ရန်ကုန် - မန္တလေး အမြန်လမ်းမကြီးအား နိုင်ငံတကာ အဆင့်မှီ တိုးချဲ့ဖောက်လုပ်သွားရန် စီမံချက်ချထား

နေပြည်တော် ၁၅ မတ်

 

ရန်ကုန် - မန္တလေး အမြန်လမ်းမကြီးအား နိုင်ငံတကာ အဆင့်မှီ တိုးချဲ့ဖောက်လုပ်သွားရန် စီမံချက် ချထားကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းက မတ်လ ၁၄ ရက်နေ့တွင် ကျင်းပသော ပြည်သူ့လွှတ်တော်ပုံမှန်အစည်းအဝေးပွဲတွင် ပြောကြားသည်။

 

ရန်ကုန်- နေပြည်တော်- မန္တလေး အမြန်လမ်းမကြီးတစ်လျှောက်တွင် လိုအပ်နေသော အဆင့်မီ ဖြည့်စွက် ထောက်ပံ့ အင်္ဂါရပ် များ (Road Furinture and Facilities) ဖြည့်ဆည်းကာ စည်းကမ်းအားနည်း ချက်များလည်း ပြုပြင်ထိန်းသိမ်းဆောင်ရွက်ပေးရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်းကို ပုလဲ မဲဆန္ဒနယ်မှ ဒေါ်ခင်စန်းလှိုင်မှ မေးသည့်အခါ ဆောက်လုပ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းက အထက်ပါ အတိုင်းဖြေကြား ခဲ့ခြင်းဖြစ်သည်။

 

“ အမြန်လမ်းမကြီး Master Plan အရ နိုင်ငံတကာအဆင့်မှီ အမြန်လမ်းမကြီးအဖြစ် တိုးချဲ့ ဖောက်လုပ်သွားရန် ရည်ရွယ်ပြီး စီမံချက်ချမှတ် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ရန်ကုန်-မန္တလေးအမြန် လမ်းမကြီးတစ်လျှောက် တွင် ခရီးသွားပြည်သူများ အဆင်ပြေ ချောမွေ့စွာသွားလာနိုင်ရေး၊ ယာဉ်အန္တရာယ် ကင်းရှင်းရေးနှင့် လမ်းခရီးတွင် အပန်း ဖြေနားနေစားသောက်နိုင်ရေး ဦးတည်၍ ယာဉ်ရပ်နား စခန်းများ ဖွင့်လှစ်အသုံးပြုလျက်ရှိ ပါကြောင်း ” ဟု ဦးကျော်လင်းက ဖြေကြားခဲ့သည်။

 

နိုင်ငံတကာ အဆင့်မီ မြင့်တင်ဆောင်ရွက်ရာတွင် တစ်ခုအပါ အဝင်ဖြစ်သည့် ယာယီသန့်စင်ခန်းများကို ဆောက်လုပ်ရေးဝန်ကြီးဌာန လမ်းဦးစီးဌာနအစီ အစဉ်ဖြင့် ဒေသခံလုပ်ငန်းရှင်များအား လေလံခေါ်ယူ၍ လုပ်ဆောင်စေလျက်ရှိပြီး ရန်ကုန်မှ ဘောနတ် ကြီးအထိ မိုင် ၄၀ အပိုင်းကို ADB ချေးငွေဖြင့် နိုင်ငံတကာအဆင့်မှီ Expressway အဖြစ် အကောင်အထည်ဖော် ဆောင်ရွက်သွားရန် ပြည်ထောင်စုလွှတ်တော်သို့ တင်ပြထားသည်။

 

“ ADB ချေးငွေဖြင့် အပြည်ပြည်ဆိုင်ရာ စံသတ်မှတ်ချက် များနှင့် ကိုက်ညီသောလမ်းမကြီးဖြစ်ရန် AC ခင်းခြင်း၊ Raised Median မှ Depressed Median သို့ပြောင်းလဲပြီး ၂ ဒသမ ၅ မီတာရှိအတွင်း၊ အပြင်လမ်းပုခုံးပြုလုပ်ခြင်း၊ ခြံစည်းရိုးခတ်ခြင်း၊ Guard Rail များ တပ်ဆင်ခြင်းတို့ဖြင့် လက်ရှိလမ်းမကြီး ၄ လမ်း သွားအား နိုင်ငံတကာ အဆင့်မှီ လမ်းမကြီးအဆင့်ဖြစ်အောင် ဆောင်ရွက်သွားမည် ” ဟု ၎င်းက ဆက်လက်ဖြေကြားခဲ့သည်။

 

ထို့ပြင် ရန်ကုန် - မန္တလေး အမြန်လမ်းမကြီးအား အပြည်ပြည် ဆိုင်ရာ Standard ဖြစ်သော Fast, Comfrotable နှင့် Safety များပါဝင်သော Fully Access Control လမ်းမကြီးအဖြစ် လမ်းပိုင်းအား အဆင့်မြှင့် တင်သွား မည်ဖြစ်ပြီး ခရီးသွားပြည်သူများ စိတ်ချမ်းမြေ့စွာသွားလာနိုင်ရေးအတွက် သန့်ရှင်းသာယာလှပရေး လုပ်ငန်းများကို လည်းအမြန်လမ်း မိတ်ဘက်အဖွဲ့အစည်းများဖြင့် လစဉ် နောက်ဆုံးအပတ် သောကြာနေ့တိုင်း စွန့်ပစ်အမှိုက်များကောက်ယူကာ သန့်ရှင်းရေးပြုလုပ်ခြင်းများ ဆောင်ရွက်နေကြောင်းသိရသည်။

 

ဆောက်လုပ်ရေးဝန်ကြီးဌာနသည် မဟာမဲခေါင်ဒေသခွဲအတွင်း လမ်းမကြီးများ အဆင့် မြှင့်တင်ရန် ဒေါ်လာ သန်း ၃၆၀ ချေးယူမည့်အပြင် မဟာမဲခေါင် ဒေသခွဲ အရှေ့အနောက် စီးပွားရေးစင်္ကြံလမ်းတစ်လျှောက်ရှိ မြို့ များဖွံ့ဖြိုးမှု စီမံကိန်းဆောင်ရွက်ရန် အာရှဖွံ့ဖြိုးရေးဘဏ်မှ ဒေါ်လာသန်း ၈၀ ချေးယူရန်လည်း ပြည်ထောင်စုလွှတ်တော် သို့တင်ပြထားသည်။

 

မျိုးထက်ဦး ၊ သူရိန်