ရန်ကုန်စတော့အိတ်ချိန်း၌ နိုဝင်ဘာလအတွင်း အစုရှယ်ယာအရေအတွက် တစ်သိန်းခွဲနီးပါး အရောင်းအဝယ် ဖြစ်ခဲ့

ရန်ကုန်  ၆   ဒီဇင်ဘာ

 

ရန်ကုန်စတော့အိတ်ချိန်း၌ နိုဝင်ဘာလအတွင်း အစုရှယ်ယာအရေအတွက် တစ်သိန်းခွဲနီးပါး အရောင်းအဝယ် ဖြစ်ခဲ့ကြောင်း သိရသည်။

 

၂၀၁၉ ခုနှစ် နိုဝင်ဘာလအတွင်း ရန်ကုန်စတော့အိတ်ချိန်း၏ စာရင်းဝင်ကုမ္ပဏီ ၅ ခုသည် Normal Trading စနစ်ဖြင့် ၁၄၁၃၆၂ စု အရောင်းအဝယ်ဖြစ်ခဲ့ကာ ငွေတန်ဖိုးအားဖြင့် ၉၉၂.၇၀ သန်းဖိုး အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရသည်။ နိုဝင်ဘာလအတွင်း Block Trade စနစ်ဖြင့် အစုရှယ်ယာအရောင်းအဝယ် မရှိခဲ့ပေ။

 

ရန်ကုန်စတော့အိတ်ချိန်းတွင် စတော့ဈေးကွက်စတင်ခဲ့သည့် ၂၀၁၆ ခုနှစ် မတ်လမှ ယခု ၂၀၁၉ ခုနှစ် နိုဝင်ဘာလအထိ စာရင်းဝင်ကုမ္ပဏီ ၅ ခုသည်ရှယ်ယာအရေအတွက် ၁၅.၀၃ သန်း အရောင်းအဝယ်ဖြစ်ခဲ့ပြီး ငွေတန်ဖိုးအားဖြင့် ငွေကျပ် ၁၃၆ ဒသမ ၇၉ ဘီလီယံဖိုး အရောင်းအဝယ် ဖြစ်ခဲ့ကြောင်း သိရသည်။

 

ရန်ကုန်စတော့အိတ်ချိန်း၏ လက်ရှိရောင်းဝယ်နေမှု ဈေးကွက်အခြေအနေနှင့်ပတ်သက်၍ အမှုဆောင် အကြီးတန်းမန်နေဂျာ ဉီးသက်ထွန်းဉီးက “ငွေတန်ဖိုးအားဖြင့် ၁၃၆ ဘီလီယံကျော်လောက် အရောင်းအဝယ် ဖြစ်နေပါတယ်။ ဒီပမာဏကတော့ ကျွန်တော်တို့လို စတော့အိတ်ချိန်းအသေးလေးတွေအတွက် ထိုက်သင့်တဲ့ ပမာဏတစ်ခု ဖြစ်တယ်လို့ သုံးသပ်ပါတယ်။ တစ်ချို့နိုင်ငံတွေဆိုရင် စတော့ စတယ်၊ အရောင်းအဝယ် မရှိဘူးပေါ့။ ကျွန်တော်တို့နိုင်ငံကတော့ စတော့အိတ်ချိန်းစတယ်၊ ၃ နှစ်ခွဲမှာ အရောင်းအဝယ်မရှိတဲ့နေ့ဆိုတာ မရှိဘူးပေါ့။ ပမာဏကလည်း သင့်တင့်တဲ့ပမာဏရှိတဲ့အတွက် စတော့အိတ်ချိန်းရဲ့ အခြေအနေကတော့ ကျွန်တော်အနေနဲ့ အားမရဘူးဆိုပေမယ့် သင့်တင်တဲ့ ပမာဏရှိနေတယ်လို့ဘဲ သုံးသပ်ပါတယ်” ဟု ပြောကြားသည်။

 

ပြည်သူများ စတော့ဈေးကွက်နှင့်ပတ်သက်၍ ဗဟုသုတတိုးပွားစေရေးအတွက် သင်တန်းများ ပို့ချခြင်း၊ ဆွေးနွေးပွဲများ ကျင်းပပေးလျက်ရှိရာ နိုဝင်ဘာလအတွင်း လေ့လာရေးလာရောက်သည့် Prime Business School မှ သင်တန်းသားများ၊ Master Of Banking and Finance (နေပြည်တော်)မှ သင်တန်းများ၊ Strategy First University မှ သင်တန်းသားများ၊ ရန်ကုန်စီးပွားရေးတက္ကသိုလ်နှင့် UNESCO တို့ ပူးတွဲဖွင့်လှစ်သည့် Centre of Excellence for Business Developed မှ သင်တန်းသားပေါင်း ၂၀၀ ကျော်ကို သင်ကြားပို့ချပေးခဲ့ကြောင်း သိရသည်။

 

၂၀၁၉ ခုနှစ် နိုဝင်ဘာလ ၁၆ ရက်နေ့မှစတင်၍ စတော့ဈေးကွက်အခြေခံသင်တန်း အမှတ်စဉ်(၈)ကို ဖွင့်လှစ်ခဲ့ ပြီး သင်တန်းသား ၄၄ ဉီးတက်ရောက်လျက်ရှိသည်။ ထို့ပြင် ပဲခူးတိုင်းဒေသကြီး လက်လီရောင်းချသူများ အသင်း၏ ပံ့ပိုးမှုဖြင့် နိုဝင်ဘာ ၂၄ ရက်နေ့တွင် ပြည်မြို့၌ စတော့ဈေးကွက်ရင်းနှီးမြုပ်နှံမှုဆိုင်ရာဆွေးနွေးပွဲကို သွားရောက်ကျင်းပခဲ့ပြီး ဉီးခင်မောင်ညို (ဘောဂဗေဒ)နှင့် ဉီးသက်ထွန်းဉီး(ရန်ကုန်စတော့အိတ်ချိန်း) တို့ မှ ဟောပြောခဲ့ကြောင်း သိရသည်။

 

၂၀၁၉ ခုနှစ်အောက်တိုဘာလအတွင်း စုစုပေါင်းရှယ်ယာ ၃၆၉၂၄၅ စု အရောင်းအဝယ်ဖြစ်ခဲ့ပြီး နိုဝင်ဘာလ အတွင်း  အစုရှယ်ယာ ၁၄၁၃၆၂ စုသာ အရောင်းအဝယ်ဖြစ်ခဲ့သည့်အတွက် ယခင်လ ရှယ်ယာအရေအတွက် ထက် ထက်ဝက်နီးပါး အရောင်းအဝယ်ကျဆင်းခဲ့သည်ကို လေ့လာတွေ့ရှိရသည်။

 

ထင်ပေါ်ဝင်း(ကမာရွတ်)