ရင်တွင်းစကား

 

မောင်အောင်

 

“ကျွန်တော်တို့ တောင်သူတွေကို မျိုးစေ့ပေးပြီး နေကြာစိုက်ခိုင်းတာတော့ ဟုတ်ပါပြီ။ ကျွန်တော်တို့လည်း ကိုယ်ပိုက်ဆံရဖို့ဆိုတော့ စိုက်ချင်တာပေါ့။ အဲဒါပေမယ့် ဘယ်မှာလဲ မြေဆီ။ မြေဆီက မနှစ်တစ်နှစ်တုန်းက တစ်အိတ်မှ သုံးသောင်းခွဲ လေးသောင်းပဲရှိတာ၊ အခုတစ်အိတ်ကို ရှစ်သောင်း၊ ကိုးသောင်း ဖြစ်နေပြီ။ ဒါတောင်ဈေးပဲပေါက်တာ။ ဝယ်ချင်တိုင်း ဝယ်လို့ရတာမဟုတ်ဘူး။ အဲပြီးတော့ နေကြာမျိုးစေ့တင်ပေးလို့ရတာမဟုတ်ဘူး။ ထွန်ဖို့ ယက်ဖို့တွေ၊ စိုက်စရိတ်တွေ၊ ကြားပေါင်းလိုက်တာတွေ အများကြီးကုန်ရဦးမှာ။ ပိုပြီးဆိုးတာက နေကြာထွက်လာရင် ဈေးနှုန်း၊ ပြီးတော့ ဘယ်သူကဝယ်မှာလဲ။ ဝယ်မယ့် လူရှိဖို့လိုတယ်။ သင့်တဲ့ဈေးနှုန်းနဲ့ ဝယ်ဖို့လိုတယ်။ အစိုးရက ဈေးသတ်မှတ်ပေးဖို့လိုတယ်။ သတ်မှတ်ပေးတဲ့ဈေးကလည်း ကျုပ်တို့တောင်သူတွေအတွက် မျှတတဲ့ဈေးနှုန်း ဖြစ်ဖို့လိုတယ်။ အထိုက်အလျောက် အကျိုးအမြတ်ရှိဖို့လိုမယ်။ အဲဒါမှ နိုင်ငံတော်က ပြောတဲ့အတိုင်း ကျွန်တော်တို့တောင်သူတွေ နေကြာစိုက်လို့ ဖြစ်မှာပေါ့။ အဲ့ဒါလေးကိုတော့ ဖြေကြားပေးစေချင်ပါတယ်။”

 

မေလ ၂၉ ရက်က မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့နယ် နတ်ချောင်းကျေးရွာ၏ အရှေ့ဘက်လေးမိုင်အကွာ စိုက်ပျိုးရေးဦးစီးဌာနကင်ပွန်းတောင်ကြံသုတေသနနှင့် နည်းပညာဖွံ့ဖြိုးရေးခြံတွင် နေကြာစိုက်တောင်သူများနှင့် တွေ့ဆုံပွဲ၌ နေကြာစိုက်တောင်သူ ဦးခင်မောင်ဆွေက ဆွေးနွေးမေးမြန်းလာခြင်း ဖြစ်ပါသည်။

 

သည်ခရီးကို ယမန်နေ့က စတင်ခဲ့ပါသည်။ ကျွန်တော်တို့နိုင်ငံတွင် ဆီနှစ်ဆီ ရှားပါးမှုနှင့် ပတ်သက်၍ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကကြီးက ရေ၊ မြေ၊ ရာသီဥတုအခြေအနေပေးပြီး ဆီထွက်သီးနှံများ ဖြစ်ထွန်းအောင်မြင် နေပါလျက် ပြည်ပမှစားအုန်းဆီ နှစ်စဉ်ဒေါ်လာသန်းပေါင်းများစွာ အကုန်အကျခံ၍ တင်သွင်းနေရမှုနှင့် ပတ်သက်ပြီး စားအုန်းဆီထက် ပြည်သူ့ကျန်းမာရေးနှင့် ပိုမိုသင့်လျော်ပြီး ယခင်ကလည်း စိုက်ပျိုးဖြစ်ထွန်းအောင်မြင်သည့် နေကြာသီးနှံတိုးချဲ့ စိုက်ပျိုးရန် လမ်းညွှန်မှာကြားခဲ့ပါသည်။ ဆီထွက်သီးနှံတိုးချဲ့စိုက်ပျိုးရေး ဗဟိုကော်မတီကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနဝန်ကြီးက ဥက္ကအဖြစ်ပါဝင်ပြီး ဆက်စပ်ဝန်ကြီးဌာနများမှ ဝန်ကြီးငါးပါး ဦးဆောင်၍ ဖွဲ့စည်းခဲ့ပါသည်။ ဆီထွက်သီးနှံ တိုးချဲ့စိုက်ပျိုးရေး လုပ်ငန်းကော်မတီကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဌာန ဒုတိယဝန်ကြီးအား တာဝန်ပေးအပ်ခဲ့ပါသည်။

 

သို့ဖြစ်၍လည်း မြန်မာတစ်နိုင်ငံလုံးတွင် နေကြာသီးနှံဧက ၁၅ ဒသမ ၃ သိန်း စိုက်ပျိုးရေး အတွက် ပြီးခဲ့သည့်နှစ်လခန့်က အဓိကတိုးချဲ့ စိုက်ပျိုးရမည့် တိုင်းဒေသကြီးများဖြစ်သည့် မကွေး တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်း ဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ဧရာဝတီတိုင်း ဒေသကြီးနှင့် ရှမ်းပြည်နယ်တို့သို့ သွားရောက်၍ သက်ဆိုင်ရာ ဝန်ကြီးချုပ်များနှင့်တွေ့ဆုံကာ လိုအပ်ချက်များကို ပံ့ပိုးကူညီနိုင်ရေး၊ လိုအပ်သည့် အစီအမံများချမှတ်ရေး ကျွန်တော် ညှိနှိုင်းဆွေးနွေးဆောင်ရွက်ခဲ့ပါသည်။ ယခုနေကြာ မိုးကြိုမျိုးစေ့ထုတ် စိုက်ပျိုးရေးရာသီ ကျရောက်လာပြီဖြစ်၍ လိုအပ်ချက်များကို ထပ်မံဖြည့်ဆည်း ဆောင်ရွက် ပေးရန် ကျွန်တော်လာရောက်ခဲ့ခြင်း ဖြစ်ပါသည်။

 

မေလ ၂၈ ရက်က နေပြည်တော်မှ စတင်ထွက်ခဲ့ ပြီး ဆဒ္ဒန်ရေလှောင်တမံကို ဝင်ရောက်ကြည့်ရှုခဲ့ပါသည်။ ယမန်နှစ်ကနှင့်မတူ မိုးသုံးလေးကြိမ်ရွာပြီး မိုးလေဝသမှန်ကန်သဖြင့် ဆဒ္ဒန်ဆည်ရေပြည့်နေပြီ။ ရေပိုလွှဲမှ ရေများပင်ကျော်၍ ကျနေသည်။

 

“ဒီနှစ်တော့ နွေစပါးနဲ့ တခြားသီးနှံစိုက်ပျိုးချင်တဲ့ သူတွေအတွက် လိုအပ်တဲ့ရေကို လိုသလောက် ပေးနိုင်ပါပြီ” ဟု ဆည်မြောင်းအင်ဂျင်နီယာက ဝမ်းသာအားရပြောလာသည်။ ရှိနေသည့်ရေကို အလေအလွင့် မဖြစ်စေရေး အကျိုးရှိရှိအသုံးချရေးအတွက် နွေစပါးဧကတိုးချဲ့စိုက်ပျိုးရေး၊ ပဲမျိုးစုံတိုးချဲ့စိုက်ပျိုးရေးနှင့် ယာသီးနှံစိုက်ပျိုးရေးကို မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီ၊ ဆည်မြောင်းဦးစီး ဌာနနှင့် စိုက်ပျိုးရေးဦးစီးဌာနတို့ ပူးပေါင်းညှိနှိုင်း ဆောင်ရွက်ကြရန် ဆွေးနွေးမှာကြားခဲ့ပါသည်။ ပြီးတော့ကျွန်တော်နှင့်အဖွဲ့ မကွေးမှတစ်ဆင့် ပွင့်ဖြူ၊ စလင်း၊ ဆင်ဖြူကျွန်းမြို့နယ်များတွင် စိုက်ပျိုးထား သည့် နေကြာစိုက်ခင်းများကို ကြည့်ရှုစစ်ဆေးပြီး နေကြာစိုက်တောင်သူများနှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

 

ပွင့်ဖြူနှင့် စလင်းမြို့နယ်များရှိ ယာခင်းများသည် ဆည်ရေသောက်စိုက်ခင်းများဖြစ်ပြီး ယခုနှစ် မေလအတွင်း မိုးရွာသွန်းမှုကြောင့် စိုက်ရေးပျိုးရေး အဆင်ပြေကြကြောင်း သိရှိရ၍ ဝမ်းသာကြည်နူးမိပါသည်။ ညနေပိုင်းတွင် မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တွေ့ဆုံ၍ နေကြာလျာထား စိုက်ဧကပြည့်မီအောင် စိုက်ပျိုးရေးကိစ္စ ဆွေးနွေးရာတွင် လည်း တိုင်းဒေသကြီးဝန်ကြီးချုပ်၏ အားတက်သရော ဆွေးနွေးချက်များက ကျေနပ်နှစ်သိမ့်စရာ ဖြစ်ခဲ့ရပါသည်။

 

၂၉ ရက် နံနက်တွင် မကွေးမြို့နယ် ကံလှကျေးရွာ ၌ နေကြာစိုက်တောင်သူများနှင့်တွေ့ဆုံ ဆွေးနွေး၍ လိုအပ်ချက်များကို ဖြည့်ဆည်းပေးခဲ့ပြီး တောင်တွင်းကြီးမြို့နယ် ကင်ပွန်းတောင် ကြံသုတေသနစခန်း၌ နေကြာစိုက်တောင်သူများနှင့် တွေ့ဆုံရာတွင် ဦးခင်မောင်ဆွေက လိုအပ်ချက်များကို ယခုကဲ့သို့ ဆွေးနွေးတင်ပြလာခြင်း ဖြစ်ပါသည်။ ဦးခင်မောင်ဆွေ ဆွေးနွေးအပြီး ထပ်မံ ဆွေးနွေးရန် ဖိတ်ခေါ်ချက်အရ သပြေပင်ကျေးရွာမှ ဦးမြင့်ဦးနှင့် ကံပြေးကျေးရွာအုပ်စုမှ ကိုထွန်းထွန်း တို့ကလည်း ဖြည့်စွက်ဆွေးနွေးကြပါသည်။

 

“ဆရာ ဦးခင်မောင်ဆွေက ပညာရေးဝန်ထမ်း အငြိမ်းစားလား”

 

ဦးမြင့်ဦးနှင့် ကိုထွန်းထွန်းတို့ ဆွေးနွေးအပြီး တွင် ဦးခင်မောင်ဆွေအား ကျွန်တော်က မေးလိုက်ခြင်းဖြစ်ပါသည်။

 

“ဟုတ်ပါတယ်။ ကျွန်တော်မူလတန်း ကျောင်းအုပ်အငြိမ်းစားပါ။”

 

“တွေ့ရတာဝမ်းသာပါတယ်ဆရာ။ ဆရာ အသက်ဘယ်လောက်ရှိသွားပြီလဲ။”

 

ဦးခင်မောင်ဆွေက တောင်သူဦးကြီးပီပီ တုတ်တုတ်၊ တောင့်တောင့်။ ကျန်းမာရေးကောင်းသူ ဖြစ်သည်။

 

“၇၃နှစ် ပြည့်ပြီးပြီ။ ၇၄ နှစ် ထဲမှာ”

 

“ဝမ်းသာပါတယ်ဆရာ။ ကျွန်တော့ထက် အသက်ပိုကြီးပြီး ကျွန်တော့ထက်ပိုပြီးကျန်းမာ၊ ပိုပြီးနုပျိုတဲ့ ဆရာ့ကို တွေ့ရ၊ ခင်မင်ရတဲ့အတွက် ဝမ်းသာပါတယ်။”

 

ကျွန်တော်၏ ရင်းရင်းနှီးနှီး ပြောလိုက်သည့် စကားကြောင့် ဆရာဦးခင်မောင်ဆွေ ပြုံးနေပါသည်။

 

“ဆရာ စောစောကမေးတဲ့ မေးခွန်းတွေ၊ ကျွန်တော်ပြန်ပြီးဖြေပါ့မယ်။ အထူးသဖြင့် ဆရာတို့ တောင်သူတွေ တောင်းဆိုနေကြတဲ့ မြေဆီပေါ့ဆရာ။ ဓာတ်မြေဩဇာ။ သီးနှံတွေမှာ ဓာတ်မြေဩဇာ ထည့်ပြီးစိုက်ရင် သီးနှံတွေအထွက်တိုးမယ်။ တောင်သူတွေ ဓာတ်မြေဩဇာ ဈေးသက်သက်သာသာနဲ့ လိုချင်တယ်။ ပေါပေါများများ ဝယ်ချင်တယ်ဆိုတာ ကျွန်တော်တို့ တာဝန်ရှိသူတွေ သဘောပေါက်ပါတယ်။ ကျွန်တော်လည်း လယ်သမားမျိုးရိုး၊ တောင်သူမျိုးရိုးပါဆရာ။ ဆရာတို့က မြေဆီ (ဓာတ်မြေဩဇာ) ရောင်းပေးဖို့ ရိုးရိုးပြောတာ။ ကျွန်တော့အမျိုးတွေကဆို ဖုန်းဆက်ပြီး “ဟေ့ကောင် ဗိုလ်အောင် မင်းတို့တာဝန်ယူမှ ဓာတ်မြေဩဇာတွေ ဒီလောက်ဈေးတက်နေတာ၊ ရှားပါးနေတာ၊ မင်းတို့မသိဘူးလား။ မင်းဘဝ မေ့သွားပြီလား။ မင်းကို ဒီတောရွာက ပညာသင်ပေးတာ မေ့သွားပြီလား”လို့ ဒီလိုတောင်မေးကြတယ်။ ဖေ့စ်ဘုတ်ကနေ ရေးကြတာ။”

 

“ကျွန်တော်တို့လည်း ကျွန်တော်တို့တောင်သူတွေ လယ်သမားတွေ စိုက်ရေးပျိုးရေးအတွက် ဓာတ်မြေဩဇာ လိုအပ်တယ်ဆိုတာ သိတာပေါ့။ သိပ်ပြီးသိတာပေါ့။ အဲဒါပေမယ့် ပြီးခဲ့တဲ့ ၂၀၂၀-၂၀၂၁ ကိုဗစ်ရောဂါဖြစ်တာ အားလုံးအသိပဲ။ လူတွေသောင်းနဲ့ သိန်းနဲ့ချီပြီးသေကြတယ်။ ဒီလိုသေကြတော့ ဆရာလည်းသိတဲ့အတိုင်း၊ အစိုးရက မြို့တွေ၊ ရွာတွေကို ရောဂါပျံ့မှာစိုးလို့ Lock Down (လော့ဒေါင်း) ချတယ်။ တစ်မြို့နဲ့တစ်မြို့ သွားလို့မရဘူး။ လူတွေ Stay at home (အိမ်ထဲမှာပဲ) နေကြရတယ်။ ကျွန်တော်လည်း ဆရာ့ထက် ၃-၄ နှစ် ငယ်တယ်ဆိုပေမယ့် ခုနစ်ဆယ်ဝန်းကျင်ပဲ။ ဆရာ ပြန်ပြီးစဉ်းစားကြည့်လေ။ ကျွန်တော်တို့ တစ်သက်မှာ ကားတွေမထွက်ရတာ၊ လေယာဉ်ပျံတွေမထွက်ရတာ၊ ရထားတွေမထွက်တာ၊ တစ်မြို့နဲ့ တစ်မြို့၊ တစ်ရွာနဲ့ တစ်ရွာ မသွားရတာ၊ ဘယ်နှခါဖြစ်ဖူးလဲ။”

 

“တစ်ခါမှမဖြစ်ဖူးဘူး။”

 

ဦးခင်မောင်ဆွေက ပြန်ဖြေလာသည်။

 

“အခု ပြီးခဲ့တဲ့နှစ်မှာ အဲဒီလိုဖြစ်တယ်လေဆရာ။ လော့ဒေါင်းချတော့ အိမ်ထဲမှာပဲနေကြရတော့ ရုံးတွေ၊ စက်ရုံအလုပ်ရုံတွေလည်း ပိတ်ကြရတယ်။ ပထမတော့ ကိုယ်အိမ်ထဲ ကိုယ်နှပ်နေရတော့ အကြိုက်ပေါ့။ နောက်ကျတော့ လက်လှုပ်မှ ပါးစပ်လှုပ်ရမယ့်လူတွေ ကြိုက်ပါဦးမလား။ ဘယ်ကြိုက်ပါ့မလဲ။ အလုပ်လုပ်ကြရတယ်။ အဲ-ဆရာတို့ ပြောပြောနေတဲ့ ဓာတ်မြေဩဇာ၊ မြေဆီက ကျွန်တော်တို့နိုင်ငံမှာ တောင်သူတွေ တစ်နှစ် တစ်နှစ်သုံးတာ တန်ချိန် ဆယ်သန်းလောက်လိုတယ်။ ဓာတ်မြေဩဇာ ထုတ်လုပ်တဲ့နိုင်ငံတွေက ဝယ်ပြီး တောင်သူတွေကို ပြန်ပြီးဖြန့်ပေးရတာ။ ကျွန်တော်တို့နိုင်ငံမှာ ဓာတ်မြေဩဇာစက်ရုံလေးရုံ လောက်တော့ရှိတယ်။ နှစ်ရုံပဲလည်နိုင်ပြီး ကျန်တဲ့နှစ်ရုံက မလည်နိုင်ဘူး။ လည်တော့လည်း တစ်နှစ်မှ တန်ချိန် လေးသောင်းလောက်ပဲထုတ်နိုင်တာ။ အဲဒီ စက်ရုံလည်း ကိုဗစ်ကြောင့် ရပ်ထားရတယ်။”

 

“အဲဒီတော့ ဆရာစဉ်းစားကြည့်လေ။ ဈေးနှုန်းဆိုတာ ကုန်ပစ္စည်းပေါရင် ဈေးပေါတာပဲ။ ကုန်ပစ္စည်းရှားရင် ဈေးကြီးတာပေါ့။ အဲ့ဒါကြောင့် ဓာတ်မြေဩဇာက ဈေးကြီးနေတာ။ ကျွန်တော့အမျိုးတွေ ကျွန်တော့ကိုအော်ဆဲနေလည်း ဘာမှ လုပ်လို့မရဘူး။

 

ဒီကြားထဲ ကိုဗစ်က ကျွန်တော်တို့နိုင်ငံမှာသာ ရောဂါကူးစက်ဖြစ်ပွားမှုက အစိုးရရဲ့ စနစ်တကျ စီစဉ်မှုနဲ့ ပြည်သူတွေရဲ့ လိုက်နာမှုကြောင့် လျော့သွားတာ။ ခုချိန်ထိ သိန်းသောင်းချီပြီး သေနေတဲ့ နိုင်ငံတွေက ရှိနေတုန်းပဲ။ အထူးသဖြင့် ကျွန်တော်တို့ကို ဓာတ်မြေဩဇာရောင်းနေတဲ့ နိုင်ငံတွေက ကိုဗစ်ရောဂါကြောင့် စက်ရုံတွေပိတ်ထားပြီး သူတို့ မထုတ်နိုင်ရင် ကျွန်တော်တို့ကို ဘယ်လိုလုပ်ပြီး ရောင်းပေးမှာလဲ။ ကျွန်တော်ပြောတာ မဟုတ်ဘူးလား။ အဲဒါရှိတဲ့ဓာတ်မြေဩဇာလေးတော့ တောင်သူတွေကို ရသလောက်မျှတပေးပြီး ရေနည်းနည်းပဲလိုတဲ့၊ မြေဆီလည်းနည်းနည်းပဲလိုပြီး ကရိကထမများတဲ့၊ သင့်တင့်လျောက်ပတ်တဲ့ အမြတ်ရစေတဲ့ နေကြာကို စိုက်ခိုင်းတာ။”

ကျွန်တော်ပြောရတာမောသွား၍ ရှေ့မှာရှိသည့် ဖန်ခွက်ထဲက ရေကို မော့သောက်ဖြစ်သည်။

 

“ဓာတ်မြေဩဇာ လုံလုံလောက်လောက် မရတာတော့ထားပါတော့။ ထွန်ယက်ဖို့ ငွေလိုတာတို့၊ နေကြာထွက်လာရင် ဈေးနှုန်းအာမခံဖို့တို့ကရော ဘယ်လိုအခြေအနေရှိမလဲ။”

 

ဦးခင်မောင်ဆွေက ကျွန်တော်မေ့သွားမည် စိုး၍ထင့် ထပ်ပြီးမေးလာသည်။

 

“စိုက်ပျိုးစရိတ်ချေးငွေနဲ့ ပတ်သက်လို့ကတော့ ကျွန်တော်တို့ကြိုတင်ပြီး စဉ်းစားထားပါတယ်။ အရင်တုန်းက စပါးသီးနှံတစ်မျိုးပဲ စိုက်စရိတ်ချေးငွေ ကြိုတင်ပေးခဲ့တာ။ အခုတော့ ပြီးခဲ့တဲ့နှစ် ကိုဗစ်ရောဂါကြောင့် တောင်သူတွေ ငွေရေးကြေးရေး အခက်အခဲရှိမယ်ဆိုတာ ကျွန်တော်တို့ တာဝန်ရှိသူတွေ ကြိုတင်ပြီးစဉ်းစားပြီးသားပါ။ အဲဒီအတွက်ကြောင့် သီးသန့်စိုက်တဲ့ နေကြာခင်းတွေကို တစ်ဧက စိုက်စရိတ်ချေးငွေ တစ်သိန်းချေးဖို့ နဲ့ ဧက ၃၀၀၀ နဲ့အထက် အထူးစိုက်ကြတဲ့ မြို့နယ်တွေမှာ တစ်ဧက တစ်သိန်းခွဲ ကြိုတင်ချေးပေးဖို့ စီစဉ်ထားပြီးဖြစ်ပါတယ်။ တစ်နိုင်ငံလုံးဆိုရင် ငွေကျပ် ၁၀၀ ဘီလီယံတောင် ချေးပေးဖို့လျာထား ပါတယ်။”

 

“ဒီလိုဆိုတော့ ဆရာတို့ဝန်ကြီးဌာနက မဆိုးပါလား။ တွက်ချက်စဉ်းစားထားတာပဲ။”

 

ကျွန်တော့စကားကို ဦးခင်မောင်ဆွေက မှတ်ချက်ပြုလိုက်သည်။

 

“ဆရာရေ ကျွန်တော်တို့ဝန်ကြီးဌာနတင်မကဘူး။ နိုင်ငံတော်အစိုးရကပါ တွက်ချက်စဉ်းစားပြီး ဆောင်ရွက်ထားတာ။ ဒါတင်မကဘူး ဆရာမေးထားတဲ့ နေကြာပေါ်လာရင်လည်း သင့်တင့်မျှတတဲ့ ဈေးနှုန်းနဲ့ ဝယ်ဖို့ကိစ္စ။ ဒါကိုလည်း ထည့်သွင်းစဉ်းစား ပြီးသားပါ။ ဆရာတို့ ကျွန်တော်တို့ အသက် ၆၀ ကျော်တွေက ဆိုရှယ်လစ်စနစ်မီပါတယ်။ တစ်ပါတီ စနစ် အလွန်ကောင်းပါတယ်။ အဲဒီတုန်းက အစိုးရ စိုက်ခိုင်းတဲ့စပါး၊ သီးနှံပဲ စိုက်ရတယ်။ ပြီးတော့ စပါးတစ်ဧကစိုက်ရင် သတ်မှတ်တဲ့စပါးတင်း အရေအတွက် နိုင်ငံတော်ကိုပြန်သွင်းရတယ်။ ဆရာတို့ ကျွန်တော်တို့ငယ်ငယ်တုန်းက ဆန်တစ်ပြည် ၆၅ ပြားလေ။ မှတ်မိတယ်မဟုတ်လား။”

 

ကျွန်တော့စကားကို ဦးခင်မောင်ဆွေပြုံး၍ ခေါင်းညိတ်ပြီး ထောက်ခံသည်။

 

“အဲဒီတုန်းက တစ်ပါတီစနစ် ဆိုရှယ်လစ် စီပွားရေးစနစ်။ အဲဒီတစ်ပါတီစနစ်ကို ကြာလာတော့ လူတွေက မကြိုက်ကြဘူးဆိုပြီး ဝိုင်းပြီးဆန္ဒပြကြလို့ ၁၉၈၈ ခုနှစ်မှာ ဆန္ဒပြပွဲတွေဖြစ်၊ အရေးအခင်းတွေဖြစ်ပြီး တစ်ပါတီစနစ် ကျဆုံးသွားတယ်။ အဲဒီမှာ တပ်မတော်အစိုးရက နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့အနေနဲ့ နိုင်ငံတော်တာဝန်ယူပြီး ပါတီစုံစနစ်နဲ့ ဈေးကွက်စီးပွားရေးစနစ်ကို ထူထောင်ပေးခဲ့တယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေရေး ဆွဲပြီး ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို ၂၀၁၀ ပြည့်နှစ်မှာ ကျင်းပပေးခဲ့တယ်။ ဆရာတို့ ကျွန်တော်တို့ ဆန္ဒမဲပေးခဲ့ကြတယ်။ ၂၀၁၁ ခုနှစ် မှာ သမ္မတကြီး ဦးသိန်းစိန်ဦးဆောင်တဲ့ အစိုးရအဖွဲ့ ရွေးကောက်ပွဲနိုင်လို့တက်လာပြီး တိုင်းပြည်ကို တာဝန်ယူခဲ့တယ်။ ဖွံ့ဖြိုးတိုးတက်အောင်လုပ်ခဲ့တယ်။ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမှာတော့ သမ္မတ ဦးဝင်းမြင့် ဦးဆောင်တဲ့ပါတီက အနိုင်ရပြီး နိုင်ငံတော်တာဝန်ယူခဲ့တယ်။ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲမှာတော့ မဲမသမာမှု တွေဖြစ်ပွားတာကြောင့် ပါဝင်ယှဉ်ပြိုင်ကြတဲ့ ပါတီ တွေက ဝိုင်းပြီးကန့်ကွက်ကြတယ်။ တာဝန်ရှိတဲ့ အစိုးရက ဖြေရှင်းမပေးဘဲ လွှတ်တော်ကိုဇွတ်ခေါ်ပြီး လုပ်ဖို့စီစဉ်တာကြောင့် ပြီးခဲ့တဲ့နှစ်ကစပြီး တပ်မတော်က နိုင်ငံ့တာဝန်ယူပြီး တိုင်းပြည်ဖွံ့ဖြိုး တိုးတက်အောင် လုပ်ပေးခဲ့တယ်။”

 

“တပ်မတော်က တာဝန်ယူတဲ့ တစ်နှစ်တာ ကာလအတွင်းမှာ ကိုဗစ်ရောဂါဖြစ်ပွားမှုကို အတတ်နိုင်ဆုံး ထိန်းချုပ်ဆောင်ရွက်ခဲ့တာကြောင့် ကမ္ဘာမှာ တိုးတက်တယ်ဆိုတဲ့ နိုင်ငံတွေမှာတောင် ကိုဗစ်ဖြစ်ပွားမှုမလျော့ပေမယ့် ကျွန်တော်တို့နိုင်ငံမှာ ကိုဗစ်ဖြစ်ပွားမှု လုံးဝကျဆင်းသွားတာကြောင့် ခင်ဗျားတို့တောင်သူတွေတောင် မက်စ် (Mask) မတပ်ကြတော့ဘူး။ ဒါပေမယ့် ပေါ့တော့မပေါ့ကြပါနဲ့။ ကိုဗစ်ကိုတော့ သတိထားကြပါ။ တကယ်တော့ ဈေးကွက်စီးပွားရေးစနစ်မှာ ကြိုက်ရောင်းကြိုက်ဝယ်ပဲ။ အစိုးရက ကုန်ဈေးနှုန်း ကန့်သတ်ပေးစရာ မလိုဘူး။ ပြီးခဲ့တဲ့နှစ်မှာ စပါးစိုက်တဲ့ လယ်သမားကြီးတွေက စပါးအခြေခံဈေး သတ်မှတ်ပေးဖို့ တောင်းဆိုတာကြောင့် ကျွန်တော်တို့ တောင်သူလယ်သမားအခွင့်အရေး ကာကွယ်စောင့်ရှောက်ရေးအဖွဲ့က စပါးအခြေခံဈေးနှုန်း သတ်မှတ်ပေးခဲ့တယ်။ ဒီနေရာမှာ လူတိုင်းက လောဘရှိတာပဲ။ စပါးစိုက်တဲ့လူကလည်း စပါး ဈေးနှုန်း ပိုပြီးရချင်တယ်။ ဒါပေမယ့် တိုင်းပြည်မှာ စပါးမစိုက်တဲ့ အလုပ်သမားတွေ၊ ဝန်ထမ်းတွေ၊ လက်လုပ်လက်စားတွေ အများကြီးရှိတာပဲ။ အစိုးရဆိုတာ မိဘလိုပါပဲ။ ပြည်သူက သားသမီးတွေပါ။ မိဘက သားသမီးတွေကို ဘယ်သူမှ မျက်နှာမလိုက်ဘဲ သာတူညီမျှဆောင်ရွက်ပေးရပါတယ်။ အဲဒါကြောင့် သီးနှံတွေ အခြေခံကုန်ဈေးနှုန်း သတ်မှတ်ရာမှာ မျိုးဖိုးတွေ၊ ထွန်ယက်ခ၊ စိုက်စရိတ်၊ ပေါင်းလိုက်ခ၊ ရိတ်သိမ်းခြွေလှေ့ခ အပါအဝင် အလျော့ထွက်ကိုလည်း စဉ်းစားပြီး တွက်ချက်ရပါတယ်။ တစ်ဖက်ကလည်း စိုက်ပျိုးတဲ့တောင်သူ သင့်တင့်တဲ့ အမြတ်ရဖို့နဲ့ စားသုံးတဲ့ပြည်သူ အဆင်ပြေအောင် ကြားချပြီးတွက်ချက်ရတာပါ။ အလားတူပဲ ပြီးခဲ့တဲ့ကြံရာသီမှာ ကြံစိုက်တဲ့ တောင်သူတွေ တောင်းဆိုလို့ ကြံရည်ညွှန်း အခြေခံဈေးနှုန်း တွက်ချက်သတ်မှတ်ပေးခဲ့ပါတယ်။ အခုလည်း နေကြာစိုက်တဲ့တောင်သူတွေ နေကြာသီးနှံပေါ်တဲ့ အချိန်မှာ ဈေးနှိမ်မခံရအောင် အခြေခံဈေးနှုန်း အခုကတည်းက ကြိုတင်ပြီးတွက်ချက်နေပါတယ်။ အားလုံး ယုံကြည်စွာနဲ့ စိုက်ပျိုးကြပါလို့ ပြောကြား ချင်ပါတယ်။”

 

ကျွန်တော်က ကျွန်တော်ပြောချင်သည့်စကားများကို အားပါးတရပြောရင်း နိဂုံးချုပ်လိုက်သည်။

 

“ကဲ မြင့်ဦးတို့ ထွန်းထွန်းတို့ အပါအဝင် ဒို့တောင်သူတွေရေ။ ဒို့တစ်တွေ သေချာအောင် နေကြာကို အောင်မြင်ဖြစ်ထွန်းအောင် စိုက်ကြစို့ ဟေ့။”

 

ကျွန်တော့စကားအဆုံးတွင် ဦးခင်မောင်ဆွေ၏ “ရင်တွင်းစကား” တပ်လှန့်သံက အားပါလှသည်။ သူတို့တစ်တွေ၏ စိတ်ပါအားရမှုကြောင့် ကျွန်တော်တို့ ဆောင်ရွက်နေသည့် နေကြာစိုက်ပျိုးရေးစီမံကိန်း မုချအောင်ရမည်ဟု ကျွန်တော်ယုံကြည်မိပါသည်။ ။