ရန်ကုန်-မန္တလေးကားလမ်း မြေတိုင်းကန်ကျေးရွာလမ်းခွဲအနီးတွင် ယာဉ်တိုက်မှုဖြစ်ပွားရာ အမျိုးသားတစ်ဦး သေဆုံး

မိတ္ထီလာ  ၂၂   ဇွန် 

 

ဝမ်းတွင်းမြို့နယ် မြေတိုင်ကန်ကျေးရွာလမ်းခွဲအနီးတွင် ဇွန်လ ၂၁ ရက်နေ့ မွန်းလွဲ ၁ နာရီအချိန်က ယာဉ်တိုက်မှုဖြစ်ပွားရာ အမျိုးသားတစ်ဦးသေဆုံးမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

 

ဖြစ်စဉ်မှာ ရန်ကုန်-မန္တလေးကားလမ်း မိုင်တိုင်အမှတ် (၃၆၁/၅)နှင့် (၃၆၁/၆) အကြား၊ ဝမ်းတွင်းမြို့နယ် မြေတိုင်ကန်ကျေးရွာလမ်းခွဲအနီးတွင် မြောက်မှ တောင်သို့ ဦးကောင်းကြည်(၇၄)နှစ် စီးနှင်းလာသော မော်တော်ဆိုင်ကယ်မှာ လမ်းဝဲဘက်ခြမ်းသို့ ရုတ်တရက် ချိုးကွေ့စဉ် နောက်မှလာ လာရာတူအတိုင်း အလီ(ခ)မောင်မောင် (၃၃)နှစ် မောင်းနှင်လာသော (အဝါရောင်)မော်တော်ယာဉ်က ဆိုင်ကယ်၏ နောက်ပိုင်းအား ဝင်ရောက်တိုက်မိခဲ့သဖြင့် ဦးကောင်းကြည်တွင် ဒဏ်ရာများရရှိခဲ့ပြီး အခင်းဖြစ်နေရာတွင် သေဆုံးခဲ့သည်။

 

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ ယာဉ်အားမဆင်မခြင်မောင်းနှင်သူ အလီ(ခ) မောင်မောင်အား ဝမ်းတွင်းမြို့နယ် မြို့မရဲစခန်းမှ အမှုဖွင့်ဆောင်ရွက်ထားရှိကြောင်း သိရသည်။

 

သိန်းမြင့်ကျော်(မိတ္ထီလာ)