ရန်ကုန်အသင်း AFC Cup ပြိုင်ပွဲယှဉ်ပြိုင်ရန် ကမ္ဘောဒီးယားသို့ ထွက်ခွာ

ရန်ကုန် ၁၀ မတ်

၂၀၁၉ ရာသီ AFC Cup ပြိုင်ပွဲ အုပ်စုဒုတိယပွဲယှဉ်ပြိုင်ရန် မြန်မာကလပ် ရန်ကုန် ယူနိုက်တက် အသင်းသည် ယနေ့ညနေပိုင်းက ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့သို့ ထွက်ခွာသွားခဲ့သည်။

ရန်ကုန်အသင်းသည် ကမ္ဘောဒီးယားကလပ် နာဂါဝေါအသင်းနှင့် ယှဉ်ပြိုင်ရမည်ဖြစ်ပြီး အဖွင့်ပွဲတွင် ရှုံးပွဲကြုံတွေ့ထားသောကြောင့် ယခုပွဲတွင် အနိုင်ရရန် လိုအပ်နေခဲ့သည်။ နာဂါဝေါအသင်းနှင့် ရန်ကုန်အသင်းသည် မတ် ၁၂ ရက်တွင် ကမ္ဘောဒီးယားနိုင်ငံ၌ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။

ရန်ကုန်အသင်းတွင် အဖွဲ့ခေါင်းဆောင် ဦးနိုင်ဇော်မင်း၊ အုပ်ချုပ်သူ-ဦးမြင့်သိန်း၊ နည်းပြချုပ်-ဦးမျိုးမင်းထွန်း၊ နည်းစနစ်ဒါရိုက်တာ- ဦးဉာဏ်ဝင်း၊ ဂိုးနည်းပြ-ဦးဝင်းနိုင်၊ လက်ထောက်နည်းပြ-ဦးသူရဆွေ၊ ဂိုး-ကျော်ဇင်ထက်၊ ဆန်းဆက်နိုင်၊ နောက်တန်း-မိုကာလူး၊ ပြည့်ဖြိုးဇော်၊ ထူးခန့်လွင်၊ သူရိန်စိုး၊ နန်းဝေမင်း၊ သီဟဇော်၊ မင်းကျော်ခန့်၊ အလယ်တန်း-ရန်အောင်ကျော်၊ သက်ပိုင်စိုး၊ မောင်မောင်လွင်၊ ငြိမ်းချမ်းအောင်၊ ယာမာဇာကီ၊ ရှေ့တန်း- ဆယ်လာ၊ မီလာ၊  ကောင်းထက်စိုး၊ စိုးမင်းနိုင်တို့ လိုက်ပါသွားသည်။

ရန်ကုန်အသင်းတွင် ဒဏ်ရာနှင့် ကြံ့ခိုင်မှု မပြည့်ဝသည့် ကစားသမားများမှလွဲ၍ လူစုံပါဝင်သွားပြီး နိုင်ငံခြားသားကစားသမားလေးဦး လိုက်ပါသွားကြောင်း သိရသည်။

သတင်း-ရဲရင့်ရှိုင်း
ဓာတ်ပုံ-YUFC