ရှမ်းရွာသစ်မြို့တွင် အထွေထွေရွေးကောက်ပွဲအတွက် ကြိုတင်ဆန္ဒမဲပေးခြင်းများ ဆက်လက်ဆောင်ရွက်

ရှမ်းရွာသစ်  ၁   နိုဝင်ဘာ

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေး ကောက်ပွဲအတွက် မဲရုံတွင် တာဝန်ထမ်းဆောင်ကြမည့် ဝန်ထမ်းများမှ ကြိုတင်ဆန္ဒမဲထည့်ခြင်းကို ရှမ်းရွာသစ်မြို့ အမှတ်(၂)ရပ်ကွက်နှင့် ကွီးလေးကျေးရွာအုပ်စုရှိ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး များတွင် ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

 

ရှမ်းရွာသစ်မြို့၌ ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီးတွင် ကြိုတင်ဆန္ဒမဲ ပေးခွင့်ရှိသူများတို့က သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ ကော်မရှင်အဖွဲ့ခွဲရုံးများတွင် ဆန္ဒမဲပေးလျက်ရှိပြီး ကြိုတင်ဆန္ဒမဲပေးခြင်း အနေဖြင့် အောက်တိုဘာ ၂၉ ရက်နေ့မှ နိုဝင်ဘာ ၇ ရက်နေ့အထိ ဆန္ဒမဲ ပေးနိုင်ကြောင်း သိရသည်။

 

အဆိုပါ ကြိုတင်ဆန္ဒမဲပေးရာတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ထားသော ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်လျက်ရှိပြီး မဲရုံသို့မလာရောက်နိုင်သော သက်ကြီး အဘိုးအဘွားများအား အိမ်တိုင်ရာရောက် လိုက်လံ၍ ဆန္ဒမဲပေးနိုင်အောင် စီစဉ်ဆောင်ရွက်လျက်ရှိပြီး ရှမ်းရွာသစ်မြို့အနေဖြင့် မဲရုံပေါင်း (၁၆)ရုံနှင့် ဆန္ဒမဲပေးခွင့်ရှိသူ (၁၂၃၈၂)ဦး ရှိကြောင်း သိရှိရသည်။

ဇင်လေး(ပြန်/ဆက်)