ရှမ်းယူနိုက်တက်အသင်း နိုင်ငံခြားသားကစားသမားများ ခေါ်ယူအားဖြည့်

ရန်ကုန် ၁၈ မေ


မြန်မာနေရှင်နယ်လိဂ်ကလပ် ရှမ်းယူနိုက်တက်အသင်းသည် ရာသီဝက် အပြောင်းအရွှေ့ကာလတွင် နိုင်ငံခြားသား ကစားသမားသုံးဦးအား ခေါ်ယူအားဖြည့်ခဲ့သည်။ ရှမ်းယူနိုက်တက်အသင်းသည် ယခုရာသီတွင် အောင်မြင်မှုရရန် ပြင်ဆင်နေပြီး ပထမအကျော့အပြီးတွင် နိုင်ငံခြားသား ကစားသမားများ အပြောင်းအလဲ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။


ရှမ်းယူနိုက်တက်အသင်းသည် ပထမအကျော့က အသုံးပြုခဲ့သည့် နိုင်ငံခြားသား ကစားသမားများအနက် ဘရာဇီးလ်တိုက်စစ်မှူး မေကွန်၊ ကွင်းလယ်တိုက်စစ်ကစားသမား ဂူစတာဗိုနှင့် နောက်ခံလူ ဒီဒီမာတို့ကို ပထမအကျော့အပြီးတွင် စာချုပ်ဖျက်သိမ်းခဲ့ခြင်း ဖြစ်သည်။ ရှမ်းယူနိုက်တက်အသင်းသည် ယင်းကစားသမားများနေရာတွင် နိုင်ဂျီးရီးယား တိုက်စစ်မှူး အီမန်နျူရယ်၊ အိုင်ဗရီကို့စ် ကွင်းလယ်ကစားသမား မက်ဆီမင်၊ ကင်မရွန်းနောက်ခံလူ ဝီလျံတို့ကို ရာသီဝက်စာချုပ်ဖြင့် အားဖြည့်ခဲ့ခြင်းဖြစ်သည်။ 


မက်ဆီမင်နှင့် ဝီလျံသည် ရှမ်းယူနိုက်တက်အသင်းတွင် ကစားဖူးသူများဖြစ်ပြီး မက်ဆီမင်သည် ရှမ်းယူနိုက်တက်အသင်း ၂၀၁၇ ရာသီက တစ်ရာသီအတွင်း ဖလားနှစ်လုံး ရရှိစဉ်က အဓိက ကစားသမားအဖြစ် ပါဝင်ခဲ့သူဖြစ်သည်။ မက်ဆီမင်သည် ၂၀၁၄၊ ၂၀၁၅ ရာသီတွင် ရတနာပုံ၊ ၂၀၁၆၊ ၂၀၁၇ ရာသီတွင် ရှမ်းယူနိုက်တက်အသင်း၊ ဝီလျံသည် ၂၀၁၆၊ ၂၀၁၇ ရာသီတွင် ရတနာပုံအသင်း၊ ၂၀၁၈ ရာသီတွင် ရှမ်းယူနိုက်တက်အသင်း၊ အီမန်နျူရယ်သည် ၂၀၁၇ ရာသီတွင် GFA (ယခု Chinland)၊ ၂၀၁၈ ရာသီတွင် ရန်ကုန်အသင်း၌ ကစားခဲ့သည်။ ရှမ်းယူနိုက်တက်အသင်းသည် ရာသီအစက ခေါ်ယူထားသည့် ဂျပန်ကွင်းလယ်ကစားသမား နာကာမူရာအပါအဝင် နိုင်ငံခြားသား ကစားသမားလေးဦးဖြင့် ရာသီဝက်ကာလကို ဆက်လက်ယှဉ်ပြိုင်မည်ဖြစ်သည်။


ရှမ်းယူနိုက်တက်အသင်းသည် ယခုရာသီ MNL အမှတ်ပေးပြိုင်ပွဲ ပထမအကျော့အပြီးတွင် ရမှတ် ၂၁ မှတ်ဖြင့် ထိပ်ဆုံးမှဦးဆောင်နေပြီး ဒုတိယအကျော့ပွဲအားလုံးကို အိမ်ကွင်းလက်ခံ ကစားရမည်ဖြစ်သည်။ ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ရှုံးထွက်ပြိုင်ပွဲတွင်လည်း ကွာတားဖိုင်နယ်သို့ တက်ရောက်နေပြီး မေ ၁၉ ရက်တွင် ဟံသာဝတီအသင်းနှင့် ယှဉ်ပြိုင်ရမည်ဖြစ်သည်။


သတင်း-ညီမြတ်သော်တာ
ဓာတ်ပုံ-စိုးညွန့်