၅ ရက်နေ့တွင် စတင်ပြီး ပြေးဆွဲပေးလျက်ရှိကြောင်း ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး မြစ်ဝကျွန်းပေါ်ဌာနခွဲမှ သိရသည်။

 

ပန်းဆိုးတန်း-ဒလ ခရီးသည်သွားလာမှုနှင့် ခရီးစဉ်ပြေးဆွဲမှု အခြေအနေနဲ့ ပတ်သက်ပြီး ဒလသင်္ဘောဆိပ်ကမ်း လက်မှတ်ရုံ မန်နေဂျာ ဒေါ်ဇင်မျိုးဟန်က  “ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေတဲ့ ကာလမှာ မိမိနေအိမ်မှာ နေထိုင်ကြဖို့ ညွှန်ကြားထားတဲ့ အချိန်က ခရီးသည်သွားလာမှု နည်းပါးခဲ့တယ်၊  သီတင်းကျွတ် ရုံးပိတ်ရက်တွေ ကုန်ဆုံးသွားပြီး ဖြစ်တဲ့အတွက်ကြောင့် အစိုးရဝန်ထမ်းတွေ၊ ပုဂ္ဂလိက ဝန်ထမ်းတွေနဲ့ အထွေထွေလုပ်သားတွေ ပြန်လည်ပြီးတော့ အလုပ်တာဝန်တွေ ထမ်းဆောင်ကျတဲ့ အတွက် ခရီးသည်သွားလာမှုက ပြန်ပြီးများလာတာပါ၊ သင်္ဘောခရီးစဉ်အနေနဲ့ ကိုဗစ်ကာလမှာ ခရီးသည်သွားလာမှု နည်းတဲ့အတွက်ကြောင့် ခရီးစဉ် ၁၆ ခေါက်နဲ့ ပြေးဆွဲပေးပါတယ်၊  သီတင်းကျွတ် မတိုင်မီ အချိန်မှာ ခရီးသည်သွားလာမှု များလာတဲ့အတွက်ကြောင့်  ၁၈ ခေါက်နဲ့ တိုးပြီးပြေးဆွဲခဲ့တယ်၊  နိုဝင်ဘာ ၅ ရက်နေ့ကစပြီး ခရီးသည်များ အဆင်ပြေစေရေးအတွက် သင်္ဘောခရီးစဉ်ကို  အသွား ၂၂ ခေါက်၊ အပြန် ၂၂ ခေါက်နှုန်းနဲ့ ပြေးဆွဲခဲ့ပါတယ် ” ဟု ပြောကြားခဲ့သည်။

 

 ရန်ကုန်(ပန်းဆိုး

 

သီတင်းကျွတ်ပိတ်ရက် မတိုင်မီ အောက်တိုဘာ ၂၆ ရက်နေ့မှ စတင်ပြီး ယနေ့အချိန်ထိ အထွေထွေ လုပ်သားပြည်သူများ၊ အစိုးရဝန်ထမ်းများနှင့် ပုဂ္ဂလိကဝန်ထမ်း တဖြည်းဖြည်း သွားလာမှုများလာခြင်း ကြောင့် လက်ရှိအချိန်၌ သင်္ဘောခရီးစဉ်များကို ခေါက်ရေတိုးချဲ့ပြေးဆွဲခြင်းဖြစ်ပြီး၊ ခရီးသည်သွားလာမှု  အခြေအနေ ပေါ်မူတည်၍ အဆင်ပြေစေရေးအတွက် ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း သိရသည်။ 

 

အဆိုပါ သင်္ဘောဆိပ်ကမ်း၌ ခရီးသည်သွားလာမှုအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကာလအတွင်း ခရီးသည်သွားလာမှုမှာ အသွား ၇၀၀၊ အပြန် ၇၀၀ ဝန်းကျင်သာရှိပြီး၊ အောက်တိုဘာလ ၂၆ ရက်နေ့မှစ၍  သီတင်းကျွတ်ရုံး ပိတ်ရက်များ ကုန်ဆုံးပြီးနောက် ခရီးသည်သွားလာမှု များပြားလာခဲ့ရာ  ဒလဘက်ကမ်းမှ နေ့စဉ် ခရီးသည် ၃၀၀၀ ဝန်းကျင်နှင့်  ရန်ကုန်(ပန်းဆိုးတန်း) ဆိပ်ကမ်းမှ နေ့စဉ် ခရီးသည် ၃၀၀၀ ဝန်းကျင်၊ အသွားအပြန် ခရီးသည် စုစုပေါင်း  ၆၀၀၀ ကျော်ခန့် သွားလာကြကြောင်း သိရသည်။

 

ကိုဗစ်-၁၉ ရောဂါ မဖြစ်ပွားမီကာလများက အဆိုပါ ဆိပ်ကမ်း၌  ချယ်ရီရေယာဉ် သင်္ဘော (၃)စီးဖြင့် အသွား ၄၆ ခေါက်၊ အပြန် ၄၆ ခေါက်နှုန်းဖြင့် နေ့စဉ် ခရီးသည် ၃၀၀၀၀ နီးပါးခန့်ကို ကူးတို့ပို့ဆောင်ပေးလျက်ရှိသော ဆိပ်ကမ်းတစ်ခုဖြစ်သည်။

သတင်းနှင့်ဓာတ်ပုံ-နိုင်လင်းကျော်(ဒလ)

 

 ရန်ကုန်(ပန်းဆိုးတန်း-ဒလ)