ရန်ကုန်မြို့တော်ဝန်နှင့် ဝန်ကြီးများ ပထမအကြိမ် မြန်မာ့နွားသိုးအလှ၊ နို့စားနွား၊ အသားစားနွားနှင့် သိုး/ဆိတ်ပြိုင်ပွဲ တက်ရောက်

ရန်ကုန် ဇန်နဝါရီ ၂

 

ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး၊ ရန်ကုန်မြို့တော်ဝန် ဦးဗိုလ်ဌေး၊ ဥပဒေချုပ် ဦးဌေးအောင်၊ စီးပွားရေးရာဝန်ကြီး ဦးအောင်သန်းဦးနှင့် သယံဇာတရေးရာဝန်ကြီး ဦးဇော်ဝင်းတို့သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် မင်္ဂလာဒုံမြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ ပျဉ်းမပင်မွေးမြူရေးခြံများ နယ်မြေအတွင်း ပထမအကြိမ် မြန်မာ့နွားသိုးအလှ၊ နို့စားနွား၊ အသားစားနွားနှင့် သိုး/ဆိတ် ပြပွဲပြိုင်ပွဲကို တက်ရောက်အားပေးသည်။

 

ရှေးဦးစွာ ရန်ကုန်မြို့တော်ဝန်၊ စီးပွားရေးရာဝန်ကြီးနှင့် ရန်ကုန်တိုင်းဒေသကြီး မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူးတို့က အခမ်းအနားကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပြီး စီးပွားရေးရာဝန်ကြီး ဦးအောင်သန်းဦး က အဖွင့်အမှာစကား ပြောကြားရာတွင် “ ရန်ကုန်တိုင်း ဒေသကြီးအတွင်း လယ်ယာစိုက်ပျိုးရေးလုပ်ငန်းအပြင် မွေးမြူရေးလုပ်ငန်းလည်း လုပ်ကိုင်ကြပြီး နို့စားနွားမွေးမြူရေးလုပ်ငန်းသည် အောင်မြင်ဖြစ်ထွန်းလျက်ရှိပါကြောင်း၊ ယခုကဲ့သို့ ပြပွဲပြိုင်ပွဲ ပြုလုပ်ပေးခြင်းဖြင့် မွေးမြူရေးသမားအချင်းချင်း အပြန်အလှန်ဆက်သွယ်မှု ကွန်ယက်ကျယ်ပြန့်လာကာ မွေးမြူရေးနည်းပညာများ ဖလှယ်နိုင်မည့်အပြင် ပြိုင်ပွဲဝင်တိရစ္ဆာန်များ၏ တန်ဖိုး၊ အမူအကျင့်များကို လေ့လာနိုင်မည် ဖြစ်ပါကြောင်းနှင့် မွေးမြူရေး ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် အရည်အသွေးမြင့်ပြီး ထုတ်လုပ်မှုကောင်းမွန်သော ဒေသနွား၊ နို့စားနွားနှင့် သိုး/ဆိတ်မျိုးများကို မွေးမြူကြရန်၊ ပညာရှင်များ၏ လမ်းညွှန်မှုဖြင့် ရောဂါကင်းပြီး ထုတ်လုပ်မှုကောင်းအောင် ကြိုးစားလုပ်ဆောင်ကြရန် တိုက်တွန်းပါကြောင်း” ပြောကြားသည်။

 

ဆက်လက်၍ မြို့တော်ဝန်၊ ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် သိပ္ပံနည်းကျအသား၊ နို့၊ နို့ထွက်ပစ္စည်းနှင့် တိရစ္ဆာန် အစားအစာ ထုတ်လုပ်ဖြန့်ဖြူးမှုပြခန်း၊ ပြကွက်များနှင့် ပြိုင်ပွဲဝင် နွားသိုးအလှ၊ နို့စားနွား၊ အသားတိုးနွားနှင့် သိုး/ဆိတ်များ စစ်ဆေး အကဲဖြတ်နေမှုများကို လှည့်လည်ကြည့်ရှုသည်။

 

ထိုမှတဆင့် မြို့တော်ဝန်သည် မင်္ဂလာဒုံမြို့နယ်၊ ခရေပင်လမ်းရှိ တပ်မတော်ဆေး တက္ကသိုလ်နှင့် အမှတ် (၁) တပ်မတော်ဆေးရုံကြီးအကြား မင်္ဂလာကန် စိမ်းလန်းစိုပြည်ရေးနှင့် သန့်ရှင်းသာယာရေးလုပ်ငန်းဆောင်ရွက်နေမှု၊ အင်းစိန်မြို့နယ် ပုလဲလမ်းတစ်လျှောက် ရေစီးရေလာ ကောင်းမွန်စေရေးအတွက် အရှည်ပေ ၈၀၀ ၊ အကျယ် ၄ ပေ၊ အနက် ၅ ပေရှိ အုတ် ရေမြောင်း တည်ဆောက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးခဲ့သည်။

 

သတင်းစဉ်