ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိပြီး ကွင်းဆက်တရားခံများ ဖော်ထုတ်ဖမ်းဆီးရမိ

နေပြည်တော် ၂၆ ဇွန်

ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ဇွန် ၂၃ ရက် နံနက် ၁ နာရီခွဲတွင် Cathay Dragon Airlines ဖြင့် ဟောင်ကောင်လေဆိပ်သို့ လိုက်ပါမည့် ဝမ်းတွင်းမြို့နယ်၊ ညီနောင်ရပ်ကွက်နေ ဝင်းသူနိုင်၏ ခရီးဆောင်အိတ်အား X-Ray ဖြတ်သန်းစစ်ဆေးစဉ် အိတ်အတွင်းမှ ဘိန်းဖြူ ၂၀ဝ၀ ဂရမ် စစ်ဆေးတွေ့ရှိ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

စစ်ဆေးဖော်ထုတ်ချက်အရ ၎င်းသည်ကျောင်းနေဖက် သူငယ်ချင်းဖြစ်သူ ကျိုင်းတုံမြို့၊ (၅)ရပ် ကွက်နေ ရဲမင်း၏ မိတ်ဆက်ပေးမှုဖြင့်လှကြိုင် (ပြည်တွင်းလေကြောင်းလိုင်းတွင် လေယာဉ်မောင်း လုပ်ကိုင်နေပြီး ၂၀၁၉ မတ်လက အလုပ်မှထွက်ထားသူ)နှင့် ခင်မင်ရင်းနှီးခဲ့ကြောင်း၊ ဘိန်းဖြူများအား လှကြိုင်မှ ရန်ကုန်လေဆိပ်သို့ လာရောက်ပေးပို့ပြီး ဟောင်ကောင်သို့ ပို့ဆောင်ခိုင်းခြင်းဖြစ်ကြောင်း ထွက်ဆိုသဖြင့် မင်္ဂလာဒုံမြို့နယ်၊ ဇေကမ္ဘာအိမ်ရာဝင်းရှိ လှကြိုင်ခေတ္တတည်းခိုနေထိုင်ရာ နေအိမ်သို့ ဆက်လက်စစ်ဆေးရှာဖွေရာ လှကြိုင်အား ICE ၁၈၀ဝ ဂရမ်နှင့်အတူ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ Cabin Crew တာဝန်ဖြင့် ဝင်/ ထွက်ခွင့် ကတ်ပြား ၁ ခု၊ လှကြိုင်အမည်ပါ ပတ်စ်ပို့စာအုပ် ၃ အုပ်၊ ဝါဝါအိရွှေ(ခ)ရှန်ဖအမည်ပါ ပတ်စ်ပို့စာအုပ် ၁ အုပ်၊ Nissan Sunny မော်တော်ယာဉ် ၁ စီး တို့နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း။

ကွင်းဆက်ထပ်မံ ဖော်ထုတ်ချက်အရ ဝါဝါအိရွှေ(ခ)ရှန်ဖ တည်းခိုနေထိုင်နေသည့် ဗဟန်းမြို့နယ်ရှိ Royal Platinum Hotel၊ အခန်း(၃၀၃)သို့ စစ်ဆေးရှာဖွေရာ ၎င်းနှင့်အတူ ယွန်းဟေမာန် အားတွေ့ရှိပြီး အခန်းအတွင်းမှ ICE ဝ ဒသမ ၄ ဂရမ်၊ ကတ်တမင်းအမှုန့် ၅ ဂရမ်နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း။

ကွင်းဆက်တရားခံ တစ်ဦးဖြစ်သူ ရဲမင်းသည် ဇွန် ၂၂ ရက်ကတည်းက Cathay Dragon လေကြောင်းလိုင်းဖြင့် ဟောင်ကောင်သို့ ကြိုတင်ထွက်ခွာသွားပြီး မူးယစ်ဆေးဝါးများ သယ်ဆောင်ရောင်းချပေးရန် ခိုင်းစေစီစဉ်သူမှာ မြန်မာနိုင်ငံသို့ ခေတ္တလာရောက်သည့် နီပေါနိုင်ငံသား Mr. AashishGurung ဖြစ်ကြောင်း သိရှိရကာ ဗဟန်းမြို့နယ်၊ ငါးထပ်ကြီးတောင်ရပ်ကွက်ရှိ Platinum Square Hotel တွင်၎င်းအားဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

၎င်းတို့သည် အချင်းချင်းချိတ်ဆက်၍ မူးယစ်ဆေးဝါးများကို တာချီလိတ်မှတစ်ဆင့်ဝယ်ယူပြီး ရန်ကုန်သို့ သယ်ဆောင်ကာ ရန်ကုန်မှတစ်ဆင့် ဟောင်ကောင်သို့ပို့ရန် ဆောင်ရွက်ခဲ့ကြကြောင်း၊ ဇွန် ၂၅ ရက်တွင် ဟောင်ကောင်သို့ ကြိုတင်ထွက်ခွာသွားသူ ရဲမင်းမှာ ဟောင်ကောင်မှ ရန်ကုန်လေဆိပ်သို့ ပြန်လည်ဝင်ရောက်လာသဖြင့် စိစစ်ဖော်ထုတ် ဖမ်းဆီးနိုင်ခဲ့ပြီး ဝင်းသူနိုင်၊ လှကြိုင်၊ ဝါဝါအိရွှေ(ခ)ရှန်ဖ၊ ယွန်းဟေမန်၊ ရဲမင်းနှင့် Mr. AashishGurung တို့(၆)ဦးအား မင်္ဂလာဒုံ မြို့မရဲစခန်း၊ ဗဟန်းမြို့မ ရဲစခန်းတို့၌ ဥပဒေနှင့်အညီ ဖမ်းဆီးအမှုဖွင့် အရေးယူထားကြောင်းနှင့် ကွင်းဆက်ဆက်လက် ဖော်ထုတ်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းရရှိသည်။ 

သတင်းစဉ်