ရန်ကုန်အသင်း နိုင်ပွဲဆက်ပြီး ဧရာဝတီအသင်း ပထမဆုံးနိုင်ပွဲရရှိ

၁၉  ဇန်နဝါရီ

 ၂၀၂၀ ရာသီ MNL အမှတ်ပေးပြိုင်ပွဲ ပွဲစဉ် (၂) နောက်ဆုံးနေ့ကို ယနေ့ညနေပိုင်းက ဆက်လက်ကျင်းပရာ ရန်ကုန်အသင်း နိုင်ပွဲဆက်ပြီး ဧရာဝတီအသင်း ပထမဆုံးနိုင်ပွဲရယူနိုင်ခဲ့သည်။

YUSC ကွင်း၌ ကျင်းပသည့်ပွဲတွင် ရန်ကုန်အသင်းက ဇွဲကပင်အသင်းကို သုံးဂိုး-တစ်ဂိုးဖြင့် အနိုင်ရခဲ့သည်။ ရန်ကုန်အသင်းသည် နှစ်ပွဲဆက်အနိုင်ရခဲ့သော်လည်း ခက်ခက်ခဲခဲရုန်းကန်ခဲ့ရပြီး နောက်မှလိုက်ကစားကာ အနိုင်ရခဲ့ခြင်းဖြစ်သည်။ ဇွဲကပင်အသင်းမှာမူ နှစ်ပွဲဆက် အရေးနိမ့်ခဲ့သော်လည်း ပထမပွဲထက် ကစားပုံပိုကောင်းလာခဲ့သည်။ ရန်ကုန်အသင်းသည် နှစ်ပွဲဆက်အနိုင်ရကာ ဂိုးကွာခြားချက်အသာဖြင့် အမှတ်ပေးဇယားတွင် ဦးဆောင်နိုင်ခဲ့သော်လည်း ခြေစွမ်းအရ အကောင်းဆုံးပုံစံရရန် ရုန်းကန်နေရဆဲဖြစ်သည်။

ရန်ကုန်အသင်းသည် ပွဲထွက်လူစာရင်းကို အပြောင်းအလဲအနည်းငယ်သာလုပ်ခဲ့ပြီး အဖွင့်ပွဲတွင် အနိုင်ရခဲ့သည့်လူစာရင်းမှ တိုက်စစ်မှူး ဘာဖိုနေရာတွင် အီမန်နျူရယ်ကို ပြောင်းလဲအသုံးပြုခဲ့သည်။ ဇွဲကပင်အသင်းမှာမူ နိုင်ငြံခြားသားကစားသမားသုံးဦးအပါအဝင် လူစုံအသုံးပြုခဲ့ပြီး ရန်ကုန်အသင်းကို ရင်ဆိုင်ခဲ့သည်။ ပထမပိုင်းတွင် ရန်ကုန်အသင်းက ကစားပုံတည်မရဖြစ်သောကြောင့် ဇွဲကပင်အသင်းက ဖိအားပေးနိုင်ခဲ့ပြီး ၁၉ မိနစ်တွင် အီမာဆင်ကဦးဆောင်ဂိုးသွင်းယူခဲ့သည်။ ဂိုးပေးလိုက်ရသောကြောင့် ရန်ကုန်အသင်း တိုက်စစ်မြင့်လာပြီး ၃၉ မိနစ်တွင် အီမန်နျူရယ်က ချေပဂိုးပြန်သွင်းခဲ့သည်။ ဒုတိယပိုင်းတွင် ရန်ကုန်အသင်းက ပိုဖိကစားနိုင်ခဲ့ပြီး ဇွဲကပင်အသင်းက ခံစစ်အားပြုကစားသောကြောင့် အခွင့်အရေးပိုမိုရရှိခဲ့သည်။ ရန်ကုန်အသင်းသည် ဖိကစားနိုင်သော်လည်း ဂိုးထပ်မံရရှိရန် ရုန်းကန်ခဲ့ရပြီး ၇၃ မိနစ်တွင် မောင်မောင်လွင်က ဒုတိယဂိုးထပ်သွင်းခဲ့သည်။ ၇၅ မိနစ်တွင် ရန်ကုန်အသင်း ပယ်နယ်တီကန်ခွင့်ရခဲ့သော်လည်း မောင်မောင်လွင်ကန်သွင်းမှုကို ဇွဲကပင်ဂိုးသမား ကာကွယ်နိုင်ခဲ့သည်။ ယင်းနောက်ပိုင်းတွင် ဇွဲကပင်အသင်းက ချေပဂိုးပြန်ရရန် ကြိုးပမ်းလာသောကြောင့် ရန်ကုန်အသင်း ခက်ခက်ခဲခဲကစားခဲ့ရသော်လည်းအနိုင်သေချာစေမည့် တတိယဂိုးကို ၉၀+၄ မိနစ်တွင် အီမန်နျူရယ်က ထပ်မံသွင်းယူခဲ့သည်။

ပုသိမ်ကွင်း၌ ကျင်းပသည့်ပွဲတွင် ဧရာဝတီအသင်းက အား/ကာသိပ္ပံအသင်းကို နှစ်ဂိုး-တစ်ဂိုးဖြင့် အနိုင်ရခဲ့သည်။ တန်းတက် အား/ကာသိပ္ပံအသင်း၏ ရုန်းကန်မှုကြောင့် ဧရာဝတီအသင်း အားကုန်ထုတ်ကစားခဲ့ရပြီးနောက်ကျဂိုးကြောင့်သာ အမှတ်ပြည့်ရခဲ့ခြင်းဖြစ်သည်။ တန်းတက်အား/ကာ သိပ္ပံအသင်းသည် နှစ်ပွဲဆက် အရေးနိမ့်ထားသော်လည်း ပြိုင်ဘက်အသင်းများကို တစ်ဂိုးအကွာဖြင့်သာ ရှုံးနိမ့်ထားပြီး ကြိုးစားအားထုတ်မှုကောင်းသည့်အသင်းအဖြစ် အသိအမှတ်ပြုရမည်ဖြစ်သည်။ ပထမပိုင်းတွင် ဂိုးမရှိသရေကျနေပြီး ၄၈ မိနစ်တွင် ပယ်နယ်တီမှတစ်ဆင့် ဆာဆက်က ဧရာဝတီအသင်းအတွက် ဦးဆောင်ဂိုးသွင်းယူခဲ့သည်။ သို့သော် ၆၁ မိနစ်တွင် အား/ကာသိပ္ပံအသင်းချေပဂိုးပြန်ရခဲ့ပြီး ဇော်မွန်အောင်က သွင်းယူခဲ့သည်။ ယင်းနောက်ပိုင်းတွင် ဧရာဝတီအသင်း အနိုင်ဂိုးရရန် တောက်လျှောက်ကြိုးပမ်းခဲ့သော်လည်း အဆုံးသတ်အားနည်း၍ ၈၆ မိနစ်မှရခဲ့ပြီး ဆာဆက်ကပင် သွင်းယူခဲ့ခြင်းဖြစ်သည်။

ပွဲစဉ် (၂) အပြီးတွင် ရန်ကုန်နှင့် ဟံသာဝတီအသင်းက ခြောက်မှတ်စီ၊ ရတနာပုံ၊ စစ်ကိုင်းနှင့် ဧရာဝတီအသင်းတို့က လေးမှတ်စီ၊ ရှမ်းယူနိုက်တက်၊ ချင်းယူနိုက်တက်နှင့် ရခိုင်အသင်းတို့က သုံးမှတ်စီ၊ မကွေးအသင်းကတစ်မှတ်ရထားပြီး Southern၊ အား/ကာသိပ္ပံနှင့် ဇွဲကပင်အသင်းတို့က နှစ်ပွဲစလုံးရှုံးကာ အမှတ်မရသေးပေ။

သတင်း-ညီမြတ်သော်တာ
ဓာတ်ပုံ-ဉီးဇေ