ရန်ကုန်အနောက်ပိုင်းခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ရန်ကုန်ပညာရေးတက္ကသိုလ်တို့ ပူးပေါင်း၍ “လူငယ်စကားဝိုင်း” ကျင်းပ

ရန်ကုန် သြဂုတ် ၂၂

ရန်ကုန်အနောက်ပိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် ရန်ကုန် ပညာရေးတက္ကသိုလ်တို့ ပူးပေါင်းကျင်းပသော “လူငယ်စကားဝိုင်း” ကို ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်ပညာရေးတက္ကသိုလ် Learning Hub ခန်းမ၌ ကျင်းပသည်။

အခမ်းအနားသို့ ရန်ကုန်ပညာရေးတက္ကသိုလ် ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊  ပါမောက္ခ(ဌာနမှူး)များ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ တာဝန်ရှိသူများ၊ ရန်ကုန်ပညာရေးတက္ကသိုလ်မှ အဆောင်မှူးများ၊ မော်ကွန်းထိန်းနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။
 
ဦးစွာ ရန်ကုန်ပညာရေးတက္ကသိုလ် ပါမောက္ခချုပ်က အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ရှိသူက လူငယ်စကားဝိုင်း ကျင်းပရ ခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။

ထို့နောက် လူငယ်နှင့်နည်းပညာ၊ လူငယ်နှင့်ယဉ်ကျေးမှု၊ လူငယ်နှင့်စာပေ၊ လူငယ်နှင့် ပညာရေး၊ လူငယ်နှင့်အားကစား၊ လူငယ်နှင့်ကျန်းမာရေး ခေါင်းစဉ်များဖြင့် “လူငယ် စကားဝိုင်း” ဆွေးနွေးပွဲကိုကျင်းပပြီး   တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်များကို မေးမြန်းကြရာ ဦးဆောင်ဆွေးနွေးကြသူများက ပြန်လည် ရှင်းလင်းဖြေကြားကြသည်။

ထို့နောက် ကျောင်းသား၊ ကျောင်းသူများသည် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနက ပြသထားသော နံရံကပ်စာစောင်၊ ဓာတ်ပုံပြပွဲနှင့် စာအုပ်ပြပွဲများကို ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။

သတင်းစဉ်