ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင်အမှတ်(၃၂၉/၂နှင့်၃)အကြားတွင် ယာဉ်တိမ်းမှောက်မှု ဖြစ်ပွားရာ ခြောက်ဦးသေဆုံး

တံတားဦး  ၂   မတ်

ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ်အတွင်းရှိ ရန်ကုန်-မန္တလေးအမြန်လမ်း  စကားအင်းအမြန်လမ်း ရဲစခန်းအပိုင် မိုင်တိုင်အမှတ် (၃၂၉/၂နှင့်၃)အကြားတွင် မတ် ၁ ရက်  ညနေ(၄)နာရီအချိန်က ယာဉ်တိမ်းမှောက်မှု ဖြစ်ပွားရာမှ အခင်းဖြစ်နေရာ၌ လူခြောက်ဦးသေဆုံးကြောင်း သိရသည်။

 

ဖြစ်စဉ်ကြောင့် တံတားဦးမြို့နယ် စကားအင်းအမြန်လမ်းရဲစခန်းမှူး  ရဲအုပ်ညီညီအောင်နှင့် တပ်ဖွဲ့ဝင်များ၊ အသိသက်သေအဖြစ် စကားအင်းအမြန်လမ်းမီးသတ်စခန်းမှ လက်ထောက်မီးသတ်ဦးစီးမှူး ထွေးခိုင်ပါ တပ်ဖွဲ့ဝင်များ အရေးပေါ်လူနာတင်ယာဉ်အဖွဲ့မှ တာဝန်ရှိသူများနှင့်အတူ သွားရောက်ကြည့်ရှုစစ်ဆေးရာ ဖြစ်ဆေးရာ မိုင်တိုင်အမှတ် (၃၂၉/၂ နှင့် ၃) အကြားတွင် မန္တလေးဘက်မှ နေပြည်တော်ဘက်သို့  ယာဉ်မောင်း ဦးဇော်ဇော်(၅၀)နှစ် မောင်းနှင်လာသော လူမှုကူညီရေးအသင်း စာတမ်းပါ မော်တော်ယာဉ်သည်  ယာဘက်ရှေ့ဘီးပေါက်ပြီး လမ်းလယ်ကျွန်းပေါ်တွင်  တိမ်းမှောက်မှုဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

 

ယာဉ်ပေါ်တွင် ယာဉ်မောင်းပါ အမျိုးသား(၆)ဦး၊ အမျိုးသမီး(၇)ဦး စုစုပေါင်း(၁၃)ဦး ပါရှိပြီး အဆိုပါ တိမ်းမှောက်ရာမှ အမျိုးသား(၁)ဦး၊ အမျိုးသမီး (၅) ဦး ပေါင်း(၆)ဦးမှ  ထိခိုက်ဒဏ်ရာများရရှိကာ  ယာဉ်မောင်းပါ အမျိုးသား(၃)ဦး၊ အမျိုးသမီး(၃)ဦး စုစုပေါင်း (၆)ဦးမှာ အခင်းဖြစ်နေရာတွင် သေဆုံးခဲ့ကြပြီး ဒဏ်ရာရရှိသူများနှင့် သေဆုံးသူများကို အမြန်လမ်းရဲတပ်ဖွဲ့ပိုင် မော်တော်ယာဉ်ဖြင့် တံတားဦးမြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးကြကြောင်း သိရသည်။

 

ဖြစ်စဉ်ကြောင့် မော်တော်ယာဉ်မှာလည်း  ရှေ့လေကာမှန်ကွဲ၊ ခေါင်မိုးတစ်ခုလုံးပိန့်ချိုင့်၊ ယာဉ်၏ယာဘက်ဘော်ဒီ တစ်ခြမ်းလုံးပိန့်ချိုင့် ပျက်စီးခဲ့ပြီး ယာဉ်အားမဆင်မခြင် အရမ်းပေါ့ဆစွာ မောင်းနှင်သူ ယာဉ်မောင်း ဦးဇော်ဇော် အား စကားအင်းအမြန်လမ်းမကြီးရဲစခန်းက အမှုဖွင့်အရေးယူဆောင်ရွက်ထားကြောင်း သိရှိရသည်။

ရဲတင့်(ပြန်/ဆက်)