ရှင်ပင်ဖောင်တော်ဉီးစေတီတော်ကြီး၏ သင်ပုတ်ကြီးတင်ပွဲ ဘုရားဖူးများဖြင့် စည်းကားများပြား

ဆင်ဖြူကျွန်း ၄ နိုဝင်ဘာ

 

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ ဆင်ဖြူကျွန်းမြို့အနောက်ဘက် ချောင်းဖြူကျေးရွာအနီးရှိ ရှေးဟောင်းသမိုင်းဝင် ရှင်ပင်ဖောင်တော်ဉီးစေတီတော်ကြီး၏ သင်ပုတ်ကြီးတင်ပွဲကို တန်ဆောင်မုန်းလဆန်း ၈ ရက်နေ့ ယနေ့တွင်ကျင်းပရာ ရပ်နီးရပ်ဝေး ဘုရားဖူးပြည်သူများဖြင့် အထူးစည်ကားများပြားခဲ့ကြောင်း သိရသည်။

 

ထိုသင်ပုတ်ကြီးတင်ပွဲကို နှစ်စဉ်တန်ဆောင်မုန်းလဆန်း ၈ ရက်နေ့တိုင်းတွင် ဒေသအတွင်းရှိ ဗုဒ္ဓဝေယျာဝစ္စ ဆွမ်းတော်ကြီးအသင်းများ၊ တစ်ဉီးချင်းကပ်လှူသူများစုပေါင်း၍ ဘုရားကြီးတွင် အရုဏ်မီ ဆွမ်းတော်ကြီးကပ်လှူပူဇော်ပြီး ပြန်လည်စွန့်ကြဲသည့် ဆွမ်း၊ ဟင်း၊ မုန့်ပဲသရေစာများကို သင်ပုတ်ပလ္လင်ပေါ်တင်၍ ကျေး၊ ငှက်တိရစ္ဆာန်များအတွက် စွန့်ကြဲခြင်းကို သင်ပုတ်ကြီးတင်ပွဲဟု ဒေသခံများက ခေါ်ဝေါ်သုံးစွဲကြသည်။

 

ရှင်ပင်ဖောင်တော်ဉီးစေတီတော်ကြီးသည် စလင်း - ဆင်ဖြူကျွန်း - ဆိပ်ဖြူ ကားလမ်းမကြီးဘေး ချောင်းဖြူကျေးရွာအနီး သက္ကဒါန်တောင်ထိပ်တွင်တည်ရှိ၍ ဘုရားပေါ်သို့ စောင်းတန်းလေးခုဖြင့် တက်ရောက်နိုင်ပြီး စောင်းတန်းတလျှောက်တွင် မြန်မာ့ရိုးရာ ကလေးကစားစရာ အရုပ် အရောင်းဆိုင်များ၊ ဘုရားကုန်း တောင်ခြေကွင်းပြင်တွင် စားသောက်ဆိုင်တန်းများ၊ မုန့်ဆိုင်များဖြင့် စည်းကားလျက်ရှိသည်။

 

ရှေးဟောင်းသမိုင်းဝင် ရှင်ပင်ဖောင်တော်ဉီးစေတီတော်ကြီးသည် တစ်နယ်လုံးမှဒေသခံများ၏ လေးမြတ်ကြည်ညိုသော ဘုရားတစ်ဆူဖြစ်သည့်နှင့်အညီ သင်ပုတ်ကြီးတင်ပွဲကို တန်ဆောင်မုန်း လဆန်း ၈ ရက်နေ့တစ်ရက်သာကျင်းပပြီး နံနက်ပိုင်းတွင် ဘုရာကြီးအား ဆွမ်းတော်ကြီးဆပ်ကပ်သူများ၊ ဥပုသ်သီတင်း ဆောက်တည်သူများ၊ မိသားစုအလိုက် ဘုရားဖူး ပြည်သူများဖြင့် စည်ကားများပြားကြောင်း သိရသည်။

 

စိုးမိုးသူ(စလင်း)