ရန်ကုန်မြောက်ပိုင်းခရိုင်အတွင်းမှ တရားမဝင် ကျွန်းခွဲသားများ တင်ဆောင်ထားသော ယာဉ်တစ်စီးဖမ်းမိ

တိုက်ကြီး  ၉  မေ

 

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြောက်ပိုင်းခရိုင်၊ တိုက်ကြီးမြို့နယ်၊ ဖူးကြီး-တိုက်ကြီးသွား ကားလမ်းပေါ်မှ တရားမဝင် ကျွန်းခွဲသားများ တင်ဆောင်ထားသော ယာဉ်တစ်စီးဖမ်းမိခဲ့ကြောင်း သိရသည်။

 

ဖြစ်စဉ်မှာ မေ ၈ ရက်နေ့ ညနေ ၄ နာရီအချိန်ခန့်တွင် မြောက်ပိုင်းခရိုင် သစ်တောဦးစီးဌာနမှ လက်ထောက်/ညွှန်ကြားရေးမှူး ဦးသောင်းနိုင် ဦးစီးသောအဖွဲ့သည် တိုက်ကြီးမြို့နယ် သစ်တောဦးစီးဌာနမှ မြို့နယ်ဦးစီးအရာရှိ ဦးအောင်အောင်စိုးအဖွဲ့နှင့် ပူးပေါင်း၍ သက်သေများနှင့်အတူ တိုက်ကြီးမြို့နယ်၊ ဖူးကြီးတိုက်ကြီးသွားကားလမ်းတစ်လျှောက် နယ်မြေရှင်လင်းရေးဆောင်ရွက်နေစဉ် ယာဉ်နံပတ်မပါ(၆)ဘီးယာဉ်တစ်စီးအား မသင်္ကာဖွယ်တွေ့ရှိရသဖြင့် ရှာဖွေစစ်ဆေးရာ တရားမဝင်ကျွန်းခွဲသား ဆိုဒ်စုံ(၁၇၇)ချောင်းနှင့် ကျွန်းတံခါးရွက်(၁၀)ချပ်စုစုပေါင်း ၆ ဒသမ ၅၉၉၃ တန် ရှာဖွေစစ်ဆေးတွေ့ရှိရသဖြင့် သစ်တောဥပဒေအရ အရေးယူဆောင်ရွက်ထားပြီး သစ်ပိုင်ရှင်၊ ယာဉ်ပိုင်ရှင်နှင့် ယာဉ်မောင်းတို့အား စုံစမ်းဖော်ထုတ်အရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။

 

လူအောင်(ကသာ)