ရှင်ပြုအလှူတော် မင်္ဂလာကို ဆင်စီးပြီး မြင်းရံ၍ ရှေးမူရှေးဟန်မပျက် လှည့်လည်

တပ်ကုန်း ၂၈ မတ်      

 

နေပြည်တော် တပ်ကုန်းမြို့တွင် ဗုဒ္ဓနွယ်ဝင် အလှူရှင်များသည် မိမိတို့၏ ရင်နှစ်သည်းချာ သားသမီးများနှင့် တူသားများအား မြတ်ဗုဒ္ဓ၏ အဆုံးအမများဖြင့် ဘဝတစ်သက်တာအတွက် အကျိုးရှိစွာ အသုံးပြုနိုင်ရေး ရည်မှန်းလှူဒါန်းသည့် ဓလေ့ရှိသည်နှင့်အညီ  ဆရာစံရပ်ကွက် အတွင်းရှိ အလှူတော် မင်္ဂလာပွဲသည် မတ် ၂၇ ရက် ညနေပိုင်းက  အလှူတော် မင်္ဂလာ မဏ္ဍပ်မှ မဟာဇနက္ကဘုန်းတော်ကြီးကျောင်း၊ မြို့တွင်း ရန်ကုန်-မန္တလေး ကားလမ်း တစ်လျှောက်၌ ဝေဿန္တရာဝင်း၊ ပုဂံဝင်း၊ ရာဇာဝင်းခင်းခြင်း၊ ရတနာဆင်တော်နှင့်  ရတနာမြင်းများ ခြံရံကာ ရှင်လောင်း(ခေါ်) သာမဏေလောင်းများ တင်ဆောင်ခြင်းနှင့်အတူ နိုင်ငံကျော် အဆိုတော် မနောအဖွဲ့များဖြင့် အလှူဝတ်ဆံ လှည့်လည်၍ ခြိမ့်ခြိမ့်သဲ ကျင်းပသည်။

 

 

အလှူပွဲများတွင် အလှူရှင်များ အနေဖြင့် သာသနာ့ဘောင်သို့ မဝင်မီ မြို့အနှံ့ ရှင်လောင်းလှည့်ကာ နတ်နန်းသို့ ဆက်လက်သွားရောက်၍ အန္တရာယ်ကင်းစေကြောင်း အပ်နှံကြပြီး၊ အလှူပွဲအကြိုရက်များနှင့် အလှူပွဲကြီးရက်အထိ ကျွေးမွေးဧည့်ခံကြသည်။ ထိုသို့ ရှေးမူမပျက် ရှင်လောင်းလှည့်လည်ခြင်း၊ နားသခြင်းသည် ရှေးဟောင်း အမွေအနှစ်တစ်ခုကို  ယနေ့ လူငယ်လူရွယ်များ ဆက်လက် သယ်ဆောင်သွားရန် ရည်ရွယ်ဆောင်ရွက်ကြောင်း သိရသည်။

 

တင်စိုးလွင်