ရွှံ့စေးကွင်းမှာ ပထမဆုံးနိုင်ပွဲရရှိခဲ့ပြီဖြစ်တဲ့ အမ်မာရာဒူကာနူ

ဗြိတိန်ရဲ့ နံပါတ်တစ်တင်းနစ်မယ်တစ်ဦးဖြစ်တဲ့ အမ်မာရာဒူကာမူ ဟာ စတုဂတ်မြို့ရဲ့ ရွှံ့စေးကွင်းမှာ ကျင်းပလျက်ရှိတဲ့ Porsche Tennis Grand Prix ပြိုင်ပွဲမှာ ပထမဆုံး နိုင်ပွဲရရှိခဲ့တာကြောင့် အဲဒီပြိုင်ပွဲရဲ့ ဒုတိယအဆင့်ကို တက်လှမ်းနိုင်ခဲ့ပြီဖြစ်ပါတယ်။

အသက် ၁၉ နှစ်အရွယ်ရှိ ဗြိတိန်ဆယ်ကျော်သက်တင်းနစ်မယ် အမ်မာရာဒူကာနူဟာ ဩစတြေးလျ တင်းနစ်မယ် ဆန်ဒါကို တစ်နာရီနဲ့ ၁၀ မိနစ်ကြာကစားပြီး ၆-၁၊ ၆-၂ နဲ့ အနိုင်ရရှိခဲ့တာလည်း ဖြစ်ပါ တယ်။ အမေရိကန်အိုးပင်းတင်းနစ်ပြိုင်ပွဲရဲ့ အမျိုးသမီးတစ်ဦးချင်း လက်ရှိချန်ပီယံ အမ်မာရာဒူကာနူဟာ ရွှံ့စေးကွင်းမှာ ကျင်းပခဲ့တဲ့ ထိပ်တန်းအဆင့်ရှိ တင်းနစ်ပြိုင်ပွဲတွေမှာ တစ်ကြိမ်မှ ကစားခဲ့ခြင်းမရှိဘဲ ယခုတစ်ကြိမ်မှသာ ဝင်ရောက်ကစားခဲ့ကာ ပထမဆုံးနိုင်ပွဲရရှိခဲ့တာလည်းဖြစ်ပါတယ်။

အမ်မာရာဒူကာနူဟာ နောက်တစ်ဆင့်မှာ ဂျာမနီတင်းနစ်မယ် တာမာရာကော်ပက်နဲ့ ယှဉ်ပြိုင် ကစားရမှာဖြစ်ပြီး အနိုင်ရရှိခဲ့ပါက  ကွာတားဖိုင်နယ်အဆင့်မှာ ပိုလန်တင်းနစ်မယ် အီဂါဆီယက်တက်နဲ့ ယှဉ်ပြိုင်ကစားရဖို့ရှိနေတယ်လို့ သိရပါတယ်။

ငွေကြယ်