ရန်ကုန်ဆေးရုံကြီး၊ မြောက်ဥက္ကလာပ၊ သင်္ဃန်းကျွန်းနှင့် အင်းစိန်ဆေးရုံကြီးတို့တွင် မေလအတွင်းကစ၍ ခွေးရူးရောဂါကုသမှုဌာနများ ဖွင့်လှစ်ပြီး ခွေးကိုက်လူနာ ၃၃၂၆  ဦးကို  ကာကွယ်ဆေးထိုးပေးနိုင်ခဲ့

၁၈-၇-၂၀၁၉၊  ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၃) ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဒုတိယနေ့မှတ်တမ်း

ပြည်သူများအား ခွေးရူးရောဂါအန္တရာယ်ကင်းဝေးစေရန် အသိပညာပေးခြင်းနှင့် လမ်းဘေးခွေးအပါအဝင် မြန်မာနိုင်ငံအတွင်းရှိ ခွေးအားလုံးအား ခွေးရူးရောဂါ ကာကွယ်ဆေးထိုးနှံခြင်းကို ဆောင်ရွက်ရန် အစီအစဉ် ရှိ / မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း

ဥက္ကဋ္ဌ။    ။ ရေဦးမဲဆန္ဒနယ်မှ ဒေါက်တာမင်းသိန်း မေးမြန်းဖို့ ဖြစ်ပါတယ်။ 

ဒေါက်တာမင်းသိန်း(ရေဦးမဲ ဆန္ဒနယ်)။   ။ လေးစားအပ်ပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ ဧည့်သည်တော်များအားလုံး မင်္ဂလာပါလို့ ဦးစွာဂါရဝပြု နှုတ်ခွန်းဆက်သအပ်ပါတယ်။ ကျွန်တော်ကတော့ စစ်ကိုင်းတိုင်းဒေသကြီး ရေဦးမဲဆန္ဒနယ်မှ ဒေါက်တာမင်းသိန်း ဖြစ်ပါတယ်။ နိုင်ငံသူ နိုင်ငံသားအားလုံး ခွေးရူးရောဂါဖြစ်ပွားခြင်းအန္တရာယ် ကင်းဝေးစေရန်၊ ၂၀၂၀ အာဆီယံ ဒေသတွင်းနိုင်ငံများ သဘောတူညီချက်အောင်မြင်စေရန်၊ ဝန်ကြီးဌာနဆောင်ရွက်ချက်များ ပြည်သူများ သိရှိစေရန်အတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနကို ဒီမေးခွန်းမေးမြန်းရခြင်း ဖြစ်ပါတယ်။

 

mdn

 

နိုင်ငံပေါင်း ၁၅၀ ကျော်မှာ ခွေးရူးရောဂါဖြစ်ပွားနေဆဲ

လေးစားအပ်ပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျား။ လူကို ခွေးရူး ရောဂါဖြစ်ပွားမယ်ဆိုရင် သေချာပေါက် သေစေနိုင်သော ရောဂါတစ်ခု ဖြစ်ပါတယ်။ သို့ဖြစ်ပါသောကြောင့် နိုင်ငံတိုင်းက အရေးကြီးရောဂါတစ်ခုအဖြစ် သတ်မှတ်ထားကြပါတယ်။ ကျွန်တော်တို့နိုင်ငံအပါအဝင် နိုင်ငံပေါင်း ၁၅၀ ကျော်မှာ ခွေးရူးရောဂါ ဖြစ်ပွားနေဆဲ ဖြစ်ပြီးတော့ နိုင်ငံတော်တော်များများက ခွေးရူးရောဂါအန္တရာယ်ကို အလေးထားထိန်းချုပ်ဖို့ ကြိုးစားလာကြပါတယ်။ ကျွန်တော်တို့နိုင်ငံမှာ ခွေးအကောင်ရေ လေးသန်းခန့်ရှိကြောင်း ခန့်မှန်းဖော်ပြထားတာကို တွေ့ရှိရပြီးတော့ ခွေးရူးရောဂါကြောင့် နှစ်စဉ် လူ ၁၁၀ဝ ခန့် သေနေတယ်လို့ ဖော်ပြထားတာကို တွေ့ရှိရပါတယ်။ ၉၉ ရာခိုင်နှုန်းမှာ ခွေးကိုက်ခံရခြင်းကြောင့် လူကို ခွေးရူးရောဂါဖြစ်ပွားစေပြီးတော့ ၈၀ ရာခိုင်နှုန်းခန့်မှာ လမ်းဘေးခွေးများ ကိုက်ခံရခြင်းကြောင့် ခွေးရူးရောဂါဖြစ်ပွားစေကြောင်း သိရှိရပါတယ်။ ပိုင်ရှင်မဲ့ လမ်းဘေးခွေးများကို ခွေးရူးကာကွယ်ဆေးထိုးပေးနိုင်မှသာ ခွေးရူးရောဂါဖြစ်ပွားခြင်းအန္တရာယ်ကို လျှော့ချကာကွယ်နိုင်မှာ ဖြစ်ပါတယ်။ နိုင်ငံတော်တော်များများမှာ ခွေးရူးရောဂါအန္တရာယ်ကို အလေးထား ထိန်းချုပ်လာခြင်းကြောင့် လူမှာခွေးရူးရောဂါ ဖြစ်ပွားသေဆုံးမှုနှုန်းလည်း လျော့ကျလာကြောင်း သိရှိရပါတယ်။

ခွေးရူးရောဂါအန္တရာယ်ကို လျှော့ချကာကွယ်ခြင်းမှာ ငွေကြေးသုံးစွဲကာ စီမံချက်ချမှတ်ဆောင်ရွက်ခြင်းမပြုနိုင်သော နိုင်ငံများ၊ အသိပညာပေးလုပ်ငန်း ဆောင်ရွက်ခြင်းမပြုနိုင်သော နိုင်ငံများနှင့် ဘာသာရေးယဉ်ကျေးမှုအရ အကန့်အသတ်ရှိသော နိုင်ငံများမှာ ခွေးရူးရောဂါ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်ပြီးတော့ ထိန်းချုပ်ရန်ခက်ခဲကြောင်း သိရှိရပါတယ်။ ကျွန်တော်တို့မြန်မာနိုင်ငံဟာ အန္တရာယ်များသော နိုင်ငံများစာရင်းတွင် ပါရှိသော လူသေပျောက်မှု၊ သေဆုံးမှုအများဆုံးနိုင်ငံများစာရင်းတွင် ပါရှိပါတယ်။ လူဦးရေနဲ့ အချိုးချနှိုင်းယှဉ်မယ်ဆိုရင် ကျွန်တော်တို့ နိုင်ငံသား ၁၃ ဦးလျှင် ခွေးတစ်ကောင်နှုန်းဖြစ်နေပြီးတော့ ခွေးရူးရောဂါအန္တရာယ် ကင်းဝေးစေရေးကို အလေးထားဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်။

အဓိကကျသော လုပ်ငန်းဖြစ်

နိုင်ငံအတွင်းရှိ ခွေးအားလုံးကို ကာကွယ်ဆေးထိုးဆောင်ရွက်ခြင်းဟာ နိုင်ငံသူ နိုင်ငံသားများ ခွေးရူးရောဂါ အန္တရာယ်မဖြစ်ပွားစေရေးအတွက် အဓိကကျသော လုပ်ငန်းဖြစ်ပါတယ်။ ခွေးရူးရောဂါကာကွယ်ဆေးထိုးခြင်းကို ၇၀ ရာခိုင်နှုန်း ဆောင်ရွက်နိုင်မယ်ဆိုရင် ခွေးရူးရောဂါအန္တရာယ်ဖြစ်ပွားခြင်းကို လျှော့ချနိုင်မှာ ဖြစ်ပါတယ်။ ရန်ကုန်မြို့တွင်းရှိ လမ်းဘေးခွေးများကို ခွေးရူးရောဂါကာကွယ်ဆေး ထိုးခြင်း၊ မျိုးပွားထိန်းချုပ်ခြင်းများကို မြန်မာနိုင်ငံ တိရစ္ဆာန်ဆရာဝန်များ ပရဟိတအဖွဲ့က လိုက်လံဆောင်ရွက်နေကြောင်းလည်း သိရှိရပါတယ်။ ခွေးရူးရောဂါ လျော့နည်းကျဆင်းရေးအတွက် အစိုးရဌာနများ၊ အရပ်ဘက်အဖွဲ့အစည်းများ၊ ပညာရှင်များ ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ပါတယ်။

Power  Point ဖြင့်တင်ပြခွင့်ပြုပါ။ ဒါကတော့ ခွေးရူးရောဂါဖြစ်ပွားမယ်ဆိုရင် ၁၀ဝ ရာခိုင်နှုန်း သေဆုံးနိုင်သော်လည်းပဲ ၁၀ဝ ရာခိုင်နှုန်း ကာကွယ်နိုင်ကြောင်း ပြောထားတာဖြစ်ပါတယ်။ ကမ္ဘာမှာဆိုရင် နိုင်ငံတကာမှာ လူနှင့် ခွေးအချိုးက လူ ၁၀ ဦးကို ခွေးတစ်ကောင်နှုန်း ဖြစ်ပါတယ်။ နောက်တစ်ခုက ဒီမြန်မာနိုင်ငံမှာဆိုရင် လူ ၁၃ ဦးကို ခွေးတစ်ကောင်နှုန်း ဖြစ်ပါတယ်။ ခွေးအများစုဟာ ကာကွယ်ဆေးမထိုးရသောခွေးများ ဖြစ်ပါတယ်။ ၉၉ ရာခိုင်နှုန်းက ခွေးကိုက်ခြင်းကြောင့် လူကို ခွေးရူးရောဂါဖြစ်ပွားစေပါတယ်။ ၈၀ ရာခိုင်နှုန်းက လမ်းဘေးခွေး ကိုက်ခံရခြင်းကြောင့် ခွေးရူးရောဂါဖြစ်ပွားရခြင်း ဖြစ်ပါတယ်။ ရန်ကုန်မှာဆိုရင် ၂၀၁၄ ခုနှစ်မှာ ခွေးအကောင်ရေ ၇၀ဝ၀ဝ ခန့်ရှိသော်လည်း ၂၀၁၅ ခုနှစ်မှာ ၁၂၀ဝ၀ဝ လောက်ထိ ဖြစ်လာပါတယ်။ အဲဒီမှာဆိုရင် လူ ၅၀ ကို ခွေးတစ်ကောင်နှုန်းနဲ့ ရန်ကုန်မှာ တည်ရှိနေပါတယ်။ ကျွန်တော်တို့ မြို့ပြမှာဆိုရင် ကာကွယ်ဆေး ၂၀ ရာခိုင်နှုန်း ထိုးနိုင်သော်လည်း ကျေးလက်မှာ ငါးရာခိုင်နှုန်းပဲ ထိုးပေးနိုင်ပါသေးတယ်။  WHO တို့၊ OIE တို့ စံသတ်မှတ်ချက်အရဆိုရင် ၇၀ ရာခိုင်နှုန်းထိ ခွေးရူးကာကွယ်ဆေး ထိုးပေးကြရမှာဖြစ်ပါတယ်။ ဒါက ခွေးရူးရောဂါဖြစ်ပွားမှုအများဆုံး နိုင်ငံတွေကို ဖော်ပြထားတာဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံက အများဆုံးဖြစ်ပြီးတော့ နံပါတ် (၆)အဆင့်မှာရှိပါတယ်။ ဒါကတော့ မြန်မာနိုင်ငံ တိရစ္ဆာန်ဆရာဝန်များ ပရဟိတအဖွဲ့ ကနေပြီးတော့ လမ်းဘေးခွေးတွေကို မျိုးပွားမှုထိန်းချုပ်တာတို့၊ ကာကွယ်ဆေး ထိုးတာတို့ ဆောင်ရွက်နေခြင်း ဖြစ်ပါတယ်။

သို့ဖြစ်ပါသောကြောင့် နိုင်ငံသူ နိုင်ငံသားများ ခွေးရူးရောဂါအန္တရာယ်ကင်းရှင်းစေရန်၊ ခွေးရူးရောဂါအသိပညာပေးခြင်းနှင့် နိုင်ငံအတွင်းရှိ ခွေးများ ခွေးရူးရောဂါကာကွယ်ဆေးထိုးနှံခြင်းကို ဝန်ကြီးဌာနက ဆောင်ရွက်ရန် အစီအစဉ် ရှိ၊ မရှိနှင့် မည်ကဲ့သို့ဆောင်ရွက်နေသည်ကို သိရှိလိုပါသဖြင့် မေးမြန်းရခြင်းဖြစ်ပါတယ်။

ဥက္ကဋ္ဌ။    ။ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ဖြေကြားရန် ဖြစ်ပါတယ်။

ဖြေကြားချက်

ဒေါက်တာမြင့်ထွေး (ပြည်ထောင်စုဝန်ကြီး၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာန)။ ။လေးစားအပ်ပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် ပြည်သှူလွှတ်တော် ကိုယ်စားလှယ်များခင်ဗျား။ ကျွန်တော့်အနေနဲ့ စစ်ကိုင်းတိုင်းဒေသကြီး ရေဦးမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမင်းသိန်း၏ ကြယ်ပွင့်ပြ မေးခွန်းကို ဖြေကြားသွားမှာ ဖြစ်ပါတယ်။ ဒီမေးခွန်းကတော့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနကို မေးသော်ငြားလည်း ဝန်ကြီးဌာနကိုယ်စားရော၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနကိုယ်စားရော ကျွန်တော်ဖြေကြားမှာ ဖြစ်ပါတယ်။

အဓိက(၃)ချက်ရှိ

လွှတ်တော်ကိုယ်စားလှယ်ကြီး မေးမြန်းထားတဲ့ နိုင်ငံသူ၊ နိုင်ငံသားအားလုံး ခွေးရူးရောဂါအန္တရာယ်ကင်းဝေးစေရန်နှင့် အာဆီယံဒေသတွင်းနိုင်ငံများ သဘောတူညီမှုအောင်မြင်စေရန် ပြည်သူများ အသိပညာပေးခြင်းနှင့် လမ်းဘေးခွေးအပါအဝင် မြန်မာနိုင်ငံရှိ ခွေးအားလုံးအား ခွေးရူးရောဂါကာကွယ်ဆေးထိုးနိုင်ခြင်းကိစ္စနှင့် ပတ်သက်ပြီး သိလိုတဲ့ မေးခွန်းဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ ဒီလွှတ်တော် ကိုယ်စားလှယ်ကြီးမေးတဲ့မေးခွန်းကို ကျွန်တော်ပြန်လည် သုံးသပ်လိုက်တဲ့အခါမှာ အဓိက(၃)ချက်ရှိပါတယ်။ ဒီမေးခွန်းကတော့ ငါးမိနစ်ကျော်မှာဖြစ်တဲ့အတွက် ကြိုတင်၍ ခွင့်တောင်းအပ်ပါတယ်။ ပထမတစ်ချက်ကတော့ မေးခွန်းထဲမှာ နိုင်ငံသူ နိုင်ငံသား ခွေးရူးရောဂါအန္တရာယ် ကင်းဝေးစေရန် ဒီအချက်မှာ ကြည့်လိုက်တဲ့အခါမှာ ကင်းဝေးဖို့ဆိုရင် (၁)ခွေးမကိုက်ခံရခြင်း၊ (၂)ကိုက်ခံရပါက သေဆုံးမှုမရှိခြင်း ဒီကိစ္စတွေကို ကျွန်တော်အသေးစိတ်တင်ပြပါမယ်။ နံပါတ်(၂)က အာဆီယံသဘော တူညီချက်မူများအရ အောင်မြင်မှုရစေရန်၊ ဒီကိစ္စနှင့် ပတ်သက်လို့ ကျွန်တော်တို့ ဝန်ကြီးဌာနတွေပေါင်းမယ်။ One Health Approach နဲ့ FAO ၊ OIE  ၊ OIE  ဆိုတာက Animals Health Organization မှာ WHO တို့နှင့် ပေါင်းပြီး လုပ်မယ်။ မိတ်ဖက်အဖွဲ့အစည်းနှင့်လုပ်မယ်။ Community Based Organi-zation တွေနဲ့ပေါင်းပြီး လုပ်မယ်။ ဒီလုပ်မည့်ကိစ္စတွေကလည်း ကျွန်တော် မဟာဗျူဟာနှင့် နည်းဗျူဟာများအားလုံး ချထားပြီးဖြစ်တဲ့အတွက် ဒီမဟာဗျူဟာနှင့် နည်းဗျူဟာအတိုင်း ဆက်လက်လုပ်မှာ ဖြစ်ပါတယ်။

အလွန်အရေးကြီးတဲ့ မေးခွန်းဖြစ်

နံပါတ်(၃)ဖြစ်တဲ့ လွှတ်တော်ကိုယ်စားလှယ်ကြီးမေးတဲ့ မေးခွန်းကတော့ ခွေးများအားလုံး ခွေးရူးရောဂါကာကွယ်ဆေး ထိုးနိုင်ခြင်းကို မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနကို မေးမြန်းခြင်း ဖြစ်ပါတယ်။ အဲဒီတော့ ဒီမှာကြည့်မယ်ဆိုရင် ဒီမေးခွန်းဟာ အလွန်အရေးကြီးတဲ့ မေးခွန်းဖြစ်တဲ့အပြင် လွှတ်တော်ကိုယ်စားလှယ်ကြီးတင်ပြတဲ့ Power  Point  တွေကလည်း တော်တော်ကောင်းပါတယ်။ တော်တော်ကို ဗဟုသုတလည်းရပါတယ်။ Information လည်းရပါတယ်။ ဒီမှာကြည့်မယ်ဆိုရင် ကျွန်တော်တို့နိုင်ငံရဲ့ ဘဏ္ဍာငွေတွေဟာ မကုန်သင့်တာထက် ပိုကုန်နေရပါတယ်။ ဘာကြောင့်ကုန်သလဲဆိုတာ ကျွန်တော်တင်ပြပါမယ်။ နောက်တစ်ခု ဒီခွေးကိုက်ခံရမယ်ဆိုရင် စိတ်ဖိစီးမှု၊ စိုးရိမ်မှု(Stress) တွေက အလွန်များပါတယ်။ နောက်တစ်ခုက တကယ်သာ ခွေးရူး ကိုက်ပြီး ကာကွယ်ဆေးကို မထိုးနိုင်ဘူးဆိုရင် ၁၀ဝ ရာခိုင်နှုန်းသေဖို့ ရှိပါတယ်။ အဲဒီတော့ ဒီအချက်တွေကို ကျွန်တော်တို့က ဂရုစိုက်ရမှာဖြစ်ပါတယ်။ အဲဒီတော့ ခွေးကိုက်ခံရသူတိုင်းသည် ဆေးထိုးရမှာပဲ။ ဘာကြောင့်လဲဆိုတော့ ခွေးကိုက်ရင် ခွေးရူးဟုတ်လား/မဟုတ်လား ဘယ်သူမှ ကြိုပြီးမသိပါဘူး။ အဲဒီတော့ လူတိုင်းထိုးမယ်။ လူတိုင်းထိုးမယ်ဆိုတော့ ခွေးကိုက်ခံရသူများတိုင်းများတိုင်း ကျန်းမာရေး ဝန်ကြီးဌာနမှာ ဝန်ဆောင်မှုက တော်တော်ပိပါတယ်။ ဆေးထိုးပေးရမယ်။ အဲဒါတွေ ရှိပါတယ်။ နောက်တစ်ခုက အကယ်၍သာ တကယ်ရူးတဲ့ခွေးကကိုက်ပြီး ကျွန်တော်တို့ ဆေးမထိုးဘူးဆိုရင် ဒီလူသည် ရာခိုင်နှုန်းပြည့်သေပါမယ်။ အဲဒီတော့ ကျွန်တော်တို့ ဦးအောင်ထိုးရမယ်။ ဦးအောင်ထိုးရမယ်ဆိုရင်တော့ ပြည်သူလူထုရဲ့ အသိပညာ အရေးကြီးပါတယ်။ ပြည်သူလူထုက စောစီးစွာလာမှဖြစ်မယ်။ ခွေးကိုက်တယ်ဆိုတာ ခွေးရူးရဲ့ Saliva ပေါ့။ တံတွေးမှာ Virus  ရှိပါတယ်။ ဒီ Virus က ကိုက်လိုက်တာနဲ့ Muscle မှာ ပွားပြီးတော့ Muscle မှာရှိတဲ့ Nerve ထဲကို ဝင်သွားပါတယ်။ အဲဒီကဝင်ပြီးတဲ့အခါကျတော့ Spinal Cord ကို သွားပါတယ်။ Spinal Cord ကနေ ဦးနှောက်ကိုရောက်တယ်။ ဒါအတွင်းကို သွားတာ။ ဦးနှောက်ကို ရောက်ပြီးတဲ့ အခါကျတော့ ဦးနှောက်ကတစ်ဆင့် နှလုံးနှင့် ကြွက်သားတွေဆီ သွားတယ်။ Adrenal Gland တို့ ဒီ့ပြင်နေရာတွေကို ရောက်သွားတယ်။ အဲဒီတော့ ဆိုလိုတာက ဒီ Virus က ဦးနှောက်ကိုမရောက်ခင် ကျွန်တော်တို့က အရင်ဆုံး ကိုင်တွယ်ရမယ်။ အရင်ဆုံးကိုင်တွယ်ရမယ်ဆိုတာက အစောဆုံးထိုးရမယ်။ ထိုးတဲ့နေရာမှာ ပြည်သူတို့က သိရမှာက ခွေးကိုက်တယ်ဆိုတာက အပေါ်ရောက်လေ၊ ရောက်လေ အန္တရာယ် ပိုများလေ။ ခြေထောက်မှာကိုက်ရင် သူတို့ရောက်ဖို့  Chance  က အချိန်ကလိုတယ်။ လက်ကိုကိုက်တာ၊ မျက်နှာကိုက်တာဆိုရင် ပိုဆိုးတယ်။ ဒါ့အပြင် ကိုက်တာ ဘယ်လောက်များသလဲ။ ဒီပေါ်မှာမူတည်ပြီးတော့ Virus ရဲ့ Load ကလည်း များတယ်။ ဒါတွေအကုန်လုံးကို ပြည်သူသိမယ်ဆိုရင် စောစီးစွာ လာထိုးပေးမယ်။ ထိုးပေးမယ်ဆိုရင် သေမယ့်အလားအလာက အလွန်နည်းသွားပါတယ်။ ဒီအချက်တွေကို ပြည်သူလူထုက အားလုံးသိဖို့လိုပါတယ်။ နောက်တစ်ချက်က ခွေးကိုက်တဲ့အခါမှာ ကျွန်တော်တို့က ပြည်သူလူထုကို မသေအောင်၊ အန္တရာယ်မရှိအောင် ကာကွယ်ဆေးတွေဝယ်နေပါတယ်။

အစိုးရတက်လာပြီးတော့ ၂၀၁၆-၂၀၁၇ ခုနှစ်ကနေပြီး ၂၀၁၈-၂၀၁၉ ဘဏ္ဍာ ရေးနှစ်အထိ ကျွန်တော်တို့ဝယ်တဲ့ ခွေးရူးနဲ့ပတ်သက်ပြီး Antirabies  Vaccine ဝယ်တာ ၁၃ ဒသမ ၇၂ ဘီလီယံလောက်ဝယ်ရပါတယ်။ အကယ်၍သာ ခွေးမကိုက် ဘူးဆိုရင် ဒီပိုက်ဆံ ၁၃ ဒသမ ၇၂ ဘီလီယံက မကုန်ပါဘူး။ ထို့အပြင် အလွန်အန္တရာယ် ရှိတဲ့ category-3 ပေါ့။ အဆင့် (၃)မှာ အကိုက်ခံရတဲ့ လူတွေဆိုရင် အဲဒါအပြင် ကိုက်တဲ့နေရာမှာ  Rabies Immunoglobulin ထိုးပေးရပါတယ်။ အဲဒီအတွက် ကိုလည်း ဝယ်ထားတာ ၁ ဒသမ ၂ ဘီလီယံလောက်ပါတယ်။ နှစ်ခုပေါင်းဆိုရင် ၁၅ ဘီလီယံလောက် ဒီအစိုးရလက်ထက်မှာ သုံးထားပြီးပါပြီ။ တိုင်းပြည်ကလည်း ဘဏ္ဍာငွေချပေးတယ်။ ကျေးဇူးလည်းတင်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ လုပ်နေပါတယ်။ ဒီမှာကြည့်တဲ့အခါမှာ ကျွန်တော်တို့က Rabies  Vaccine ဆိုတာ တစ်လုံး၊ တစ်လုံးထိုးရင် ၈၀ဝ၀ ကျပ်ကျော် ကျပါတယ်။ ၈၀ဝ၀ ကျပ် ကျော်မှာ ကျွန်တော်တို့က Intramuscular အသားထဲထိုးရင် လေးလုံးကုန်ပါတယ်။ ငွေကျပ် ၃၂၀ဝ၀ ကျပါတယ်။ အကယ်၍ Intradermal ဆိုရင် နှစ်လုံးပဲ ကုန်တဲ့ အတွက် ၁၆၀ဝ၀ ပဲ ကျတယ်။ ကျွန်တော်တို့က ညွှန်ကြားချက် အကုန်ထုတ်ပြီးပါပြီ။ တိုင်းဒေသကြီးနှင့် ပြည်နယ်အားလုံးကို ခွေးရူးကာကွယ်ဆေးထိုးရင် ကြွက်သားထဲကို မထိုးပါနဲ့။ အရေပြားမှာ ရှပ်ပြီးထိုးဖို့။ ဒါဆိုရင်ဆေးက တစ်ဝက်နီးပါးလောက် သက်သာမှာပါ။

နောက်တစ်ခုက ခုနကပြောတဲ့ ကိုက်တဲ့ဟာမှာ ခွေးကိုက်တာ ပြင်းထန်တယ်ဆိုရင် Rabies Immunoglobulin ထိုးရပါတယ်။ တစ်လုံးကို ငွေကျပ် ၁၆၅၀ဝ ကျပါတယ်။ ဒီအပေါ်မှာလည်း ကျွန်တော်က ဆေးတစ်လုံးကနေ သုံးလုံးအတွက် ခန္ဓာကိုယ်အလေးချိန် (Body Weight) ပေါ်မှာမူတည်ပြီး ထိုးရတဲ့အတွက် ဒါလည်း ပိုက်ဆံအများကြီးကုန်ပါတယ်။ နောက်တစ်ချက်က ကျွန်တော်တို့ ပြန်ကြည့် တဲ့အခါမှာ ခွေးကိုက်နှုန်းတွေဟာ တဖြည်းဖြည်းတက်လာတာ တွေ့ရပါတယ်။ ဥပမာ ၂၀၁၇ ခုနှစ်တုန်းက လူပေါင်း ၁၈၀ဝ၀ဝ လောက် အကိုက်ခံရပါတယ်။ တစ်လ၊ တစ်လကို ၁၅၀ဝ၀ အကိုက်ခံရပါတယ်။ ၂၀၁၈ ခုနှစ်မှာ ၁၉၂၀ဝ၀ ကျော်ကို ကိုက်တဲ့အတွက် တစ်လ၊ တစ်လမှာ ၁၆၀ဝ၀ လောက် အကိုက်ခံရပါတယ်။ အခု ၂၀၁၉ ခုနှစ် ဇန်နဝါရီလကနေ စပြီးတော့ အခု ငါးလမှာဆိုရင် ၆၀ဝ၀ဝ အကိုက်ခံရ ပါတယ်။ ဒီ ၆၀ဝ၀ဝ ဟာ တစ်လ၊ တစ်လကို ၁၂၀ဝ၀ လောက် အကိုက်ခံနေရပါတယ်။ အဲဒီတော့ ဆိုလိုတာက အကိုက်ခံရတဲ့ဟာက ခွေးကများနေတုန်းပဲ ရှိပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ဒီဆေးတွေ ၁၃ ဒသမ ၇၂ ဘီလီယံတွေ ဝယ်တယ်။ Rabies Immunoglobulin တွေ ဝယ်တယ်။ သေနှုန်းကတော့ ကျသွားပါတယ်။ လွှတ်တော်ကိုယ်စားလှယ်ကြီးပြောတဲ့ ၁၉၉၅ ခုနှစ်ကနေ ၂၀ဝ၄ ခုနှစ်အထိ ၁၀ဝ၀ သေပါတယ်။ သို့သော် ၂၀၁၁ ခုနှစ်ကနေ ပြန်ကြည့်မယ်ဆိုရင် ၂၀၁၁ ခုနှစ်မှာ ၂၄၅ ဦးပဲ သေပြီးတော့ ၂၀၁၈ ခုနှစ်မှာဆိုရင် ၇၁ ဦးပဲ သေပါတယ်။ အခု ၂၀၁၉ ခုနှစ်မှာတော့ ၄၁ ဦးပဲ သေပါတယ်။ ဒါအလွန် ကောင်းတဲ့ လက္ခဏာဖြစ်ပါတယ်။ အဲဒီတော့ သေတာကိုတော့ ကျွန်တော်တို့ ကာကွယ်လို့ရတယ်။ အကိုက်မခံရတာနည်းမယ်ဆိုရင် ကျွန်တော်တို့က အများကြီး သက်သာပါတယ်။ အဲဒီတော့ ကျွန်တော်တို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ကတော့ လွှတ်တော်ကိုယ်စားလှယ်ကြီးမေးခွန်းမှာပါတဲ့ အ္တရာယ်ကင်းဖို့ဆိုရင်တော့ ဆေးတွေကတော့ ကျွန်တော်တို့ ဆက်ဝယ်ပါမယ်။ နောက်တစ်ခုက ပညာပေးလုပ်ငန်းတွေကို ပိုလုပ်ပါမယ်။ ဘာသာရေးအရတော့ ခွေးသတ်ဖို့ကိုတော့ အားမပေးပါဘူး။ သို့သော်လည်း အခု နည်းနည်းပြဿနာရှိနေတာက ခွေးချစ်သူများအသင်းလည်း ရှိနေပါတယ်။ သူတို့နဲ့လည်း ကျွန်တော်တတ်နိုင်သမျှ ညှိနှိုင်းမယ်။ စည်းရုံးမယ်။ ပညာပေးမယ်။ တတ်နိုင်သမျှကြိုးစားပြီး ခွေးချစ်သူများအသင်းနဲ့ ကျွန်တော် ညှိနှိုင်း ပြီး ဆောင်ရွက်မှာဖြစ်ပါတယ်။ နောက်တစ်ခုက ခွေးရူးကာကွယ်ဆေးအနေနဲ့ကတော့ တစ်ပြည်လုံး အတိုင်းအတာနဲ့ မြို့နယ်ပေါင်း ၃၃၀ မှာ အကုန်လုံးပေးထား ပါတယ်။ တိုက်နယ်ဆေးရုံတွေကိုတော့ မပေးနိုင်ပါဘူး။ ဘာကြောင့်လဲဆိုတော့ plus 2 to plus 8 Degree Centigrade ထားရမှာ ဖြစ်တဲ့အတွက် Cold Chain မရှိတဲ့အတွက် တိုက်နယ်ဆေးရုံတော့ မပေးနိုင်ဘူး။ မြို့နယ်ဆေးရုံအထိ ပေးထား ပါတယ်။

ရန်ကုန်မှာ ခွေးရူးရောဂါကုသမှုဌာနတွေဖွင့်

နောက်တစ်ချက်က ၁၃ ဒသမ ၇၂ ဘီလီယံသက်သာအောင် ဘာလုပ်ပါသလဲ ဆိုတော့ ရန်ကုန်မှာခွေးရူးရောဂါကုသမှုဌာနတွေ ဖွင့်ပါတယ်။ Dog Bite Centre တွေဆိုပြီး ဖွင့်ပါတယ်။ မေလ ၂၉ ရက်နေ့က စဖွင့်ပါတယ်။ ရန်ကုန်ဆေးရုံကြီး၊ မြောက်ဥက္ကလာပဆေးရုံကြီး၊ သင်္ဃန်းကျွန်းနဲ့ အင်းစိန်မှာဖွင့်ပါတယ်။ တစ်လခွဲ အတွင်းမှာ အားလုံးခွေးကိုက်တဲ့လူ ၃၃၂၆ ဦးကို ထိုးပြီးတော့ အကြိမ်ပေါင်းကတော့ ၁၁၄၆၈ ဦးထိုးလိုက်ပါတယ်။ ဒါဆိုရင် အောင်မြင်မှုတစ်ရပ်လို့လည်း ပြောလို့ရပါတယ်။ နောက်မြို့နယ်တွေကို ကျွန်တော်တို့ ပြန်လည်သုံးသပ်ပါတယ်။ ဘယ်တိုင်းဒေသကြီးနှင့် ပြည်နယ်မှာအများဆုံးဖြစ်သလဲဆိုတော့ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးမှာ အများဆုံးပါ။ ရန်ကုန်တိုင်းဒေသကြီးမှာ ၄၁၀ဝ၀ ကျော်တယ်။ မ္တလေးတိုင်းဒေသကြီးမှာ ၃၅၀ဝ၀ ၊ ပဲခူးတိုင်းဒေသကြီးမှာ ၂၄၀ဝ၀ ၊ စစ်ကိုင်းတိုင်းဒေသကြီးမှာ ၂၀ဝ၀ဝ လောက် ရှိပါတယ်။ ကျွန်တော်တို့က တိုင်းဒေသကြီးမှာရှိတဲ့ မြို့နယ်တွေကို ပြန်ကြည့်ပါတယ်။ ဘယ်မြို့နယ်မှာ အကိုက်အများဆုံးလဲ၊ ကိုက်တဲ့မြို့နယ်မှာ ပညာပေးလုပ်ငန်းတွေ လုပ်ရမယ် အစရှိသဖြင့် မဟာဗျူဟာ၊ နည်းဗျူဟာအတိုင်း လုပ်မယ်။ ဒီမြို့နယ်တွေ ကိုလည်း ကျွန်တော်တို့က High Risk၊ Medium  Risk၊ Low Risk ဆိုပြီး ခွဲပါတယ်။ ဒါနဲ့လုပ်ခြင်းအားဖြင့် လွှတ်တော်ကိုယ်စားလှယ်ကြီး လိုလားအပ်တဲ့ ပြည်သူများဟာ ခွေးရူးကိုက်ခြင်းအန္တရာယ်မှ နည်းမှာဖြစ်ပါတယ်။ ဒီကိစ္စနှင့် ပတ်သက်ပြီးတော့ ASEAN Rabies Elimination Study 2010 ရှိပါ တယ်။ အဲဒီမှာပါတဲ့ အချက်တွေကိုလည်း ကျွန်တော်တို့အားလုံး လုပ်ပါတယ်။ ဒါတွေ ကိုတော့ အသေးစိတ်မပြောတော့ပါဘူး။ All Inclusive ဖြစ်ရမှာတို့၊ Inter sectorial အဆင့်ဆင့်လိုက်လုပ်ရမယ့်ကိစ္စတွေ၊ FAO၊ WHO နဲ့ ပေါင်းပြီး လုပ်ရမယ့်ကိစ္စတွေ အားလုံးပါပါတယ်။ ဒီဟာတွေကို ကျွန်တော်တို့က လုပ်တဲ့အခါမှာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနဲ့ လုပ်လို့မရဘူး။ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနနဲ့ လုပ်လို့မရဘူး။ အားလုံးပါရတယ်။ အထူးသဖြင့် Community Based Organization တွေ၊ NGO တွေ၊ ပြည်သူလူထုတွေ အားလုံးပါဝင်မှရမှာ ဖြစ်ပါတယ်။

ခွေးပေါက်ဖွားနှုန်းကို လျှော့ဖို့လို

တတိယအချက်ကတော့ လွှတ်တော်ကိုယ်စားလှယ်ကြီးမေးမြန်းတဲ့ ခွေးတွေ အားလုံးကို ကာကွယ်ဆေးထိုးမယ့်ကိစ္စ ဖြစ်ပါတယ်။ ဒီကိစ္စကတော့ ၂၀၁၈ ခုနှစ် ခွေးရဲ့ Census ကို ကောက်တဲ့အခါမှာ ပိုင်ရှင်ရှိတဲ့ခွေးက လေးသန်းရှိပါတယ်။ ပိုင်ရှင်မရှိတဲ့ခွေးက နှစ်သန်းကျော်ရှိပါတယ်။ ဒါကိုကြည့်လိုက်မယ်ဆိုရင် သူတို့ရဲ့ ပေါက်ဖွားနှုန်းကို ကြည့်လိုက်မယ်ဆိုရင် ကြောက်ခမန်းလိလိ Time Bomb ပေါ့။ အချိန်ကိုက်ဗုံးကြီးနဲ့ တူနေပါတယ်။ ဒီဟာကိုသာ ကျွန်တော်တို့ မကိုင်တွယ်ဘူးဆိုရင် ခွေးကပေါက်မှာပဲ။ လေးသန်းနဲ့ နှစ်သန်းက ခြောက်သန်း။ ခွေးကသားမွေးပေါက်မယ် ဆိုရင် ဒီခွေးတွေကို ကာကွယ်ဆေးတွေလိုက်ထိုးလို့ ပြီးမယ့်ကိစ္စမဟုတ်ပါဘူး။ နောက်ထပ် အနှစ်တစ်ရာလည်းပြီးမှာ မဟုတ်ပါဘူး။ အဲဒီတော့ ခွေးပေါက်ဖွားနှုန်းကို လျှော့ဖို့လိုပါတယ်။ လျှော့ဖို့လိုမယ်ဆိုရင် ကျွန်တော်တို့က ဘတ်ဂျက်နည်းနည်း လိုပါတယ်။ ဥပမာဆိုရင် ခွေးတစ်ကောင်ကို ကာကွယ်ဆေးထိုးမယ်ဆိုရင် ကျပ်၇၀ဝ ကနေ ကျပ် ၁၀ဝ၀ လောက် ကုန်ပါတယ်။ ထိုးမယ်ဆိုရင်လည်း ဒီကာကွယ်ဆေးထိုးဖို့ ပြင်ပက အခြား Vaccine တွေ သုံးမယ်ဆိုရင် ၁၀ဝ၀ ကနေ ၁၅၀ဝ လောက်ကုန်တဲ့ အပြင် ခွေးကိုဖမ်းဖို့ ပိုက်ကွန်တွေ၊ Vaccine တွေအများကြီးလိုပါတယ်။ ထိုးမယ်ဆိုရင် ခွေးကို လုံးဝကလေးမရအောင်ဆိုရင်တော့ တစ်နှစ်လျှင် တစ်ကြိမ်နဲ့ သုံး၊ လေးနှစ်လောက်ဆက်ထိုးမှသာလျှင် တစ်သက်လုံးဒီခွေးက ပေါက်ဖွားမှုမရှိတော့ပါဘူး။ ဒီမှာလုပ်မယ်ဆိုရင်လည်း Logistically က သိပ်မလွယ်တာက တစ်ရက်မှာ ဆိုရင် ခွေးဖမ်းပြီးဆေးထိုးမယ်ဆိုရင် အကောင် ၁၀ဝ ကနေ ၂၀ဝ ပဲ ထိုးနိုင်မယ်။ Team တစ်ခုမှာလည်း လူငါးယောက်ပါရမယ်။ ခွေးကဖမ်းရအုံးမယ်။ ချုပ်ရအုံးမယ်။ မေ့ဆေးပေးရအုံးမယ်။ အဲဒါတွေကို အကုန်လုပ်ရပါတယ်။ အကယ်၍ Sterilization လုပ်တဲ့အခါမှာ အထီးတစ်ကောင်ကို ကျွန်တော်တို့က သင်းကွပ်မယ်ဆိုရင် ကျပ် ၁၀ဝ၀ဝ ကုန်ပါတယ်။ တစ်ရက်ကိုလုပ်နိုင်တဲ့ ခွေးကောင်ရေက ၄၀၊ ၅၀ ပဲ ကျွန်တော်တို့လုပ်နိုင်ပါတယ်။ ခွေးအမတစ်ကောင်ကို Sterilization လုပ်မယ် ဆိုရင် ကျပ် ၃၀ဝ၀ဝ ကနေ ကျပ် ၄၀ဝ၀ဝ လိုပါတယ်။ တစ်ရက်မှာဆို ခွဲရတဲ့ အချိန်လည်း လိုတယ်။ ဆိုတဲ့အခါကျတော့ အကောင် ၃၀ လောက်ပဲရမှာ ဖြစ်ပါ တယ်။ ခွေးတွေကိုတော့ ဆက်ပြီး ကာကွယ်ဆေးနဲ့ ထိန်းဖို့ဆိုတာကတော့ နည်းနည်း ခက်ပါတယ်။ ဘတ်ဂျက်က ထပ်လိုမှာဖြစ်ပါတယ်။

ခွေး Population  ကျသွားဖို့ အဓိကကျ

သို့သော်လည်း ဒီခွေး Population ရဲ့ ၇၀ ရာခိုင်နှုန်းသောခွေးကိုတော့ ကာကွယ်ဆေးတွေလုပ်ပေးမယ်ဆိုရင်တော့ ခွေးရူးရောဂါအနေနဲ့ကတော့ လျှော့သွား မှာဖြစ်ပါတယ်။ ဒါနဲ့ ဘတ်ဂျက်ကတော့ အများကြီးလိုမယ့်အတွက် Root Cause အဓိကအကြောင်းက ဘာလဲ။ အဓိကအကြောင်းသည် ခွေး Population ကျသွားဖို့ အဓိကကျပါတယ်။ ဒီကိစ္စကိုလည်း ကျွန်တော်တို့အားလုံး ဝိုင်းဝန်းစဉ်းစားရမယ်။ ခွေး Population ကျအောင် ကျွန်တော်တို့ ဘယ်လိုလုပ်မလဲ။ သို့မှသာလျှင် ကျွန်တော် ခုနကပြောတဲ့ ၁၃ ဒသမ ၇၂ ဘီလီယံက သုံးဘီလီယံလောက်ပဲ သုံးဖို့ လိုပါတယ်။ မဟုတ်ရင် ဆက်ပြီး ၁၃ ဘီလီယံကနေ ၂၀ ဘီလီယံ ဖြစ်သွားမယ်ဆိုရင် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနရဲ့ ဘတ်ဂျက်ကတော်တော်များများ ဖဲ့ပေးလိုက်ရမယ့် သဘောရှိပါတယ်။ ဒီဟာနဲ့ ပတ်သက်ပြီးတော့ ပြန်လည်ပြီးတော့ သုံးသပ်ဖို့ လိုမယ်ထင်ပါတယ်။ ကျွန်တော်တို့လည်း လုပ်တယ်။ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနကလည်းလုပ်တယ်။ INGO တွေ၊ NGO တွေလုပ်တယ်။ ဒါပေမယ့် ပြန်ပြီးတော့ ထိုင်ဖို့လိုမယ် ထင်ပါတယ်။ ဘယ်လိုလုပ်မလဲ။ လက်တွေ့ကျသော မဟာဗျူဟာ၊ နည်းဗျူဟာနဲ့ လုပ်ရမယ်။ Theoretical လုပ်လို့ မရပါဘူး။ အဘက်ဘက်က ပါဝင်ရမယ်။ လုပ်တဲ့အခါမှာ ကျွန်တော်တို့ရဲ့ ASEAN Strategy မှာပါပါတယ်။ လူမှုယဉ်ကျေးမှုဆိုင်ရာ ထောက်တိုင်(Socio Cultural Pillar)၊ နည်းပညာဆိုင်ရာထောက်တိုင် (Technical Pillar)၊ အဖွဲ့အစည်းဆောင်ရွက်မှုဆိုင်ရာ (Organization Pillar) နဲ့ အုပ်ချုပ်မှုစီမံခန့်ခွဲမှုဆိုင်ရာ (Political and Administrative Pillar) တွေနဲ့ အားလုံးဝိုင်းဝန်းပြီးတော့ လုပ်ဆောင်မှသာလျှင် အောင်မြင်မှာ ဖြစ်ပါတယ်။ သို့သော် နိဂုံးချုပ်အနေနဲ့ ကျွန်တော်တစ်ချက်ပြောချင်တာကတော့ လွှတ်တော်ကိုယ်စားလှယ်ကြီးများအနေနဲ့ မိမိတို့ မဲဆန္ဒနယ်ကို ပြန်ရောက်တဲ့ အခါမှာ မြို့နယ်မှာဖြစ်ဖြစ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်မှာဖြစ်ဖြစ် ဒါကိုဘယ်လိုလုပ်မလဲဆိုတာကို ဝိုင်းဝန်းဆွေးနွေး အကြံပြုပါ။ လွှတ်တော်ကိုယ်စားလှယ်ကြီးများက ပေးတဲ့အကြံလေးကို ကျွန်တော်တို့က Seriously သေသေချာချာ လက်ခံပြီးတော့၊ စဉ်းစားပြီးတော့ ဆက်လက်ဆောင်ရွက်မည်ဖြစ်ကြောင်း လေးစားစွာ ဖြေကြားအပ်ပါတယ်။ ကျေးဇူးအများကြီးတင်ပါတယ်။

ဥက္ကဋ္ဌ။    ။ လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား။ အခုဒီမေးခွန်းနဲ့ ဝန်ကြီးဌာနရဲ့ ဖြေကြားချက်ဟာ ပြည်သူတွေအတွက် အကျိုးဖြစ်ထွန်းမှာဖြစ်တဲ့အတွက် လွှတ်တော်ဆိုင်ရာ နည်းဥပဒေများအရ နိုင်ငံတော်ပြန်တမ်းနှင့် နိုင်ငံပိုင်သတင်းစာများမှာ ဖော်ပြနိုင်ရေးအတွက် ဆောင်ရွက်သွားမှာဖြစ်ကြောင်း ကြေညာပါတယ်။