ရန်ကုန်မြို့ အထင်ကရဖြစ်သော အင်ယားကန်ကို မြို့ပြအမွေအနှစ်အဖြစ် အပြာရောင် ကမ္ဗည်းပြား တပ်ဆင်မည်

ရန်ကုန်   ၁၀ ဇွန် 

 

ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ်အတွင်းရှိ ပြည်သူအများ အပန်းဖြေနားခိုရာ အင်းယားကန်အား မြို့ပြ အမွေအနှစ်အဖြစ် အပြာရောင်ကမ္ဗည်းပြား တပ်ဆင်နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း ရန်ကုန်မြို့ပြ အမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့မှ ညွှန်ကြားရေးမှူး ဒေါ်မိုးမိုးလွင်က ပြောသည်။

 

ရန်ကုန်မြို့ လမ်းမတော်မြို့နယ် မင်းရဲကျော်စွာလမ်းရှိ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) ၌ ယနေ့နံနက် ၉ နာရီတွင် ကျင်းပသော အမျိုးသားအဆင့် ရေအရင်းအမြစ် ကော်မတီ၏ အကြံပေးအဖွဲ့မှ ဦးဆောင်ကျင်းပသော ပြည်သူ့အတွက်ဟောပြောပွဲ အခမ်းအနားတွင် ညွှန်ကြားရေးမှူး ဒေါ်မိုးမိုးလွင်က မီဒီယာများအား အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

 

ယနေ့ အမျိုးသားအဆင့် ရေအရင်းအမြစ် ကော်မတီ၏ အကြံပေးအဖွဲ့မှ ကြီးမှူးကျင်းပသော ပြည်သူ့အတွက် ဟောပြောပွဲတွင် အမျိုးသားရေးအဆင့် ရေအရင်းအမြစ် ကော်မတီ အကြံပေးအဖွဲ့ဥက္ကဋ္ဌ ဦးချိုချို၊ အတွင်းရေးမှူး ပါမောက္ခဒေါက်တာ ခင်နီနီသိန်း၊ အကြံပေးအဖွဲ့ဝင် ဦးဗစ်တာ၊ လူငယ်ရေပညာရှင် မောင်ဝေတိုးနှင့် ရန်ကုန်မြို့ပြ အမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့မှ ညွှန်ကြားရေးမှူး ဒေါ်မိုးမိုးလွင်တို့ တက်ရောက်ခဲ့ကြသည်။

 

“ ကျွန်မတို့အနေနဲ့ ဒေါက်တာ အဒေါ်နီနီသိန်းရဲ့ အကြံပြုချက်အရရော Water Body ကို မြို့ပြအမွေ အနှစ်အနေနဲ့ ရန်ကုန်မြို့ရဲ့ အင်းယားကန်ကြီးကို ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီနဲ့ ပူးပေါင်းပြီး အပြာရောင်ကမ္ဗည်းပြား တပ်ဆင်သွားဖို့ ရည်ရွယ်ထားပါတယ်။ ဒီနှစ်ထဲမှာ အဲဒီအင်းယားကန်ကို အပြာရောင် ဆိုင်းဘုတ်ကမ္ဗည်းပြား တပ်ဆင်ပြီးတော့ ထိန်းသိမ်းသွားဖို့နဲ့ သန့်ရှင်းမှုတွေ ဆက်လက်လုပ်ဆောင်သွားဖို့ ရှိပါတယ်။ ရန်ကုန်မြို့ Water Body အနေနဲ့ ဆက်လက် တည်ရှိနိုင်ရေးအတွက်ပါ။ ရေပြင်ရေထုတွေဟာဆိုရင် သဘာဝအနေနဲ့ရော၊ ယဉ်ကျေးမှုအနေနဲ့ပါ အရေးပါတဲ့ နေရာတွေဖြစ်ပါတယ်။ အရင်က အင်းယားဘေးမှာ မရမ်းပင်တောတွေ၊ သရက်တောတွေ ရှိခဲ့တယ်။ အဲဒီနေရာမှာ ရန်ကုန်တက္ကသိုလ်ကြီးကို ၁၉၂၈ နဲ့ ၁၉၃၀ ဝန်းကျင်မှာ စတင်တည်ဆောက်ခဲ့တာဖြစ်တယ်။ ရန်ကုန်တက္ကသိုလ်ဆိုတာ အနယ်နယ်အရပ်ရပ်က လူတွေ လာရောက်ဆုံစည်းတဲ့ နေရာဖြစ်တော့ အင်းယားကန်နဲ့ ရန်ကုန်တက္ကသိုလ်ဆိုတာ မြို့ပြယဉ်ကျေးမှုမှာ ခွဲခြားလို့ မရနိုင်တဲ့ အရာဖြစ်ပါတယ်” ဟု ရန်ကုန်မြို့ပြ အမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့မှ ညွှန်ကြားရေးမှူး ဒေါ်မိုးမိုးလွင်က ပြောကြားသည်။

 

ရန်ကုန်မြို့ပြ အမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ အနေနှင့် မြို့ပြအမွေအနှစ် အပြာရောင် ကမ္ဗည်းပြား ဆိုင်းဘုတ်များကို ရန်ကုန်မြို့ပြအတွင်းရှိ မြို့ပြအမွေအနှစ်နေရာ ၂၀ တွင် တပ်ဆင်ခဲ့ပြီးဖြစ်သည်။ ယခု အင်းယားကန်အပါအဝင် ဗိုလ်အောင်ကျော်လမ်းတို့ကို များမကြာမီ ကာလအတွင်း အပြာရောင်ကမ္ဗည်းပြား တပ်ဆင်သွားနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

မျိုးကျော်(ကနောင်သွေး)၊ ဓာတ်ပုံ- မင်းထက်