ရန်ကုန်မြို့မှ အဝေးပြေးယာဉ်လိုင်းများ ပိတ်ထားခြင်းမရှိဘဲ   ပြေးဆွဲပေးလျက်ရှိ

ရန်ကုန်၊ ၂၃ ဇန်နဝါရီ

ရန်ကုန်တိုင်းဒေသကြီးမှ အခြားသော တိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ ပြေးဆွဲသည့် အဝေးပြေး ယာဉ် လိုင်းများနှင့် ရန်ကုန်မြို့တွင်း ပြေးဆွဲသည့် ယာဉ်လိုင်းများ ပိတ်ထားခြင်းမရှိဘဲ COVID-19 ကြောင့် စီးနင်းမှုမရှိခြင်းဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ထံမှ သိရသည်။

အဝေးပြေးသယ်ယူပို့ဆောင်ရေးတွင် တိုင်းဒေသကြီးနှင့်ပြည်နယ်တို့ကို ချိတ်ဆက်ပြေးဆွဲခြင်းဖြစ်ပြီး ကိုဗစ်-၁၉ ကာလ၌ ခရီးသွားများလိုက်နာရမည့်အပိုင်းနှင့် သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ် တို့တွင်  ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှထုတ်ပြန်ထားသော ရောဂါကာကွယ်၊ ထိန်းချုပ်ရေး လိုက်နာရမည့်အပိုင်းဟူ၍ရှိရာ YRTA အနေဖြင့် COVID-19 ရောဂါကာလတွင် ထုတ်ပြန်ထားသော စည်းကမ်းနှင့်အညီ ပြေးဆွဲလျက်ရှိကြောင်း သိရသည်။

 “ရန်ကုန်တိုင်းဒေသကြီးအနေနဲ့ အဝေးပြေးယာဉ်လိုင်းနဲ့ မြို့တွင်းပြေးဆွဲမှုကို ပိတ်ထားတာမရှိပါဘူး။ ခရီးစဉ်မရှိလို့ ရပ်ဆိုင်းတဲ့လိုင်းတော့ရှိမယ်။ မိမိရဲ့ တိုင်းဒေသကြီးကနေ အပြင်ကိုထွက်ရင် ဘယ်လို အချက်အလက်တွေနဲ့ ညီညွတ်ရမယ်။ ဝင်လာတဲ့သူတွေဆိုရင် ဘာတွေကိုလိုက်နာရမယ်ဆိုတဲ့ သတ်မှတ်ချက်တော့ရှိတယ်။ ယာဉ်တွေဖြတ်သန်းပြေးဆွဲတဲ့အခါမှာ မြို့တွင်း လမ်း/ မြို့ရှောင်လမ်းကနေ သွားပြီး ဘယ်နားမှာ ရပ်ရမယ်ဆိုတာ ထုတ်ပြန်ထားတာရှိတယ်။ ခရီးသွားပြည်သူတွေ အနေနဲ့လည်း လိုက်နာရမယ့် အချက်တွေလည်းရှိတယ်။ အဲ့ဒီလိုအချက်တွေကို လိုက်နာပြီးမှ ခရီးသွားနိုင်တာ ဖြစ်တဲ့အတွက် ကြိုတင်ပြင်ဆင်ပြီးမှ သွားရတာကြောင့် ခရီးသွားမရှိတာပါ။ နိုင်ငံတော်က ထုတ်ပြန် ထားတဲ့ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးကိုတော့ အထူးလိုက်နာရမှာပါ။ အဝေးပြေးလိုင်း မပိတ်ထားပါ ဘူးဟု ရန်ကုန် တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့မှ တွဲဖက် အတွင်းရေးမှူး ဦးလှအောင်က ပြောသည်။

ဇန်နဝါရီလဆန်းပိုင်းတွင်လည်း ခရီးသွားလာမှုထက် ပါဆယ်ကုန်ပစ္စည်းများကို ပို့ဆောင်လျက်ရှိရာ ယမန်နေ့က တိုင်းဒေသကြီးနှင့် ပြည်နယ် ၁၂ ခုရှိ မြို့ပေါင်း ၂၇ မြို့သို့ ပါဆယ်ကုန်ပစ္စည်းအား ယာဉ်လိုင်းပေါင်း ၃၇ လိုင်းမှ ယာဉ် ၅၂ စီး ပို့ဆောင်ခဲ့ပြီး ခရီးသွားယာဉ်များတွင် ခရီးသည်မရှိသော ကြောင့် ပါဆယ်ပစ္စည်းများကိုသာလက်ရှိတွင် ရန်ကုန်မြို့ အောင်မင်္ဂလာအဝေးပြေးကွင်းနှင့် လှိုင်သာယာမြို့နယ်(အနောက်ပိုင်း) ဒဂုံ-ဧရာအဝေးပြေးကားဝင်းမှ ပို့ ဆောင်လျက်ရှိကာ COVID-19 ရောဂါမတိုင်မီက ဒဂုံ-ဧရာအဝေးဝင်းမှ ယာဉ်လိုင်းပေါင်း ၁၀၀ ကျော်ဖြင့် ဧရာဝတီ တိုင်းဒေသကြီးနှင့် မန္တလေးမြို့သို့ လည်းကောင်း၊ အောင်မင်္ဂလာအဝေးပြေးဝင်းမှ မြန်မာပြည်တစ်ဝန်းသို့ယာဉ် လိုင်းပေါင်း ၂၃၀ ကျော်ဖြင့် ပြေးဆွဲခဲ့သည်။

လက်ရှိတွင် ခရီးသွားမရှိခြင်းကြောင့် အဝေးပြေးယာဉ်လိုင်းအချို့ရပ်နား ထားရပြီး ရန်ကုန်မြို့ရှိ အဝေးပြေးယာဉ်လိုင်းများပိတ်ထားခြင်းမရှိဘဲ ခရီးသွားမရှိသည့်အတွက် ပါဆယ် ကုန်ပစ္စည်းများကို အများဆုံးပို့ဆောင်နေရကြောင်း သိရသည်။

သန်းထိုက်