ရန်ကုန်ဈေးကွက်သို့ သင်္ကြန်မတိုင်မီ နယ်စုံမှ ကြက်သွန်နီဝင်ရာက်မှုများပြားပြီး ဈေးနှုန်းသက်သာ

၁၁ ဧပြီ

 

ပုံမှန်ဝင်‌ငွေမရှိသော အခြေခံလူတန်းစားများ နိုင်ငံတော်မှ ထောက်ပံ့ကူညီသည့် အခြေခံစားကုန်ငါးမျိုးတွင် ပါဝင်သော ကြက်သွန်နီသည် သင်္ကြန်မတိုင်မီကာလတွင် ရန်ကုန်ဈေးကွက်သို့ နယ်စုံမှ ဝင်ရောက်မှုများပြားပြီး ဈေးနှုန်းမှာလည်း အများပြည်သူ ဝယ်ယူစားသုံးနိုင်သည့်‌ ဈေးနှုန်းဖြစ်နေသည်ဟု ရန်ကုန်ကြက်သွန်နီ ပွဲရုံများနှင့် ကြက်သွန်နီဝယ်ယူသူများက ‌ပြောဆိုမှုအရ သိရသည်။

 

ကာလတူဖြစ်‌သော ၂၀၁၉ ခုနှစ် ဧပြီလဆန်းပိုင်းတွင် ဆိပ်ဖြူလက်ကားတစ်ပိဿာ ၃၅၀-၅၂၅-၅၅၀-၅၇၅ ကျပ်နှုန်း၊ မြစ်သား ၄၅၀-၇၀၀-၈၀၀-၈၅၀ ကျပ်နှုန်း ရှိခဲ့သည်။

 

ယခုနှစ် ဧပြီလဆန်းပိုင်းတွင် ဆိပ်ဖြူလက်ကားတစ်ပိဿာ ၆၀၀-၇၀၀-၇၀၀-၇၀၀ ကျပ်၊ မြစ်သား ၈၀၀-၁၁၀၀-၁၁၀၀-၈၀၀ ကျပ်နှုန်းရှိရာ ကြက်သွန်စိုက်သူများအနေဖြင့် ယခင်နှစ်ကာလတူထက် ဈေးနှုန်းပိုရလာသည်။ ဖေဖေါ်ဝါရီလ ၇ ရက်တွင် ဆိပ်ဖြူတစ်ပိဿာလက်ကားဈေး ၁၃၀၀-၁၆၀၀-၁၇၀၀-၁၇၅၀ ကျပ်၊ မြစ်သား ၁၅၀၀-၂၀၀၀-၂၀၀၀-၂၀၀၀ ကျပ်နှုန်းအထိ ဈေးမြင့်ခဲ့သည့်အတွက် စားသုံးသုများ ကြက်သွန်နီဈေးမြင့်မှုကို ကြုံတွေ့ခဲ့ရသည်။

 

မတ်လမှစ၍ ပြည်ပအပို့နည်းသွားပြီး ရန်ကုန်ဈေးကွက်သို့သာ တင်ပို့မှုများလာခဲ့ပြီး မတ်လ ၁၆ ရက်တွင် ကြက်သွန်နီပိဿာချိန်‌ ခြောက်သိန်းကျော် မတ်လ ၁၇ ရက်တွင်‌ လေးသိန်းခန့် မတ်လ ၂၃ ရက်တွင် လေးသိန်း ငါးသောင်းခန့် ဝင်ရောက်ခဲ့ရာ ပုံမှန်ရက်များအတွင်း ပျှမ်းမျှဝင်‌ရောက်သည့် ပမာဏထက် များစွာများလာသည်။

 

ရန်ကုန်‌ဈေးကွက်သို့ နေ့စဉ် ပျှမ်းမျှကြက်သွန်နီဝင်ရောက်မှုမှာ ပိဿာချိန် နှစ်သိန်းဝန်းကျင်သာ ရှိတတ်ရာ ယခုနှစ် သင်္ကြန်မတိုင်မီကာလအတွင်း ကြက်သွန်နီဝင်ရောက်မှုမှာ ယခင်နှစ်များထက် များပြားခြင်း၊ ပြည်ပအပို့နှင့် နယ်စပ်အပို့မရှိခြင်းတို့‌ကြောင့်  ရန်ကုန်သို့ဝင်လာသော နယ်စုံကြက်သွန်နီများသည် ဈေးကွက်ဝယ်လိုအားထက်များပြားခဲ့သည်။

 

ပခုက္ကူ‌ဈေးကွက်တွင် ဧပြီ ၉ ရက်တွင် ကြက်သွန်နီပိဿာချိန် ၇၆၀၀၀ ဝင်ရောက်ပြီး တစ်ပိဿာအမြင့်ဆုံးဈေးမှာ ၄၇၅ ကျပ်သာ ရှိသည်ဟုသိရသည်။ အချို့ပွဲရုံများတွင် မြစ်သားကြက်သွန်နီ ငါးပိဿာအိတ်ကလေးများ ပြုလုပ်ကာ တစ်အိတ်‌ ခြောက်ထောင်ကျပ်နှုန်းဖြင့် ရောင်းချမှုမြင်တွေ့ရသည်။

 

မတ်လလယ်အတွင်း ရန်ကုန်‌ဈေးကွက်သို့ ဝင်‌ရောက်လာသော တရုတ်ကြက်သွန်နီ အလုံးကြီးအိတ်များမှာ ဝယ်သူမှု မရှိတာကို တွေ့မြင်ရသည်ဟု ကြက်သွန်အဝယ်တော်တစ်ဦးက ဆိုသည်။

 

ခင်ဆိုင်