ရှမ်းပြည်နယ်တောင်ပိုင်းအတွင်း ဆောင်ရွက်သည့် ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ရာနှုန်းပြည့် ပြီးစီး

တောင်ကြီး  ၂၈   စက်တင်ဘာ

 

ရှမ်းပြည်နယ်တောင်ပိုင်း ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ကွပ်ကဲမှုအောက်ရှိ မြို့နယ် ၂၁ မြို့နယ်တွင် ၂၀၁၉ - ၂၀၂၀ခုဘဏ္ဍာနှစ်အတွင်း ပြည်ထောင်စုခွင့်ပြုရန်ပုံငွေ၊ ရှမ်းပြည်နယ် အစိုးရ အဖွဲ့ခွင့်ပြုရန်ပုံငွေများဖြင့် ဆောင်ရွက်သည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။

 

ရှမ်းပြည်နယ်(တောင်ပိုင်း)အတွင်းရှိ မြို့နယ် ၂၁ တွင် ၂၀၁၉-၂၀၂၀ဘဏ္ဍာနှစ်အတွင်း ကျေးလက်ကုန်ထုတ် လမ်း ၄၃လမ်း အရှည် ၇၆ မိုင် ၇ဖာလုံ၊ တံတား ၄၃စင်း အရှည် ၃၃၆ပေ တည်ဆောက်ခြင်း၊ ကျေးလက်ဒေသသန့်ရှင်းသောသောက်သုံးရေရရှိရေးလုပ်ငန်းများအဖြစ် ကျေးရွာ ပေါင်း ၂၆၀ရွာအတွက် ရေရရှိရေးလုပ်ငန်း ၂၄၁ ခုအကောင်အထည်ဖော်ခြင်း၊ မြစိမ်းရောင်ကျေးရွာ စီမံကိန်း ၇၅ယူနစ်ဖြင့် ကျေးရွာပေါင်း ၉၆ရွာတွင်ဆောင်ရွက်ပေးခြင်း၊ ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်းVDP လုပ်ငန်းများအား ကျေးရွာပေါင်း ၃၁၀တွင် လမ်း တံတား၊ ရေရရှိရေး၊ မီးလင်းရေး၊ ကျေးရွာခန်းမဆောင်တည်ဆောက်ရေးစသည့်လုပ်ငန်းပေါင်း ၃၇၅ခုကို ကျေးရွာပြည်သူလူထုကိုယ်တိုင် အကောင်အထည်ဖော်ဆောင်ရွက်စေခြင်း၊ Cash for Work စီမံကိန်းအဖြစ် ကျေးရွာ ၁၁၃ရွာတွင် ဖွံ့ဖြိုးရေးလုပ်ငန်း ၁၄၁ခုဆောင်ရွက်ခြင်း၊ ကျေးရွာပေါင်း ၁၃၆ရွာတွင် ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း အကောင်အထည် ဖော်ဆောင်ရွက်ပေးခြင်း၊ ကျေးလက်ဒေသမီးလင်းရေးအဖြစ် ကျေးရွာ ၃ရွာတွင် Solar Mini Grid System ၃ခုတည်ဆောက်ခြင်းလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ပေးခဲ့ရာ ယခုအချိန်၌ လုပ်ငန်းများအားလုံးရာနှုန်းပြည့် ပြီးစီးနေပြီဖြစ်သည်။

 

အဆိုပါ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ၂၀၁၉ - ၂၀၂၀ခုဘဏ္ဍာနှစ်အတွင်း ပြည်ထောင်စုခွင့်ပြုရန်ပုံငွေကျပ် ၁၂၈၇၈ ဒသမ ၇၆ သန်း၊ ပြည်နယ်အစိုးရခွင့်ပြုရန်ပုံငွေ ကျပ် ၃၀၆၁ ဒသမ ၈၁၆သန်း စုစုပေါင်း ပြည်ထောင်စု၊ ပြည်နယ်အစိုးရခွင့်ပြုရန်ပုံငွေကျပ် ၁၅၉၄၀ ဒသမ ၅၇၆ သန်းဖြင့် ဆောင်ရွက် ပေးခဲ့ခြင်းဖြစ်ကြောင်း ရှမ်းပြည်နယ်တောင်ပိုင်း ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး ထံမှသိရသည်။

 

ငြိမ်းသူ