ရှမ်းရိုးရာ ငါးထမင်းနယ်

ငါးထမင်းနယ်ဆိုတဲ့အမည်ကြားလိုက်ရုံနဲ့ ရှမ်းလူမျိုးတွေရဲ့ ဒေသအစာလို့ ခန့်မှန်းမိကြမှာပါ။ ဒေသစာလို့ ဆိုရာမှာတော့ မူရင်းဒေသက ထွက်ကုန်တွေနဲ့ အသုံးပြုမှသာ ဒေသအရသာနဲ့ အနံ့အစစ်ကို ရနိုင်တာပါ။ ဥပမာပြောရရင် ထားဝယ်၊ မြိတ်ဘက်မှာ အချဉ်ရည်သုံးတဲ့ ပအုံးရည်ကို ရှာလကာရည်နဲ့ အစားထိုးပေမယ့် ချဉ်ပုံချဉ်နည်း အရသာနဲ့ အနံ့ကတော့ တခြားစီပါပဲ။

 

ငါးထမင်းနယ်လုပ်ရာမှာ ရှမ်းဆန်စစ်စစ်ကိုသာ သုံးသင့်ပါတယ်။ ငါးကိုတော့ ငါးဖိန်း၊ ရွှေဝါငါးကြင်းနဲ့ ငါးရံ့တို့ သုံးနိုင်ပေမယ့် ငါးရံ့က အသားများပြီး အရသာပိုချိုလို့ ငါးရံ့ကို သုံးကြပါတယ်။ ကြက်သွန်ဖြူဆိုရင်လည်း တရုတ်ကြက်သွန်ဖြူဥကြီးတွေအစား ရှမ်းကြက်သွန်ဖြူအမြွှာလေးတွေက ပိုပြီး မွှေးတာပေါ့။ ခရမ်းချဉ်သီးဆိုလည်း အချဉ်စူး၊ အစေ့များပြီး အသားပါးတဲ့ ကိုင်းသီးကို ရှောင်ရပါမယ်။ အင်းသီးလို့ခေါ်တဲ့ အင်းလေးဒေသထွက် ခရမ်းချဉ်သီးက အစေ့နည်းပြီး အသားထူလို့ အင်းသီးကိုသာ သုံးသင့်ပါတယ်။

 

ငါးထမင်းနယ်လုပ်စားမယ်ဆိုရင် ရှမ်းဆန်ကို ဆားနည်းနည်းနဲ့ နနွင်းခတ်ပြီး အနေတော် ရေခန်းချက်ထားပါ။ ငါးကို သန့်စင်ပြီး ဆား၊ နနွင်းနဲ့ ရေခန်းအောင်ပြုတ်ပြီး အသားနွှာထားရပါမယ်။ ပြီးရင် ကြက်သွန်ဖြူဆီချက် ချက်ရပါမယ်။ နောက်တစ်မျိုးက ခရမ်းချဉ်သီးအနှစ်ပါ။ ခရမ်းချဉ်သီးကိုပြုတ် အခွံနွှာပြီး ငါးအသားထဲက သုံးပုံတစ်ပုံလောက်နဲ့ ဆီပြန်အောင်ချက်ပြီး အနှစ်လုပ်ထားရပါမယ်။

 

အားလုံးအသင့်ပြင်ပြီးတဲ့အခါ ပူနွေးနွေး ရှမ်းဆန်ထမင်းကို နွှင်ထားတဲ့ ငါးအသားနဲ့ အိုးသန့်သန့်တစ်လုံးမှာ ရောပြီး အစေ့ပျောက်အောင် နယ်ပါမယ်။ တချို့က ကျည်ပွေ့အရှည်ကို ဆီသုတ်ပြီး နယ်ပါတယ်။ သတိထားဖို့အချက်က ထမင်းအနေအထားက ပူနွေးနေမှသာ ငါးနဲ့ရောနယ်တဲ့အခါ ထမင်းနဲ့ငါး တစ်သားတည်းဖြစ်ပြီး ကြေလွယ်တာပါ။ ထမင်းအေးနေရင် နယ်လို့အဆင်မပြေတော့ပါ။ အသင့်ဖြစ်တဲ့အခါ ငါးထမင်းကို အလုံးလေးတွေလုံး သို့မဟုတ် နှစ်သက်ရာပန်းကန်လေးတွေနဲ့ ပုံစံသွင်းပြီး ငှက်ပျောဖက်လေးခင်းကာ ပြင်ဆင်ကြပါတယ်။

 

ပန်းကန်ထဲမှာ ပြင်ထားတဲ့ ငါးထမင်းနယ်က နနွင်းရောင်ဝါဝါကလေးနဲ့ပါ။ အဲဒီ ငါးထမင်းနယ်အပေါ် ကြက်သွန်ဖြူဆီချက်နဲ့ ခရမ်းချဉ်သီးဆီပြန် အနှစ်ကလေးပုံ၊ ကုလားအော်ငရုတ်သီးခြောက် အတောင့်ကြော်၊ မြေပဲဆန်ကြော်နဲ့ လတ်လတ်ဆတ်ဆတ် ဂျူးမြစ်လေးတွေထည့်ပြီး အသင့်တွဲဖက်စားသုံးလို့ရပါပြီ။ ရှမ်းလူမျိုးများသာမက လူမျိုး၊ ဘာသာမရွေး ကြိုက်နှစ်သက်ကြတဲ့ ဒေသစာတစ်မျိုးပါ။

 

စံလွင် (ငါးဦးစီး)