ရှင်ဥပဂုတ္တ မထေရ်မြတ်ဇာတ်ကားတွင် မထေရ်မြတ်၏ မိခင်အဖြစ် လီလီခိုင်ကျော် သရုပ်ဆောင်ရိုက်ကူး

၁၉ မတ်

 

အကယ်ဒမီ ဝါဝါဝင်းရွှေ၏ ကမ်းလှမ်းမှုကြောင့် ရှင်ဥပဂုတ္တမထေရ်မြတ်၏ မိခင်အဖြစ် ပါဝင်သရုပ်ဆောင်ခွင့် ရခဲ့သူ ၊ Stars & Models Agency  မှာ   စင်တင်မင်းသမီးဖြစ်သူ  လီလီကျော်ခိုင် အနေဖြင့် ဝါဝါဝင်းရွှေ ရုပ်ရှင်ထုတ်လုပ်ရေး မှ ထုတ်လုပ်ရိုက်ကူးနေသော " ရှင်ဥပဂုတ္တမထေရ်မြတ်ကြီး " ထေရုပ္ပတ္တိ အကြောင်း ကိုရုပ်ရှင်ဇာတ်ကားအဖြစ် ပြန်လည်ပုံဖော်ရိုက်ကူး ပူဇော်တင်ဆက်မှုတွင် အထူးသရုပ်ဆောင်အဖြစ် ပါဝင်ထားကြောင်း သိရသည်။

 

"ဒီကားကြီးမှာ ညီမပါဝင်ဖြစ်တာကတော့ အန်တီဝါဝါဝင်းရွှေက ဒီလိုဇာတ်ကားတစ်ကား ဖန်တီးဖို့ ရှိတဲ့အတွက် သရုပ်ဆောင်မလားဆိုပြီး ကမ်းလှမ်းခဲ့ပါတယ်။ ကျွန်မနဲ့လည်း ဇာတ်ရုပ်က ကိုက်ညီမှုရှိမယ်လို့ အန်တီက ယူဆပုံရပါတယ်။ ကျွန်မအတွက်ကတော့ အခက်အခဲအများကြီးရှိပါတယ်။ ကိုယ်က အနုပညာမှာ တက်သစ်စဖြစ်တဲ့အတွက် အတွေ့အကြုံအားနည်းပါတယ်။ သင်ယူရတာတွေလည်း အများကြီးရှိခဲ့တယ်”ဟု လီလီခိုင်ကျော်က ပြောကြားသည်။

 

အဆိုပါသရုပ်ဆောင်မှုတွင် ဒါရိုက်တာဟိန်းစိုး၊ ဒေါ်ဝါဝါဝင်းရွှေ၊ ဒါရိုက်တာ ဗန်းကြီးစသည့် ဆရာသမားသုံးဦး စလုံးမှ စကားလုံး ပြောဆိုပုံမှအစ သင်ကြားပေးကြကြောင်းသိရပြီး ယခုဇာတ်ကားသည် ပုံမှန်ရိုက်ကူးနေကျ ဇာတ်ကားမဟုတ်ဘဲ စကားသုံးနှုန်းပုံများတွင် ရှေးခေတ်ဘုရင်စနစ် အသုံးအနှုန်းများကိုလည်း ထည့်သွင်းထားခြင်းကြောင့် လေယူလေသိမ်းမှအစ သတိထားသင်ယူလေ့လာရကြောင်း သိရသည်။

 

ထို့ပြင် အဝတ်အစားပိုင်းတွင်လည်း ရှေးခေတ် ဝတ်စားဆင်ယင်ပုံကို ဝတ်ဆင်ရခြင်းဖြစ်ပြီး ချည်ထည်များကို အဓိကအသုံးပြုထားကြောင်း လီလီခိုင်ကျော်က ပြောသည်။ “ဒီဇာတ်ကားက ရာဇဝင်မှာလည်း ရှိနေတဲ့ ဇာတ် မျိုးဖြစ်တာကြောင့် သရုပ်ဆောင်မှုအပိုင်းမှာ မလွဲချော်အောင် သတိထားထိန်းသိမ်းရပါတယ်။ ယဉ်ကျေးမှု ဝန်ကြီးဌာနက ပညာရှင်တွေနဲ့လည်း ဆွေးနွေးတိုင်ပင်တာမျိုးတွေ လုပ်ခဲ့ရပါတယ်။ ဘယ်လိုနေရာမှာ ဘယ်လို အဝတ်အစားဝတ်မယ်ဆိုတာကအစ သူတို့နဲ့ ညှိနှိုင်းပြီးမှ ရိုက်ကူးတင်ဆက်တာဖြစ်တယ်”ဟု သူကပြောသည်။

 

လီလီခိုင်ကျော်သည် အဆိုပါဇာတ်ကားအတွင်း ကလေးတစ်ဦး၏ မိခင်နေရာတွင် သရုပ်ဆောင်ရသည့်အတွက် မိခင်၏ ပြောဆိုနေထိုင်ပုံများနှင့် သားသမီးများအပေါ်ထားရှိသည့် စိတ်နေစိတ်ထား မျက်လုံးအနေအထားမှ အစ လေ့လာထားရကြောင်း၊ မင်းသမီးအနေဖြင့် သရုပ်ဆောင်ရခြင်းကြောင့် လုပ်ကွက်လည်း များကြောင်း၊ ပေးအပ်လာသည့် တာဝန်ကို ယုံကြည်စွာအပ်နှင်းနိုင်ရန်အတွက်လည်း အကောင်းဆုံးကြိုးစားထားကြောင်း သိရသည်။

 

အဆိုပါ ဇာတ်ကားကို ဒါရိုက်တာ အကယ်ဒမီဝါဝါဝင်ရွှေ ၊ဦးဟိန်းစိုး၊ ဗန်းကြီး၊ ဝင်းထွန်းဝင်း တို့ ပူးပေါင်းရိုက်ကူးပြီး  ဇာတ်လမ်း သန်လျင် မင်းကြည်လှိုင် ၊ဇာတ်ညွန်း အကယ်ဒမီ မြင့်ဦးမြင့်မြင့် ၊  သရုပ်ဆောင် အကယ်ဒမီ ရန်အောင် ၊ရဲအောင် ၊ ဆုပန်ထွာ ၊ဝါဇင် ၊ လီလီကျော်ခိုင် ၊ လူမုန်း နှင့် အနုပညာရှင်များ စွာပါဝင်သရုပ်ဆောင်ထားကြောင်း သိရသည်။

 

ကိုလင်း