ရှင်ဗွေယန်မြို့၌ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအတွက် ပထမအကြိမ် မဲဆန္ဒရှင်အမည်စာရင်းများ ထုတ်ပြန်ကြေညာ

ရှင်ဗွေယန် ၂၇ ဇူလိုင်

 

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ရှင်ဗွေယန်မြို့၌ နိုဝင်ဘာ ၈ ရက်တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မဲပေးခွင့်ရှိသူ အသက်(၁၈)နှစ်နှင့် အထက် မဲဆန္ဒရှင်များစာရင်း ထုတ်ပြန်ကြေညာခြင်းကို ယမန်နေ့ နံနက် ၉ နာရီက ရပ်ကွက် (၄)ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၂)အုပ်စုရှိ လူစည်ကားရာနေရာများတွင် ကြေညာထားလျက်ရှိသည်။

 

အဆိုပါ မဲဆန္ဒရှင်များစာရင်းတွင် မဲပေးခွင့်ရှိသူအနေဖြင့် မိမိအမည်မဲစာရင်း ပါ/မပါ အချက်အလက် မှန်/မမှန် စစ်ဆေးရန်နှင့် မိမိအမည်မဲစာရင်းတွင် မပါဝင်ပါက ပုံစံ(၃)ဖြင့်လည်းကောင်း၊ မပါဝင်သင့်သူများ ပါဝင်နေပါက ပုံစံ(၄)ဖြင့်လည်းကောင်း၊ အချက်အလက်များ မှားယွင်းနေပါက ပုံစံ(၄)(ဂ)ဖြင့်လည်းကောင်း၊ ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက်ခြင်းများ ဆောင်ရွက်နိုင်ရန်နှင့် မဲဆန္ဒရှင်ပြည်သူများအနေဖြင့် မပျက်မကွက် လာရောက်ကြည့်ရှု စစ်ဆေးခြင်းဖြင့် ပူးပေါင်းဆောင်ရွက်ကြပါရန် နှိုးဆော်ထားပြီး မဲစာရင်းများကို ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများနှင့် လူစည်ကားရာ နေရာများတွင် ကြေညာထားလျက်ရှိသည်။

 

တနိုင်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၊ ရှင်ဗွေယန်မြို့ အမှတ်(၁)ရပ်ကွက် မဲရုံအမှတ်(၁၃)တွင် မဲဆန္ဒရှင် (၃၃၆)ဦး၊ အမှတ်(၂)ရပ်ကွက် မဲရုံအမှတ်(၁၄)တွင် မဲဆန္ဒရှင် (၆၈၁)ဦး၊ အမှတ်(၃)ရပ်ကွက် မဲရုံအမှတ်(၁၅)တွင် မဲဆန္ဒရှင် (၁၀၈၀)ဦး၊ အမှတ်(၄)ရပ်ကွက် မဲရုံအမှတ် (၁၆)တွင် မဲဆန္ဒရှင် (၂၆၄)ဦးနှင့် ခလုံးကျေးရွာအုပ်စု မဲရုံအမှတ်(၁၉)တွင် (၁၂၆၁)ဦး၊ တရုံကျေးရွာအုပ်စု မဲရုံအမှတ်(၂၀)တွင် (၂၈၃၀)ဦး၊ စုစုပေါင်း မဲဆန္ဒရှင် (၆၄၅၂)ဦးတို့အား ပထမအကြိမ် မဲဆန္ဒရှင်အမည်စာရင်းအဖြစ် ကြေညာထားကြောင်း သိရသည်။

 

လင်းသွယ်ဦး (ပြန်/ဆက်)

 

mdn