အာကာဟိန်း
ရန်ကုန်မြို့ နေရာတော်တော်များများမှာ ရှော့ပင်းမောတွေ၊ စူပါမားကတ်တွေနဲ့ မီနီမားကတ်တွေ အပြိုင်အဆိုင် ထွက်ပေါ်နေတာ တွေ့ရပါတယ်။ အသစ်ထွက်ပေါ်နေတဲ့ ရှော့ပင်းမောတွေရော၊ စူပါမားကတ်အဟောင်းတွေအပြင် ဈေးရောင်း အဆောက်အအုံတွေမှာ ပြည်သူတွေကတော့ စိတ်တိုင်းကျအားပေး ဝယ်ယူနေကြတာမို့ ပြည်သူတွေနဲ့ စူပါမားကတ်တွေဟာ တဖြည်းဖြည်းအသားကျလာပါတယ်။ ဒါပေမယ့် ရန်ကုန်မြို့နေ ပြည်သူတွေအတွက်ရော၊ အခြား တိုင်းဒေသကြီး ပြည်နယ် တွေမှာရှိတဲ့ ဈေးရောင်းဈေးဝယ်တွေအတွက် လက်လီလက်ကား ဈေးကြီးတွေ လိုအပ်နေသေးတာမို့ အဆင့်မြင့်ဈေးကြီး တစ်ဈေး ထွက်ပေါ်လာဖို့ရှိနေပါတယ်။ ဒါကတော့ ရန်ကုန်မြို့မှာ တည်ဆောက်နေတဲ့ နိုင်ငံတကာအဆင့်မီ အဆင့်မြင့် မင်္ဂလာဈေးပဲ ဖြစ်ပါတယ်။
၂၀၁၆ ခုနှစ်က မီးလောင်သွားခဲ့တဲ့ မင်္ဂလာဈေးနေရာဖြစ်တဲ့ ရန်ကုန်မြို့ ဗညားဒလလမ်းနဲ့ စက်ရုံလမ်းထောင့်မှာ တည်ဆောက် နေတာဖြစ်ပြီး နိုင်ငံတကာအဆင့်မီ လက်လီလက်ကား ဈေးကြီးအဖြစ် လာမယ့် ၂၀၂၁ ခုနှစ်မှာ ဖွင့်လှစ်နိုင်ဖို့ မျှော်မှန်း ဆောက်လုပ်နေခြင်း ဖြစ်ပါတယ်၊ ဒီဈေးသစ်ဟာ ရန်ကုန်မြို့နေ ပြည်သူတွေအတွက် အဝတ်အထည်နဲ့ လူသုံးကုန်ပစ္စည်းတွေ အဓိက ဖြန့်ဖြူးရောင်းချရာ ဈေးကြီးတစ်ဈေးအဖြစ် ထွက်ပေါ်လာဖို့ ရှိနေပါတယ်။
နိုင်ငံတကာအဆင့်မီ မင်္ဂလာဈေးမှာတော့ ဆိုင်ခန်းပေါင်း ၅၀၀၀ ကျော် ပါဝင်မှာဖြစ်ပြီး basement နှစ်လွှာအပါအဝင် အထပ်ပေါင်း ၁၇ ထပ် ပါဝင်တည်ဆောက်သွားမှာ ဖြစ်ပါတယ်။ အဲဒီ ဈေးသစ်အဆောက်အအုံမှာ ဆိုင်ခန်းတွေ၊ ကားပါကင်တွေ၊ ရုပ်ရှင်ရုံတွေ၊ စားသောက်ဆိုင်တွေစတဲ့ ဝန်ဆောင်မှုပေးနိုင် တဲ့ လုပ်ငန်းတွေပါ ထည့်သွင်းသွားမှာ ဖြစ်ပါတယ်။
''ဒီမင်္ဂလာဈေးသစ်ကို ပြန်လည်တည် ဆောက်ပြီး ဈေးသူဈေးသားတွေ အမြန်ဆုံး ပြန်လည်ရောင်းချနိုင်ဖို့ ဆောင်ရွက်ပေးသွား မှာ ဖြစ်ပါတယ်"လို့ ၂၀၁၈ ခုနှစ် မေလ ၃ ရက် က ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက အုတ်မြစ်ချ အခမ်းအနားမှာ ပြောကြားခဲ့ပါတယ်။ မင်္ဂလာဈေးသစ်တည်ဆောက်ရေး လုပ်ငန်းတွေကို သတ်မှတ်အချိန်အတွင်း ပြီးစီးဖို့ ဆန်းမြတ်ထွန်းကုမ္ပဏီ က တည်ဆောက်နေခြင်း ဖြစ်ပါတယ်။
အရည်အသွေး ပြည့်မီခိုင်ခံ့တဲ့ ဈေးကြီး
နိုင်ငံတကာအဆင့်မီ ဈေးသစ်ကြီးအဖြစ် ထွက်ပေါ်လာအောင် ဆောက်လုပ်ရေးလုပ်ငန်းတွေ၊ သတ်မှတ်ထားတဲ့ စံချိန်စံညွှန်း တွေ ပြည့်မီအောင် ကျွမ်းကျင်သူပညာရှင်တွေနဲ့ ကြီးကြပ်တည်ဆောက်နေခြင်းဖြစ်လို့ ဆန်းသစ်တဲ့ ဒီဇိုင်းနဲ့ အရည်အသွေး ပြည့်မီခိုင်ခံ့တဲ့ ဈေးကြီးအဖြစ် ပေါ်ပေါက်လာမှာ ဖြစ်ပါတယ်။
၂၀၁၆ ခုနှစ် ဇန်နဝါရီ ၉ ရက်က မီးလောင် သွားခဲ့တဲ့ မင်္ဂလာဈေးနေရာမှာ အသစ်ထွက် ပေါ်လာမယ့် နိုင်ငံတကာအဆင့်မီ ဈေးသစ်ကြီးမှာ ယခင်က ဈေးအတွင်းရောင်းချခဲ့တဲ့ ဈေးသူ ဈေးသား ၄၀၀၀ ခန့်ကို နေရာပြန်ချပေးမှာ ဖြစ်ပါတယ်။ ငါးပေ ပတ်လည်ရှိတဲ့ ဆိုင်ခန်းတွေကို ပြန်ချပေးမှာမို့ မူလဈေးသူဈေးသားတွေ ရောင်းရေးဝယ်ရေး အဆင်ပြေမယ့် အခြေအနေ ရှိပါတယ်။
ဈေးကို ပြန်လည်တည်ဆောက်တဲ့အခါ ဆိုင်ခန်းပေါင်း ၁၀၀၀ ကျော်ကို ထပ်မံတိုးချဲ့ တည်ဆောက်သွားမှာဖြစ်တဲ့အပြင် ပစ္စည်း တွေ သိုလှောင်နိုင်ဖို့အတွက် အပူချိန် ထိန်းညှိပေးတဲ့ သိုလှောင်ရုံငယ်တွေကိုလည်း ထည့်သွင်းတည်ဆောက်ပေးသွားမယ်လို့ သိရပါတယ်။
ဒီလိုတည်ဆောက်တဲ့အခါ လေအေးစက်တွေ၊ လျှပ်စစ်မပြတ်တောက်ဖို့ ဂျင်နရေတာတွေ၊ ကိုယ်ပိုင်မီတာတွေ ဖြည့်ဆည်း တပ်ဆင်ပေးမှာ ဖြစ်ပါတယ်။ ယခင်ဈေးသူဈေးသားတွေကို မြေညီမှ လေးလွှာအထိ ငါးပေပတ်လည် ဆိုင်ခန်းများ ဖြန့်ချပေး မှာဖြစ်ပြီး အဲဒီမှာ ငါးပေကျယ်တဲ့ လျှောက်လမ်းလည်းပါရှိမှာ ဖြစ်ပါတယ်။
ကားအစီးရေ ၃၅၀ ရပ်နားနိုင်တဲ့ ပါကင်
ဒါ့အပြင် ပြန်လည်တည်ဆောက်နေတဲ့ နိုင်ငံတကာအဆင့်မီဈေးသစ်ရဲ့ Basement နှစ်ထပ်မှာ ကားအစီးရေ ၄၀၀ ရပ်နားနိုင် တဲ့ ကားပါကင်လည်း ပါဝင်မှာဖြစ်ပါတယ်။ နောက်ထပ်လည်း ဈေးသစ်ရဲ့ ခြောက်ထပ်မှာ ကားအစီးရေ ၃၅၀ ရပ်နားနိုင်တဲ့ ကားပါကင် တစ်ခုလည်း ထည့်သွင်းတည်ဆောက်ထားပါတယ်။ အလွှာတွေမှာလည်း ပစ္စည်းအတင်အချ ပြုလုပ်ပေးနိုင်ဖို့ ကားပါကင်များလည်း ထည့်သွင်းပေးထားတာမို့ ဈေးဝယ်သူ၊ ရောင်းသူတွေအတွက် အဆင်ပြေစေမှာ ဖြစ်ပါတယ်။
ဓာတ်လှေကား ၂၁ စင်း တပ်ဆင်ထားမှာဖြစ်
နောက်ထပ်လည်း ဈေးသူဈေးသားတွေအတွက် ကုန်ပစ္စည်းအတင်အချ ပြုလုပ်နိုင်တဲ့ ဧရိယာမှာ ပစ္စည်းတွေ ထုပ်ပိုးနိုင်ရေး အတွက် နေရာဖန်တီးပေးထားသလို လက်တွန်းလှည်းတွေ ထားဖို့နေရာတွေလည်း ထားရှိပေးထားမှာ ဖြစ်ပါတယ်။ အခု တည်ဆောက်နေတဲ့ မင်္ဂလာဈေးသစ်မှာ လူစီးဓာတ်လှေကား ၂၁ စင်း တပ်ဆင်ထားမှာဖြစ်လို့ အပေါ်ထပ် အောက်ထပ်တွေကို ဆင်းတက်ရတဲ့ အခက်အခဲကို အဆင်ပြေစေမှာ ဖြစ်ပါတယ်။
ဈေးသစ်ရဲ့ မြေညီထပ်မှာတော့ ဘဏ်တွေ၊ စူပါမတ်ကတ်တွေ၊ အဆင့်မြင့်စားသောက်ဆိုင်တွေ ပါဝင်မှာမို့ ဈေးသူဈေးသား တွေရော ဈေးဝယ်သူတွေအပြင် လာရောက်လေ့လာသူတွေ၊ ငွေသွင်းငွေထုတ် လာရောက်သူတွေ အတွက်ပါ စားသောက် နားနေနိုင်မှာ ဖြစ်ပါ တယ်။
အလွှာလိုက် စနစ်တကျစုဖွဲ့တည်ဆောက်
ဒီလို အဆင့်မြင့်ဈေးသစ်ကြီး တည်ဆောက်တဲ့နေရာမှာ ငါးလွှာမှာ ဆေးနဲ့ပစ္စည်း အမျိုးမျိုးဆိုင်တွေ၊ ခြောက်လွှာမှာ အဝတ် အထည်နဲ့ အထည်အလိပ်အမျိုးမျိုးဆိုင်တွေ၊ခုနစ်လွှာမှာ အလှကုန်၊ ဖန်တီးပစ္စည်းနဲ့ အထည်အလိပ်ဆိုင်တွေ၊ ကိုးလွှာနဲ့ ၁၀ လွှာ မှာတော့ ပစ္စည်းဂိုဒေါင်တွေ၊ ၁၁ လွှာနဲ့ ၁၂ လွှာ မှာ မီနီရုံးခန်းတွေ၊ ၁၃ လွှာမှာ ရုပ်ရှင်ရုံစတဲ့ အလွှာလိုက် စနစ်တကျစုဖွဲ့ တည်ဆောက် ပေးသွားမှာ ဖြစ်ပါတယ်။ ဒီဈေးသစ်မှာ ကုမ္ပဏီ က ရောင်းချမယ့် ၁၂ ပေ ပတ်လည်ကျယ်ဝန်း တဲ့ ဆိုင်ခန်းတွေလည်း ပါဝင်မှာဖြစ်လို့ အခန်းကျယ်ကျယ် ရောင်းချလိုသူတွေအတွက် အဆင်ပြေစေမှာ ဖြစ်ပါတယ်။
ဈေးပေါင်း ၂၇ ဈေး အဆင့်မြှင့်တင်ဖို့ရှိနေ
ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီအောက်မှာ ဈေးပေါင်း ၁၇၈ ဈေးရှိနေပြီး ဈေးပေါင်း ၂၇ ဈေးကို အဆင့်မြှင့်တင်ဖို့ အစီအစဉ်ရှိနေတယ်လို့ ၂၀၁၉ ခုနှစ် မေ ၁၀ ရက်နဲ့ ၁၁ ရက်မှာ ပြုလုပ်ခဲ့တဲ့ ရန်ကုန် စီးပွားရေးဖိုရမ်၌ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ တာဝန်ရှိသူတွေက ပြောထားပါတယ်။
အခု တည်ဆောက်နေတဲ့ နိုင်ငံတကာ အဆင့်မီမင်္ဂလာဈေးသစ် တည်ဆောက်ရေးကလည်း အဲဒီစီမံကိန်းတွေမှာ ပါဝင်ပြီး တည်ဆောက်မှုတွေ ပြီးစီးဖွင့်လှစ်ခဲ့ရင် ရန်ကုန်မြို့ရဲ့ အကြီးဆုံး လက်ကားဈေးကြီး တစ်ဈေးအဖြစ် ထွက်ပေါ်လာမှာ ဖြစ် ပါတယ်။ ။


