ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၏ မလိုအပ်သော ကန့်သတ်ချက်များကို ဖျက်သိမ်းနေပြီဖြစ်ကြောင်း ဦးမောင်မောင်စိုးပြောကြား

ရန်ကုန် ၄ မေ

 

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၏ မလိုအပ်သော ကန့်သတ်ချက်များကို ဖျက်သိမ်းနေပြီ ဖြစ်တယ်လို့ ရန်ကုန်မြို့နယ် စည်ပင်သာယာရေးဝန်ကြီး ဦးမောင်မောင်စိုးက ပြောသည်။

 

ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေး (၂၃)ရက်မြောက်နေ့ကို ယနေ့တွင် ကျင်းပခဲ့ပြီး မင်္ဂလာတောင်ညွှန့်မြို့နယ် မဲဆန္ဒနယ် အမှတ်(၁)မှ ဦးလှဌေး မေးမြန်းသည့် ''၂ဝ၁၇-၂ဝ၁၈ ခု၊ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်း ဘတ်ဂျက်အရ မင်္ဂလာတောင်ညွန့်မြို့နယ်အတွင်း သန့်ရှင်းရေး ဝန်ထမ်းအိမ်ရာ တွင် အကောင်အထည် မဖော်နိုင်ခဲ့သော လုပ်ငန်း(၅)ခုအား မည်ကဲ့သို့ ဆောင်ရွက်မည်ကို သိရှိလိုကြောင်းနှင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၏ မလိုအပ်သော ကန့်သတ်ချက်များကို ဖျက်သိမ်းပေးရန် အစီအစဉ် ရှိ၊ မရှိ မေးမြန်းမှုကို ဦးမောင်မောင်စိုးမှ အထက်ပါအတိုင်း ဖြေကြားခဲ့ခြင်း ဖြစ်သည်။

 

“သန့်ရှင်းရေး ဝန်ထမ်းအိမ်ရာ၌ (၄)ခန်းတွဲ အုတ်သန့်စင်ခန်း (၂)လုံး (၁၀ဝ%) ၊ မီးဖိုဆောင် (၁)လုံး (၁၀ဝ%)၊ အုတ်ရေကန်(၂)လုံး (၁၀ဝ%)၊ စတိုရုံး အဆောက်အဦ (၁၀ဝ%) ၊ စတိုနှင့် လမ်းတံတားဝင်း ခြံစည်းရိုးကာရံခြင်း (၉၀%) ဆောင်ရွက်ပြီးစီးပြီး ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်တွင် အပြီးသတ် ဆောင်ရွက်ခဲ့ပြီး ဖြစ်ကြောင်း၊ မေးခွန်း(၂)နှင့် စပ်လျဉ်း၍ အစီအစဉ်ရှိပါကြောင်း၊ အထူးသဖြင့် အုတ်များတွင် အရည်အသွေး ကွာပါကြောင်း၊ တည်ဆောက်ရေးတွင် အုတ်မကောင်းလျင် တည်ဆောက်မှု ခိုင်မြဲမှု မရှိပါကြောင်း၊ မြို့တော် တည်ဆောက်ရေး လုပ်ငန်းများတွင် မှော်ဘီအုတ်ဖြင့် အသုံးပြုပါကြောင်း၊ မရခဲ့လျင် သက်ဆိုင်ရာကော်မတီသို့ တင်ပြပြီး အပြင်ကို ဝယ်ယူခွင့်ပြုကြောင်းနှင့် ပြင်ပမှ ဝယ်ယူ၍ လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် လိုအပ်သော ကန့်သတ်ချက်များရှိပါကြောင်း၊ မလိုအပ်သော ကန့်သတ်ချက်များကို ဖျက်သိမ်းနေပြီ ဖြစ်ပါကြောင်း ” စည်ပင်သာယာရေးဝန်ကြီး ဦးမောင်မောင်စိုးမှ ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။

 

MDN