ရှမ်းတို့သင်္ကြန် ရှမ်းတို့ဟန်

articles_advs

မိုးခတ်(ဒေးဒရဲ)

 

အခုဆိုရင် သင်္ကြန်ကာလ နီးလာတဲ့အတွက် သင်္ကြန်နဲ့ပတ်သက်တဲ့ အကြောင်းအရာတစ်ခုကို ရေးချင်ပါတယ်။ ရေပက်ဖျန်းတဲ့ ကစားနည်းကို မြန်မာနိုင်ငံနည်းတူ အိမ်နီးချင်းနိုင်ငံတွေမှာလည်း ကျင်းပကြတာ အားလုံး သတိထားမိကြမှာပါ။ မြန်မာပြည်မှာ သင်္ကြန်ကို ရိုးရာဓလေ့နဲ့ဆင်နွှဲတဲ့၊ တိုင်းရင်းသား သင်္ကြန်ပွဲတော်တွေလည်း ရှိနေတာ သတိထားမိကြလိမ့်မယ် ထင်ပါတယ်။

 

သင်္ကြန်ဟာ မူလက သက္ကတဘာသာကနေလာတဲ့ စကားလုံးဖြစ်ပါတယ်။ ရေးတော့ “သင်္ကြာန္တိ” လို့ ရေးပါတယ်။ အဲဒီကနေမှ “သင်္ကြန်” ဆိုပြီး ပြောင်းရေး လာတာပါ။ အသံထွက်တော့ “သင်းဂျန်၊ သှဂျန်” လို့ ထွက်ရပါတယ်။ နာမ်စကားလုံး ဖြစ်ပါတယ်။ အဓိပ္ပာယ်ကတော့ -

 

၁။ နှစ်ဟောင်းမှ နှစ်သစ်သို့ ကူးပြောင်းတဲ့ ကာလ၊

၂။ ရေပက်ဖျန်းတဲ့ နှစ်သစ်ကူးပွဲတော်လို့ အဓိပ္ပာယ်ရပါတယ်။ (မြန်မာအဘိဓာန်/မြန်မာစာအဖွဲ့ ဦးစီးဌာန/၂၀၀၈/၃၈၁။)

 

တကယ်တော့ မြန်မာသင်္ကြန်နဲ့ ရှမ်းသင်္ကြန်ကို ယှဉ်ကြည့်ရင် ရေပက်တဲ့ အလေ့အထတော့တူပြီး တချို့အလေ့အထတွေမှာတော့ ကွဲပြားတာ တွေ့ရပါတယ်။ မူလက ဟိန္ဒူဗြဟ္မဏတွေရဲ့ ယုံကြည်ကိုးကွယ်မှု ဓလေ့ထုံးစံဖြစ်ပြီး၊ ဒီဓလေ့ဟာ အရှေ့တောင်အာရှမှာရှိတဲ့ နိုင်ငံတွေဆီကို ပျံ့နှံ့ခေတ်စားလာခဲ့ပါတယ်။ ပုဂံခေတ်မှာ ရေပက်ဖျန်းကစားတဲ့မင်းအဖြစ် “နရသီဟပတေ့မင်း” ကို မြန်မာရာဇဝင်တွေမှာ တွေ့နိုင်ပါတယ်။ ရှမ်းတွေဆီမှာတော့ သင်္ကြန်ကို ဘယ်ကာလကတည်းက လုပ်နေပြီဆိုတာ အတိအကျမတွေ့ရသေးပေမယ့် မဟာယာနဗုဒ္ဓဘာသာဝင်မလာခင်နဲ့ ဝင်လာချိန်မှာ သင်္ကြန်ဓလေ့ ပါလာဟန် တူပါတယ်။

 

နောက်ပိုင်း ရှမ်းသင်္ကြန်ကျင်းပမှုတွေဟာ ဘာသာရေးဓလေ့ထုံးတမ်းကို အသားပေးမှုများလာတာ တွေ့လာရပါတယ်။ ရှမ်းတွေ ထေရဝါဒဗုဒ္ဓဘာသာ ဖြစ်လာချိန်မှာ သင်္ကြန်ကလည်း ဗုဒ္ဓတရားတော်နဲ့အညီ လိုက်ပါပြောင်းလဲလာဟန်လည်း ရှိပါတယ်။ သေချာတာကတော့ ရှမ်းတွေလုပ်တဲ့ သင်္ကြန်နဲ့ မြန်မာပြည်မဘက်က လုပ်တဲ့ သင်္ကြန်ဟာ နေ့သာတူပြီး ကျင်းပပုံကအစ လုံးဝကွဲပြားတယ်လို့ ရှမ်းစာရေးဆရာဖြစ်တဲ့ ဆေခမ်း (မန္တလေးတက္ကသိုလ်) က ပြောပါတယ်။

 

ရှမ်းသင်္ကြန်ရဲ့ ထူးခြားချက်က ရေပက်ခံသူရော၊ ရေလောင်းသူ အားလုံးနီးပါးဟာ ရိုးရာဝတ်စုံတွေနဲ့ ဝတ်ဆင်ပက်ဖျန်းကြရတာပဲ ဖြစ်ပါတယ်။ နောက်ပိုင်းနှစ်တွေအတွင်း နာမည်ကျော်လာခဲ့တဲ့ တရုတ်ပြည်က ရှမ်းဒေသတွေမှာ ပြုလုပ်တဲ့ ဆန်းကမ်းခေါ် ရှမ်းသင်္ကြန်ဟာ အဲဒီဓလေ့ကို အပြည့်အဝ ထိန်းသိမ်းတဲ့ သင်္ကြန်အဖြစ်နာမည်ကျော်တဲ့ သင်္ကြန်ပွဲတော်လည်း ဖြစ်ပါတယ်။

 

မြန်မာသင်္ကြန်ဟာ ဝါမထပ်ရင်လေးရက်၊ ဝါထပ်ရင်ငါးရက် လုပ်ပေမယ့် ရှမ်းသင်္ကြန်ကတော့ အမြဲလိုလို ၁ဝ ရက်တိတိ လုပ်ပါတယ်။ မြန်မာသင်္ကြန်ဟာ အကြိုနေ့ကစပြီး ရေပက်ပေမယ့် ရှမ်းသင်္ကြန်ကတော့ အကြိုနေ့မှာ ရေမပက်ပါဘူး။ မြန်မာသင်္ကြန်မှာ ပန်းခူးထွက်တဲ့ ဓလေ့မရှိပေမယ့် ရှမ်းသင်္ကြန်မှာတော့ အကြိုနေ့ နံနက်စောစောထပြီး နေထွက်ရာဘက်ဆီက တောထဲမှာ အပျို/လူပျို အစထားပြီး ပန်းခူးထွက်ရတဲ့ ဓလေ့ရှိပါတယ်။ မြန်မာသင်္ကြန်မှာ အထိမ်းအမှတ်ပန်းဟာ ပိတောက်ဖြစ်ပြီး ရှမ်းသင်္ကြန်မှာ အထိမ်းအမှတ်ပန်းဟာ “မောက်ကိုဆွဲ့” လို့ခေါ်တဲ့ ပန်းဖြစ်ပါတယ်။

 

မြန်မာသင်္ကြန်မှာ အကျနေ့ သိကြားမင်းဆင်းတယ်လို့ ယူဆပြောဆိုနေပေမယ့် ရှမ်းသင်္ကြန်မှာတော့ အကျနေ့မှာ ဘုရားရှင်ဆင်းပါတယ်။ အကျနေ့မှာ ဘုရားရှင်ကို စံကျောင်းတော်ကနေ “ကုန်းဆွမ်း” လို့ ခေါ်တဲ့ ယာယီစံကျောင်းဆီ ပင့်ဆောင်ပြီး ရေပူဇော်တာပါ။

 

မြန်မာသင်္ကြန်မှာ သင်္ကြန်ကြိုတဲ့ဓလေ့ မတွေ့ရတော့ပေမယ့် ရှမ်းသင်္ကြန်မှာတော့ သင်္ကြန် ကျချိန်ရောက်တာနဲ့ မင်္ဂလာမောင်းထုခြင်း၊ မင်္ဂလာစည်တီးခြင်းဖြင့် သင်္ကြန်ကို ကြိုဆိုပါတယ်။ မြန်မာသင်္ကြန်မှာ ဘုရားရှင်ကို ရေခွက်နဲ့ ဦးခေါင်းထိပ်ကနေ လောင်းခြင်း၊ ပက်ခြင်းပြုပါတယ်။ ရှမ်းသင်္ကြန်မှာတော့ သစ်သား၊ ဝါးတို့နဲ့ ပြုလုပ်ထားတဲ့ နယား (သို့) နဂါးပုံ ရေဇလားကို ဦးစွာပြုလုပ်ပါတယ်။ ပြီးတော့ ရေအားနဲ့လည်ပတ်ပြီး ဘုရားရှင်ကို ရေဖျန်းပူဇော်မယ့် “နမ့်ပန်ကုန်း” လို့ခေါ်တဲ့  ရိုးရာရေဖျန်းကိရိယာကို ဆင်ပါတယ်။ ပြီးတော့မှ ဒီကိရိယာဘေး (သို့) အောက်မှာ ဘုရားရှင်ကို ပင့်ဆောင်ပါတယ်။ ရေဇလားကနေ ရေသွန်းလောင်းသပ္ပါယ်လိုက်တဲ့အခါ ရေဖျန်းကိရိယာဟာ ရေအားနဲ့လည်ပတ်သွားပြီး ကိရိယာထဲကနေ ရေတွေဟာ ဘုရားရှင်ကို သွန်းဖျန်းပေးပါတယ်။

 

သင်္ကြန်မှာ ရေပက်တာအပြင် နှစ်ဆန်းတစ်ရက်နေ့မှာ သဲပုံစေတီတည်တာ၊ ဘုရားဆင်းတုတွေကို ရေသပ္ပာယ်တာတွေ လုပ်တော့ တခြားလူမျိုးတွေရဲ့ သင်္ကြန်နဲ့မတူတဲ့ အလေ့အထလည်းရှိတယ်။ အဲဒါကတော့ ရေဒလက်တွေနဲ့ ဝါးရေတံလျှောက်တွေကို တပ်ဆင်ပြီး ဒလက်တွေကိုလည်စေကာ ဘုရား ဆင်းတုတော်တွေကို ရေသပ္ပာယ်တဲ့ ရှမ်းသင်္ကြန်ရဲ့ ထူးခြားတဲ့ ဓလေ့ပဲ ဖြစ်ပါတယ်။ အဲဒီနေ့မှာပဲ ရှမ်းတွေဟာ လူကြီးသူမအားလုံးကို ဘုန်းကြီးကျောင်းမှာ ပင့်ပြီး ကန်တော့လက်ဆေးရေ သွန်းဖျန်းကန်တော့တဲ့ ဓလေ့ရှိပါတယ်။

 

သင်္ကြန် ၁ဝ ရက်မှာ ရှမ်းတွေက အကြိုနေ့ ရေမပက်ပါဘူး။ အကျ၊ အကြတ်၊ အတက် သုံးရက်မှာ ရှမ်းတွေက ရေစပက်လေ့ရှိပေမယ့် သိပ်မပက်သေးပါဘူး။ တကယ်ပက်တာက ကျန်တဲ့လေးရက်ပါ။ အဲဒီလေးရက်ဟာ ရှမ်းတွေ အတွက် ရွာစဉ်၊ မြို့စဉ်လှည့်ပြီး မိမိတို့ဒေသက ဝါတော်အကြီးဆုံး ဆရာတော်ရဲ့ကျောင်းကစလို့ ဝါတော်အငယ်ဆုံး ဆရာတော် ကျောင်းရောက်သည်အထိ တစ်ရက် တစ်ရွာနှုန်းနဲ့ ရက်သတ်မှတ် ကန်တော့ကြပါတယ်။ အဲဒါကို “ပွိုင်းခုပ် ဝိုင့်ကန်တော့စဝ်မွန်း” ဘုန်းကြီးကန်တော့ပွဲလို့ ခေါ်ပါတယ်။

 

အဲဒီပွဲဟာ ဘုန်းကြီးကန်တော့ပွဲဖြစ်သလို မိမိတို့ရဲ့ ဆွေမျိုးမိတ်သင်္ဂဟများနဲ့လည်း တွေ့ဆုံတဲ့ပွဲပါ။ အများစုလာတဲ့အခါ အိမ်ရှင်ရွာကနေ ထမင်း၊ မုန့်များနဲ့ ဧည့်ခံရပါတယ်။ ရှမ်းရိုးရာသင်္ကြန် မုန့်တွေကတော့ မုန့်ဖက်ထုပ်၊ ဌာပနာမုန့်ဖက်ထုပ်၊ ထိုးမုန့်နဲ့ မုန့်လက်ဆောင်း၊ ဆန်ချိုအေးတို့ပဲ ဖြစ်ပါတယ်။ အဲဒီမုန့်များထဲက ကတော့ချွန်လို/သုံးမြှောင့်ချွန်လို လုပ်ထားတဲ့မုန့်ကို ကလေးများအတွက် သီးသန့်ကျွေးပါတယ်။ ကလေးတွေဟာ အနာဂတ်မှာ ထူးချွန်ထက်မြက်တဲ့သူများ ဖြစ်လာလိမ့်မယ်ဆိုတဲ့ အယူအဆနဲ့ ကျွေးတာပါ။ ဧည့်သည်တွေအလာမှာ ရေမပက်ပါဘူး။ ဘုန်းကြီးကန်တော့အပြီး၊ ဆွေမျိုး မိတ်သင်္ဂဟများနဲ့လည်း တွေ့ဆုံဂါရဝပြုအပြီး ကိုယ့်ရွာသူ့ရွာအပြန်မှာမှ ရေပက်ပါတော့တယ်။

 

ရေပက်တဲ့အခါမှာလည်း ဧည့်သည်နဲ့ အိမ်ရှင်ရွာကလူတွေဟာ လက်တန်း လင်္ကာကဗျာများ အပြန်အလှန်ရွတ်ဆိုခြင်း၊ အပျို လူပျိုအချင်းချင်း လင်္ကာဖြင့် စကားထာဝှက်ခြင်းတွေ အပြန်အလှန် ပြုလုပ်ပြီးမှ တပျော်တပါး ရေပက်ဖျန်းဆော့ကစားကြတာ ဖြစ်ပါတယ်။ ဘုန်းကြီးကန်တော့ပွဲ အားလုံး ပြီးသွားရင် သူ့ရွာကိုယ့်ရွာ သူ့မြို့ ကိုယ့်မြို့မှာ ရွာနာမ်တည်ရာကစပြီး အန္တရာယ်ကင်းပရိတ် ရွတ်ဖတ်တဲ့ အစဉ်အလာရှိပါတယ်။

 

ပြီးတဲ့အခါမှာတော့ ကိုယ့်ရွာက၊ ကိုယ့်မြို့ ကဆရာတော်ကို သီးသန့်ထပ်ကန်တော့တဲ့ အခမ်းအနားရှိပါတယ်။ ဒါတွေပြီးမှပဲ ရှမ်းတွေအတွက် သင်္ကြန်ပြီးတယ်လို့ ခေါ်နိုင်ပါတယ်။

 

မြန်မာလို သင်္ကြန်လို့ခေါ်တဲ့ ရှမ်းအခေါ် ဆန်းကျဲန်၊ ဆဲန်းကျန်၊ ပွိုင်းဆွမ်း နမ့်၊ ဆွန်ခရမ်ပွဲတော်ကို ရှမ်းဒေသအသီးသီးဖြစ်တဲ့ မြန်မာနိုင်ငံအတွင်းက ရှမ်းတွေနေထိုင်ရာ ဒေသတွေ၊ တရုတ်ပြည်နိုင်ငံ ယူနန်ပြည်နယ် မိုင်းမော ဒေသများ ( ယခုခေတ်အခေါ်တယ်ဟုန်၊ ရင်းကျန်း၊ မုန်းဝန်း စတဲ့ ရှမ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ဒေသတွေနဲ့ ဆစ်ဆောင်ပဏ္ဏားဒေသ) ရှမ်းအနွယ်တွေနေထိုင်တဲ့ အိန္ဒိယနိုင်ငံ၊ ထိုင်းနိုင်ငံ၊ လာအိုနိုင်ငံ၊ ကမ္ဘောဒီးယားနိုင်ငံတို့တွင် ကျင်းပလေ့ ရှိပါတယ်။

 

ကိုးကား- ရှမ်းသင်္ကြန် (ဆေခမ်း- မန္တလေး တက္ကသိုလ်)