ရှမ်းယူနိုက်တက်နှင့် ဟံသာဝတီအသင်း ယှဉ်ပြိုင်မည့် ၂၀၂၁ AFC Cup ပြိုင်ပွဲ အုပ်စုနှင့် ခြေစစ်ပွဲစဉ်များ ထွက်ပေါ်

၂၇ ဇန်နဝါရီ

 

အာရှဘောလုံးအဖွဲ့ချုပ်က ကျင်းပမည့် ၂၀၂၁ AFC Cup ပြိုင်ပွဲ မဲခွဲပွဲကို ဇန်နဝါရီ ၂၇ ရက်က ပြုလုပ်ခဲ့ပြီး မြန်မာကလပ် ရှမ်းယူနိုက်တက်နှင့် ဟံသာဝတီအသင်းတို့ ယှဉ်ပြိုင်ရမည့် အုပ်စုနှင့် ခြေစစ်ပွဲစဉ်များ ထွက်ပေါ်လာပြီဖြစ်သည်။

 

ယင်းပြိုင်ပွဲတွင် မြန်မာကလပ်အသင်းနှစ်သင်း ယှဉ်ပြိုင်ခွင့်ရထားပြီး ရှမ်းယူနိုက်တက်အသင်းက အုပ်စုအဆင့်နှင့် ဟံသာဝတီအသင်းက ခြေစစ်ပွဲ Play-off အဆင့်မှ ကစားရမည်ဖြစ်သည်။  ရှမ်းယူနိုက်တက်အသင်းသည် အာရှချန်ပီယံလိဂ် အကြိုခြေစစ်ပွဲတွင်လည်း ယှဉ်ပြိုင်ခွင့်ရထားပြီး ခြေစစ်ပွဲမအောင်ပါက AFC Cup ပြိုင်ပွဲ အုပ်စုအဆင့်တွင်ယှဉ်ပြိုင်ရမည်ဖြစ်ကာ ခြေစစ်ပွဲအောင်ခဲ့ပါက ၂၀၂၀ MNL အမှတ်ပေးပြိုင်ပွဲတွင် တတိယရခဲ့သည့် ဧရာဝတီအသင်းက အစားထိုးယှဉ်ပြိုင်ခွင့်ရမည်ဖြစ်သည်။

 

အာရှဘောလုံးအဖွဲ့ချုပ်၏ သတ်မှတ်ချက်အရ မြန်မာကလပ်အသင်းများသည် အာဆီယံဇုန်တွင် ပါဝင်ယှဉ်ပြိုင်ရမည်ဖြစ်ပြီး ၂၀၂၀ MNL အမှတ်ပေးချန်ပီယံ ရှမ်းယူနိုက်တက်အသင်းသည် အုပ်စု (I) တွင် ကာယာ (ဖိလစ်ပိုင်)၊ တီရန်ဂါနူး (မလေးရှား)၊ ဂေးလန်း (စင်ကာပူ) တို့နှင့် ကျရောက်ခဲ့သည်။

 

ဟံသာဝတီအသင်းမှာမူ ခြေစစ်ပွဲ Play-off အဆင့်မှ စတင်ကစားရမည်ဖြစ်ပြီး လာအိုကလပ် လာအိုတိုယိုတာအသင်းနှင့် ဘရူနိုင်းကလပ် ကာဆူကာအသင်းတို့ပွဲမှ အနိုင်ရသည့်အသင်းနှင့် ကစားရမည်ဖြစ်သည်။ ဟံသာဝတီအသင်းသည် ခြေစစ်ပွဲအောင်မြင်ပါက အုပ်စု (G) တွင် ကျရောက်မည်ဖြစ်ပြီး ဟနွိုင်း (ဗီယက်နမ်)၊ ဘာလီယူနိုက်တက် (အင်ဒိုနီးရှား)၊ ဘွန်ကတ် (ကမ္ဘောဒီးယား)တို့နှင့် ယှဉ်ပြိုင်ရမည်ဖြစ်သည်။

 

အာဆီယံဇုန်တွင် အုပ်စု သုံးခု ပါဝင်မည်ဖြစ်ပြီး အုပ်စု (H) တွင် ကီဒါ (မလေးရှား)၊ Lion City (စင်ကာပူ)၊ ဆိုင်ဂုံ (ဗီယက်နမ်)နှင့် ခြေစစ်ပွဲအောင်အသင်း (အင်ဒိုနီးရှား၊ တီမော၊ ကမ္ဘောဒီးယား အနိုင်ရအသင်း) တို့ ပါဝင်နေသည်။ ဟံသာဝတီအသင်းသည် ခြေစစ်ပွဲအောင်မြင်ပါက အုပ်စုကျပ်အတွင်း ကျရောက်မည်ဖြစ်သည်။

 

အာရှဘောလုံးအဖွဲ့ချုပ်၏ ပွဲစဉ်ရေးဆွဲထားမှုအရ ဟံသာဝတီအသင်း၏  ခြေစစ်ပွဲ Play-off ပွဲစဉ်ကို မေ ၁၉ ရက်၊ အာဆီယံဇုန် အုပ်စုပွဲများကို ဇွန် ၂၂ ရက်မှ ၂၈ ရက်အထိ တစ်ကျော့တည်းကျင်းပမည်ဖြစ်သည်။

 

သတင်း-ညီမြတ်သော်တာ

ဓာတ်ပုံ - စိုးညွန့်