ရင်ခွင်ရှင်းတမ်း ဇာတ်လမ်းတွဲအတွက် အကောင်းဆုံး ကြိုးစားမည်ဟု ဟန်လေး ပြောကြား

Media 7 မှ ထုတ်လုပ်မည့် ရင်ခွင်ရှင်းတမ်း ရုပ်သံဇာတ်လမ်းတွဲလေးတွင် ဟိန်းဝေယံ၊ ညိမ်းသော်၊ သွန်းဆက်၊ အေးဝတ်ရည်သောင်းတို့နှင့်အတူ မျက်နှာသစ် မော်ဒယ်တစ်ဦး ဖြစ်သည့် ဟန်လေးလည်း ပါဝင်သရုပ်ဆောင်ထားရာ ပထမဆုံး ရိုက်ကူးရမည့် ကာရိုက်တာအတွက် အကောင်းဆုံးကြိုးစားမည်ဖြစ်ကြောင်း ဟန်လေးက ပြောသည်။

“ဒီဇာတ်လမ်းတွဲက ဟန်လေး ပထမဆုံးရိုက်ကူးမယ့် ဇာတ်လမ်းတွဲပါ၊ Media 7 က ကိုသားညီတို့၊ ကိုရွှေမန်းတို့က ကမ်းလှမ်းခဲ့တာ၊ ဇာတ်ညွှန်းတွေဖတ်တော့ အဆင်ပြေလို့ လက်ခံရိုက်ကူးဖြစ်တာပါ။ ဒီဇာတ်ကားထဲက ကာရိုက်တာက ဆေးကျောင်းတက်နေတဲ့ မိန်းကလေးနေရာက သရုပ်ဆောင်ရမှာပါ။ မအေးသောင်းနဲ့ကျတော့ သူငယ်ချင်း အရင်းကြီးတွေပေါ့။ အဲဒီလို ကာရိုက်တာမျိုးပါ၊ ရိုက်ကူးရမှာတွေ အများစုက ရန်ကုန်မှာပဲ ရိုက်ရမှာများတယ်။ ကိုယ့်ရဲ့အနုပညာကို ပြခွင့်ရမှာဖြစ်တဲ့အတွက် ပျော်တယ်၊ ဇာတ်လမ်းတွဲနဲ့ပတ်သက်ပြီး ကြိုတင်ပြင်ဆင်မှုတွေလည်း လုပ်ထားပါတယ်။ ကိုယ့်အတွက် ပထမဆုံးရိုက်ကူးရမယ့် ကာရိုက်တာဖြစ်လို့ အကောင်းဆုံး ကြိုးစားမှာပါ” ဟု ဟန်လေးက ပြောသည်။

“ဟန်လေးရိုက်ချင်တဲ့ ကာရိုက်တာကတော့ သွက်သွက်လက်လက်နဲ့ ထက်ထက် မြက်မြက်ရှိတဲ့ မိန်းကလေးတစ်ယောက်အနေနဲ့ ရိုက်ချင်တယ်။ ဒါပေမယ့် ဟန်လေးတို့က အနုပညာရှင် တစ်ယောက်ဖြစ်တဲ့အတွက် ကျရာဇာတ်ရုပ်မှာ အကောင်းဆုံး ကြိုးစားဖို့ပဲရှိပါတယ်” ဟု ရိုက်ကူးချင်သည့် ကာရိုက်တာနှင့်ပတ်သက်၍ ဟန်လေးက ဆက်ပြောသည်။

ကိုလင်း