ရင်ထဲ၊ နှလုံးသားထဲတွင် ကိန်းအောင်းရှင်သန်ကြရမည့် ပင်လုံစိတ်ဓာတ်၊ ပင်လုံခွန်အား

ရေချမ်း (မန်း)

၂ဝ၁၉ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက် (အင်္ဂါနေ့) တွင် ကျရောက်မည့် ပြည်ထောင်စုနေ့သည်ကား အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့် တိုင်းရင်းသားခေါင်းဆောင်ကြီးများက ခွင့်တူညီမျှ တစည်းတလုံးတည်း နေထိုင်ကြတော့မည်ဟူသော သန္နိဋ္ဌာန်ဖြင့် ပင်လုံစာချုပ်ကြီးကို လက်မှတ်ရေးထိုးခဲ့ ကြသည့် ပင်လုံစာချုပ်သက်တမ်း ၇၂ နှစ်ပြည့် နေ့ထူးနေ့မြတ်ပင် ဖြစ်ပါသည်။

တောင်တန်းဒေသမှ ပြည်သူတို့၏ သဘောထားကို ခံယူရန် လန်ဒန်ဆွေးနွေးပွဲတွင် ဗိုလ်ချုပ်ပြောကြားခဲ့ သည်နှင့်အညီ ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ၌ ပင်လုံ ညီလာခံ ကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်ခဲ့ကြသည်။ ထို့နောက် ဗိုလ်ချုပ်အောင်ဆန်းအမှူးပြု၍ တောင်တန်း ဒေသမှ ခေါင်းဆောင်များသည် ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၁၁ ရက်နေ့အထိ ဆွေးနွေးကြပြီး လွတ်လပ်ရေးကို အတူတကွ အရယူကြရန် ဆုံးဖြတ်ခဲ့ ကြသည်။

နောက်တစ်ရက် ဖေဖော်ဝါရီလ ၁၂ ရက် နံနက် ၁ဝ နာရီတွင် ဗိုလ်ချုပ်နှင့်အတူ ကချင်၊ ချင်း၊ ရှမ်း တိုင်းရင်းသားကိုယ်စားလှယ်ကြီးများသည် လွတ်လပ် သော နိုင်ငံတော်ကြီးဖြစ်လာရေး ငါတို့နိုင်ငံအတွက် မခွဲတူညီလက်တွဲမည်ဟူသော ခိုင်မာသော၊ ညီညွတ်သော၊ စည်းလုံးသောစိတ်ဓာတ်များဖြင့် ပင်လုံ စာချုပ်ကို လက်မှတ်ရေးထိုးကြကာ ပြည်ထောင်စု စည်းလုံးခြင်းတည်းဟူသော မဏ္ဍိုင်ကြီးကို သမိုင်းဝင် စိုက်ထူခဲ့ကြသည်။

ပင်လုံညီလာခံတွင် မြန်မာအစိုးရကိုယ်စားလှယ် ဗိုလ်ချုပ်အောင်ဆန်း၊ ရှမ်းပြည်နယ်မှ စော်ဘွားများ၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်တို့မှ လူထုကိုယ်စားလှယ် များ စုစုပေါင်း ၂၃ ဦး တက်ရောက်လက်မှတ် ရေးထိုးကြသည်။ ပင်လုံစာချုပ်ကြီးကို လက်မှတ် ရေးထိုးပြီးနောက် ရီးစ်ဝီလျှံ ဥက္ကဋ္ဌအဖြစ်ပါဝင်သော နယ်ခြားဒေသ စုံစမ်းရေးကော်မတီ ဖွဲ့စည်းကြောင်း နှင့် ယင်းကော်မတီသည် မြစ်ကြီးနားမှ လွိုင်ကော်အထိ လှည့်လည်လေ့လာခဲ့ကြသည်။ ထို့နောက် ရန်ကုန်နှင့် မေမြို့ (ယခု ပြင်ဦးလွင်မြို့) တို့တွင် ကြားနာမှုများ ပြုလုပ်ကာ ဧပြီလ ၂၄ ရက်နေ့တွင် အစီရင်ခံစာကို လက်မှတ်ရေးထိုးခဲ့သည်ဟု သိရသည်။ အဆိုပါနယ်ခြား ဒေသ စုံစမ်းရေးကော်မတီတွင် သခင်နု အပါအဝင် လေးဦး၊ ပင်လုံညီလာခံအပြီးတွင် ရွေးချယ်ခဲ့သည့် နယ်ခြားဒေသကောင်စီဝင်သုံးဦးနှင့် ကေအန်င်ယူမှ စောစံကေးတို့ ပါဝင်ခဲ့သည်ဟု သိရှိရသည်။

စွန်းထင်းခဲ့သည့်သမိုင်းဖြစ်ရပ်များ

လွတ်လပ်ရေးဆုံးရှုံးခဲ့ရသည့် အတိတ်သမိုင်းကို ပြန်ကြည့်လျှင် ၁၈၈၅ ခုနှစ် နိုဝင်ဘာလ ၁၁ ရက်နေ့ တွင် နယ်ချဲ့ဗြိတိသျှတို့က မြန်မာနိုင်ငံအား စစ်ကြေညာ ၍ အင်္ဂလိပ်-မြန်မာ တတိယစစ်ပွဲကို စတင်ခဲ့သည်။ နိုဝင်ဘာလ ၁၄ ရက်နေ့တွင် ဗိုလ်ချုပ် ပရင်ဒါဂတ်စ် ဦးဆောင်၍ တပ်သား ၁ဝဝဝဝ ခန့်ပါဝင်သော နယ်ချဲ့ တပ်ပေါင်းစုက ဧရာဝတီ မီးသင်္ဘောကုမ္ပဏီမှ သင်္ဘော ၄၇ စင်းဖြင့် သရက်မြို့ကို ဖြတ်ကျော်ချီတက်ခဲ့ကြသည်။ သီပေါဘုရင်နန်းကျသည့် နိ်ုဝင်ဘာလ ၂၈ ရက်အထိ စစ်ပွဲမှာ ၁၄ ရက်သာ ကြာခဲ့သည်။ ၁၈၈၅ ခုနှစ် နိ်ုဝင်ဘာလ ၂၉ ရက်နေ့ ညနေ ၅ နာရီ ၄၅ မိနစ်တွင် သီပေါဘုရင်၊ စုဖုရားလတ်နှင့်အဖွဲ့မှာ သူရိယသင်္ဘော ဖြင့် နယ်ချဲ့ တို့၏ ခေါ်ဆောင်သွားခြင်း ခံခဲ့ရတော့သည်။

ဤရက်မှစ၍ မြန်မာဦးစွန်းကား အနောက်ယွန်းခဲ့ ရတော့၏။ နယ်ချဲ့ တို့၏ စစ်ဦးစီး ပေါ်လစီ (၁၈၈၅-၁၈၉ဝ) ကား -

(၁) မြန်မာဘုရင်ကို ပြည်နှင်ဒဏ်ခတ်ရန်၊

(၂) မြန်မာတစ်နိုင်ငံလုံး လုံးဝရိုသေ ပျပ်ဝပ်ကျိုးနွံ စေရန်၊

(၃) ဘုရင်ရောလူမျိုးပါ ပျက်သုဉ်းစေရန်ပင် ဖြစ်သည်။

နိုင်ငံလည်း ဆုံးရှုံး၊ အရှင်သခင်လည်းပျောက်ခဲ့ရသည့် မြန်မာတစ်မျိုးနွယ်လုံး၊ တိုင်းရင်းသားပြည်သူ အပေါင်း တို့၏ အသည်းနှလုံးကား ကြိမ်မီးအုံးပမာ ယူကျုံးမရသည့် ကာလပင်ဖြစ်တော့သည်။ ထိုဖြစ်ရပ်အပေါ် ဆီးဘန်နီ ဆရာတော်က ဧကပိုဒ်ရတုရေးသားခဲ့ပြီး ယင်းမှာ မျိုးချစ် မြန်မာများ၏ ရင်တွင်းခံစားမှုနှင့် တစ်ထပ်တည်းပင် ဖြစ်တော့သည် -

- ''ကုန်းဘောင်နေမီး၊ မထိန်ညီးက

တိုင်းကြီးပြည်ကြီး၊ အချည်းနှီးလျှင်

ထီးသုဉ်းနန်းသုဉ်း၊ မြို့သုဉ်းသုည

သုဉ်းသုံးဝဖြင့်၊ သုဉ်းနှင့်ရလစ်

သုညခေတ်ဝယ်၊ ဖြစ်လာရလေ

တို့တတွေသည်၊

သေသော်မှတည့်၊ သြော် … ကောင်း၏။''

ကျွန်ုပ်တို့၏ ပြည်ထောင်စုဆိုသည်မှာ

ယခုမြန်မာနိုင်ငံတော်ကြီး တည်ရှိသည့်မြေပေါ်တွင် ရှေးနှစ်ပေါင်းထောင်ချီကတည်းက လူသားမျိုးနွယ်စုများ တည်ရှိနေထိုင်ခဲ့ပါသည်။ ဧရာဝတီမြစ်ဝှမ်းတစ်လျှောက်၊ ရှမ်းကုန်းမြေမြင့်ဒေသနှင့် ကျန်ဒေသအဝှမ်းတွင် တိုင်းရင်းသားတို့သည် ဓားမဦးချ နေထိုင်ခဲ့ရာမှ ရေကြည် ရာ၊ မြက်နုရာ ရွှေ့ ပြောင်းပြီး ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ဗမာ၊ ရခိုင်၊ ရှမ်း ဆိုသည့် မျိုးနွယ်စု များအဖြစ် ယခုမြန်မာနိုင်ငံတော် ပြည်ထောင်စုကြီး ပေါ်ပေါက်ခဲ့သည် မှာ အထင်အရှားဖြစ်ပါသည်။

ဗုဒ္ဓသာသနာလွှမ်းသော ရှေးဟောင်းစေတီ၊ ပုထိုးများပေါများသည့် ပုဂံပြည်ကြီးနှင့် အင်းဝ၊ ရွှေဘို၊ အမရပူရ၊ ရတနာပုံ(မ္တလေး)၊ တောင်ငူ၊ ပဲခူး တို့သည် ပထမ မြန်မာနိုင်ငံတော်မှစ၍ ယခုအချိန်အထိ ခေတ် အဆက်ဆက်မြန်မာတို့၏ မင်းနေပြည်တော်များအဖြစ် တည်ရှိခဲ့ပါသည်။

ပုဂံခေတ်မှစ၍ မြန်မာ့မြေပေါ်တွင် သူရဲကောင်းများ၊ ဘုန်းလက်ရုံးကြီးသည့် စွမ်းရည်ကြီးမားသော မင်း၊ မှူးမတ် နှင့် စစ်သူကြီးများ အစဉ်အဆက်ရှိခဲ့သလို မြန်မာ့မြေကို က္ဘာသိအောင် စွမ်းဆောင်ခဲ့ကြသည်မှာ အထင်အရှား ဖြစ်ပါသည်။

ဘာသာ၊ သာသနာကို အလေးထားသည့်၊ မြန်မာ့ ယဉ်ကျေးမှုအစဉ်အလာကို တန်ဖိုးထားသည့်၊ သတ္တိ၊ ဗျတ္တိ နှင့်ပြည့်စုံသည့် မြန်မာ့ခေါင်းဆောင်များသည် မြန်မာ နိုင်ငံတော်ကြီးကို တိုင်းတစ်ပါးလက်အောက် မကျရောက် ရအောင် သူ့ခေတ်၊ သူ့အခါအလိုက် ကာကွယ်ခဲ့ကြပါသည်။ သို့ရာတွင် ကုန်းဘောင်မင်းဆက် ၁၁ ဆက်မြောက် သီပေါမင်းလက်ထက်တွင် မြန်မာ့ရေမြေသည် အကြောင်းကြောင်းကြောင့် တိုင်းတစ်ပါးလက်အောက် ကျရောက်ခဲ့ရခြင်း ဖြစ်ပါသည်။

ပင်လုံစာချုပ်မတိုင်မီ

ဗိုလ်ချုပ်ဦးဆောင်သော ဖဆပလအဖွဲ့ချုပ်၏ လွတ်လပ်ရေးကြိုးပမ်းမှုများတွင် ပင်လုံစာချုပ် ချုပ်ဆိုနိုင် ရေး ကြိုးပမ်းမှုက မြန်မာပြည်လွတ်လပ်ရေးသမိုင်းတွင် အထင်ကရမှတ်တိုင်ပင်ဖြစ်သည်။ ဗိုလ်ချုပ်အောင်ဆန်းနှင့် ဖဆပလကို အကြမ်းနည်းဖြင့် နှိမ်နင်းရန် ထိုစဉ်က စစ်အုပ်ချုပ်ရေးအဖွဲ့များက ကြိုးစားခဲ့ကြသည်။ ဗိုလ်ချုပ် ကိုဖမ်းလျှင် ပြန်လည်တော်လှန်မှုနှင့် မုချတွေ့ရမည်ကို စစ်သေနာပတိချုပ် လော့မောင့်ဘက်တန်က ကြိုတွေးခဲ့ သည်။

ထိုစဉ်က မြန်မာပြည်တွင် ဖဆပလနှင့် ဘုရင်ခံ ဒေါ်မန်စမစ်တို့အကြား ဖြစ်ပွားလျက်ရှိသော အကျပ် အတည်းမှာ တစ်နှစ်ခန့်ကြာမြင့်ခဲ့သည်။ ''ဖက်ဆစ်ဆန်တဲ့ ဘုရင်ခံ အင်္ဂလန်ကို ပြန်တော့ပြန်တော့'' ဆိုသော သင်္ကြန်သံချပ်အတိုင်း နောက်ဆုံး ၁၄-၆-၁၉၄၆ ရက်နေ့ တွင် ဆာဒေါ်မန် ပြည်တော်ပြန်ခဲ့ရသည်။ ထို့နောက် စက်တင်ဘာလတွင် ဖဆပလက ပြည်လုံးကျွတ် အထွေထွေသပိတ်ကြီးမှောက်ရန် ဆင့်ဆိုလှုံ့ဆော်လိုက်ရာ ကုန်း၊ ရေ ပို့ဆောင်ရေးအလုပ်သမားများ၊ သစ်စက် အလုပ်သမားများ၊ သင်္ဘောကျင်းအလုပ်သမားများ၊ စာပို့တိုက်လုပ်သားများ၊ အစိုးရဌာနအမှုထမ်းများ၊ နောက်ဆုံးဗြိတိသျှတို့၏ အတွင်းခံတပ်ဖြစ်သော ပုလိပ်များကအစ သပိတ်မှောက်၍ မြန်မာပြည်အဝှမ်း သိမ့်သိမ့်တုန်အောင် တုံ့ပြန်ခဲ့ကြပါသည်။

လွတ်လပ်ရေးအတွက် ရာဇသံ

၂၇-၉-၁၉၄၆ ရက်နေ့တွင် ဖဆပလဥက္ကဋ္ဌ ဗိုလ်ချုပ်အောင်ဆန်း ဘုရင်ခံအမှုဆောင်အဖွဲ့သို့ဝင်ပြီး အစိုးရဖွဲ့လိုက်သည်။ ဗြိတိသျှအလိုတော်ရိ ဆာပေါ်ထွန်း အစိုးရ ပြုတ်ကျသည်။ ဗိုလ်ချုပ်အောင်ဆန်းအား ဝန်ကြီး ချုပ်အာဏာမျိုးပေးရန်နှင့် ကြားဖြတ်အစိုးရသဘောမျိုး ထားရန် ဘုရင်ခံနှင့် နားလည်မှုရခဲ့သည်။ ဗိုလ်ချုပ် အောင်ဆန်းသည် တစ်နှစ်အတွင်း လွတ်လပ်ရေးရရမည်ဟု ကြွေးကြော်ခဲ့သည်။

ဖဆပလဌာနချုပ် အမှုဆောင်အဖွဲ့သည် ၁၉၄၆ ခုနှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် အရေးကြီးသော ပြဋ္ဌာန်းချက်တစ်ရပ် ထုတ်ပြန်ခဲ့သည်။ ယင်းမှာ ဗြိတိသျှ အစိုးရသည် မြန်မာပြည်အား လွတ်လပ်ရေးပေးရန်ကိစ္စနှင့် ပတ်သက်၍ ၁၉၄၇ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်နေ့မတိုင်မီ သဲသဲကွဲကွဲ အဖြေပေးရမည်။ သို့မဟုတ်လျှင် ဇန်နဝါရီလ ၃၁ ရက်နေ့တွင် ဖဆပလအစိုးရ နုတ်ထွက်မည်ဟူ၍ ဖြစ်သည်။

ဖဆပလ၏ တောင်းဆိုချက်ကို ဗြိတိသျှအစိုးရသည် လျစ်လျူမရှုဝံ့တော့ဘဲ နန်းရင်းဝန် အက်တလီသည် ဗြိတိသျှအောက်လွှတ်တော်၌ မြန်မာပြည်လွတ်လပ်ရေး နှင့် ပတ်သက်၍ ၂၁-၁၂-၁၉၄၆ ရက်နေ့တွင် အောက်ပါ အတိုင်း ပြောကြားခဲ့သည်မှာ မြန်မာပြည်လွတ်လပ်ရေး ကြိုးပမ်းမှု သမိုင်းတွင် ထူးခြားမှတ်တမ်းတစ်ခုဖြစ်သည်။

နန်းရင်းဝန်အက်တလီက ''ဗြိတိသျှ ဓနသဟာရ အတွင်း ပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ မြန်မာပြည် လွတ်လပ်ရေးဆောလျင်စွာ ရရှိစေရန်နှင့် မြန်မာလူမျိုး များသည် ကိုယ်ပိုင်အုပ်ချုပ်ရေးကို အမြန်ဆုံးနှင့် အလွယ် ကူဆုံးနည်းဖြင့် ရရှိစေရန် ကျွန်ုပ်၏အစိုးရက ဆန္ဒရှိပါ ကြောင်း'' ဟု ဖွင့်ပြောလာခဲ့ခြင်းဖြစ်သည်။

သို့ဖြင့် ဗိုလ်ချုပ်အောင်ဆန်း ခေါင်းဆောင်သော ဘုရင်ခံအမှုဆောင်အဖွဲ့ တစ်ဖွဲ့ကို လန်ဒန်သို့ လာရောက် ဆွေးနွေးရန် ဖိတ်ကြားခဲ့သည့်အပြင် ယင်းဖိတ်ကြား ချက်ကို ရှင်းလင်းပြောပြရန် ဗြိတိသျှနိုင်ငံရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဆာဂီဘတဲလေ့ဝိတ် (Sir Gibert Laithwaite)အားလည်း ရန်ကုန်သို့ စေလွှတ်ခဲ့သည်။ ဤသို့ဖြင့် ဗိုလ်ချုပ်ဦးဆောင်သည့် ဖဆပလအဖွဲ့ မျှော်မှန်းသော မြန်မာပြည်သူအပေါင်း လိုလားတောင့်တနေသည့် လွတ်လပ်ရေးသည်ကား ရောင်နီသန်းခဲ့တော့၏။

ဗိုလ်ချုပ်သည် လန်ဒန်ဆွေးနွေးပွဲမသွားမီ ဖြစ်ပေါ် နေသော အခြေအနေနှင့် ထပ်မံဖြစ်ပေါ်လာနိုင်ခြေ များကို လူထုခေါင်းဆောင်ပီပီ မြော်တွေးသုံးသပ်ကာ ကြိုတင်ဆောင်ရွက်သင့်သည်များကို အဆောတလျင် ပြုခဲ့သည်။ ၁၉၄၆ ခုနှစ် ဒီဇင်ဘာလ ၂၃ ရက်နေ့တွင် ရှမ်းပြည်နယ် တောင်ကြီးမြို့နှင့် လွိုင်ကော်မြို့များသို့ သွားရောက်ခဲ့ပြီး ဒေသခေါင်းဆောင်များနှင့် တွေ့ဆုံ ခြင်း၊ လူထုနှင့်တွေ့ဆုံဟောပြောခြင်းများ ပြုလုပ်ခဲ့ သည်။

တစ်သားတည်းရှိခဲ့သည့် ဗိုလ်ချုပ်၏ စကား

မြန်မာနိုင်ငံဘုရင်ခံ၏ အမှုဆောင်အဖွဲ့သည် ဖဆပလ၏ သဘောတူညီချက်အရ ၂၆-၁၂-၁၉၄၆ ရက်နေ့တွင် ဗြိတိသျှအစိုးရ၏ ဖိတ်ခေါ်ချက်ကို လက်ခံ ကြောင်း ကြေညာခဲ့ပြီး အင်္ဂလန်သို့ သွားရောက်ရန် ဗိုလ်ချုပ်အောင်ဆန်းဦးစီးသော ကိုယ်စားလှယ်အဖွဲ့ကို ၁၆ ဦးဖြင့် ဖွဲ့စည်းခဲ့သည်။

၁၃-၁-၁၉၄၇ ရက်နေ့ မွန်းတည့် ၁၂ နာရီတွင် ဗိုလ်ချုပ်အောင်ဆန်းနှင့်အဖွဲ့သည် ဗြိတိသျှအစိုးရနှင့် ဆွေးနွေးပွဲပြုလုပ်စဉ် ဗိုလ်ချုပ်သည် ဗြိတိသျှနန်းရင်းဝန် အက်တလီ၏ ခရီးကြိုအဖွင့်စကားကို ပြန်လည် ပြောကြားရာတွင်- '' ---ဗမာလူမျိုးတို့၏ လိုလားချက် မှာ လွတ်လပ်ရေးပင်ဖြစ်၍ မိမိတို့စိတ်ထဲတွင် မြန်မာပြည်လွတ်လပ်ရေးဆိုရာ၌ ကရင်၊ ရှမ်း၊ ကချင်၊ ကရင်နီစသော နယ်ခြားဒေသများအားလုံး တစ်ပြိုင်နက် လွတ်လပ်ရေးကို ဆိုလိုကြောင်း၊ မိမိတို့သဘောအရ ဆိုလျှင် ယနေ့မှစတင်၍ တစ်နှစ်အတွင်း မြန်မာပြည် သည် လုံးဝလွတ်လပ်ရေးရသင့်ပြီဟု ယူဆကြောင်း--'' ဟု ထည့်သွင်း ပြောကြားပြီး မြန်မာပြည်သူတို့၏ဆန္ဒကို တိတိကျကျထုတ်ဖော်ခဲ့သည်။

ဗိုလ်ချုပ်သည် မြန်မာတစ်မျိုးသားလုံး လွတ်မြောက်ရေး၊ ပြည်မနှင့် ပြည်နယ် တောင်တန်း ဒေသများပါမကျန် တစ်တိုင်းပြည်လုံး လွတ်လပ်ရေး ရရှိရေးကို သူ၏လုံ့လ၊ သူ၏စေတနာ၊ သူ၏ခေါင်းဆောင် မှုတို့ပေါင်းစပ်ပြီး တစ်ဖက်က ဗြိတိသျှအစိုးရကို တောင်းဆိုခဲ့သလို တစ်ဖက်တွင်လည်း ရသည့်အချိန်အတွင်း တောင်တန်း ဒေသတိုင်းရင်းသားများ၏ စည်းလုံးမှု၊ ညီညွတ်မှု အင်အား ရရှိပါဝင်လာအောင် အစွမ်းကုန်ကြိုးပမ်းခဲ့ သည်ကို တွေ့ရမည်ဖြစ်ပါသည်။ ယနေ့ လူငယ်လူရွယ် များ၊ ကျောင်းသား ကျောင်းသူများ အပါအဝင် ပြည်သူ အပေါင်းအနေဖြင့် ဗိုလ်ချုပ်နှင့် ဖဆပလအစိုးအရအဖွဲ့၊ ခေါင်းဆောင်ကြီးများ၏ မြန်မာပြည်လွတ်လပ်ရေး ကြိုးပမ်းခဲ့ရာတွင် ပင်လုံခြေလှမ်းများ အပါအဝင် ထိုစဉ်က ပြည်သူများ တက်ကြွစွာ ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ သည်ကို ယခုတိုင် လေးစားဂုဏ်ယူပြီး ဆက်လက်ထိန်းသိမ်း မြတ်နိုးကာကွယ် စောင့်ရှောက်ကြရမည်ဖြစ်ပါသည်။

ဤနေ့ထူးနေ့မြတ် (၇၂)နှစ်မြောက်ပြည်ထောင်စု နေ့တွင် ပြည်ထောင်စု၏အနှစ်သာရဖြစ်သည့် လွတ်လပ်ရေး နှင့် ပင်လုံစိတ်ဓာတ်၊ ပင်လုံခွန်အားများကို အားလုံး၏ ရင်ထဲ၊ နှလုံးသားထဲတွင် ကိန်းအောင်းရှင်သန်နိုင်ကြပါစေ ကြောင်း ဆန္ဒပြုရေးသားတင်ပြလိုက်ရပါသည်။ ။

စာကိုး။ ။ ဦးအုန်းဖေ (ရှမ်းပြည်နယ်ဦးစီးအဖွဲ့ဝင် ဟောင်း) ရေးသားသည့် ပင်လုံစစ်တမ်း။