ရှမ်းပြည်နယ်မှ အလှူပွဲများနှင့် တိုးတောင်ကွေ (ခေါ်) ငှက်ပျောရွက်တိုးနရားအက

၇ ဧပြီ

 

ရှမ်းပြည်နယ်တွင် ရဟန်းခံရှင်ပြုအလှူပွဲ၊ သီတင်းကျွတ်မီးထွန်းပွဲ၊ တန်ဆောင်တိုင်ပွဲနှင့် ဆရာတော်ကြီးများ ပူဇော်ကန်တော့ပွဲ စသည်တို့ကို စုပေါင်းကျင်းပလေ့ရှိကြသည်။ အဆိုပါ မင်္ဂလာရှိသော ဘာသာရေးဆိုင်ရာ အလှူပွဲကြီးများ၌ ရှမ်းရိုးရာ ကိန္နရီ ကိန္နရာအက၊ တိုးနရားအကများလည်း ရှမ်းအိုးစည်နှင့် တွဲဖက် ပါဝင်ကြရသည်။ ရှမ်းပြည်နယ်တွင် ရှမ်းအိုးစည်၊ ကိန္နရီ ကိန္နရာ၊ တိုးနရားနှင့် ရှမ်းသိုင်းအကအလှတို့မှာ ရှမ်းတို့၏ တန်ဖိုးထားမြတ်နိုးရာ အသည်းနှလုံးပင်ဖြစ်၏။

 

လူနှစ်ယောက်ရှေ့ဦးခေါင်းပိုင်းနှင့် နောက်အမြီးပိုင်းတွင်ဝင်၍ ရှမ်းအိုးစည်သံစည်းချက်နှင့်အညီ ကရသော တိုးနရားအကကို မြင်တွေ့ဖူးသူများကြသည်။ ထို့အတူ ဝါးဖြင့် ပြုလုပ်ထားသော ကိုယ်ထည်ပေါ် လတ်လတ်ဆတ်ဆတ် ငှက်ပျောရွက်များကို ဖုံးသီ၍ ရှေ့နောက် လူနှစ်ယောက်ဝင်ပြီး ကရသည့် ငှက်ပျောရွက် တိုးနရားအကလည်း ရှိသေးသည်။ ရှမ်းစကားဖြင့် “တိုးတောင်ကွေ” ဟု ခေါ်ကြသည်။ (တိုး=တိုးနရား၊ တောင်=အရွက်၊ ကွေ=ငှက်ပျော) ငှက်ပျောရွက်တိုးနရားဟု အဓိပ္ပာယ်ရပေသည်။

 

အဆိုပါ တိုးတောင်ကွေ (ခေါ်) ငှက်ပျောရွက်တိုးနရား အကသည် ရှေးယခင်ကပင် ရှိခဲ့ဖူးသော်လည်း ယခုအခါ အတွေ့ရနည်းပါးသွားခဲ့သည်။ သို့သော် ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့ သီရိမင်္ဂလာမန်ဆူရှမ်းကျောင်းတိုက်၌ ကျင်းပသော အလှူပွဲကြီးများသို့ လာရောက် ပါဝင်ကပြသည်ကိုတော့ မကြာခဏတွေ့ရှိခဲ့ရသည်။ ဧပြီ ၁ ရက်က မန်ဆူရှမ်းကျောင်းတိုက်တွင် ကျင်းပခဲ့သော မြန်မာရတနာရွှေခေတ်ကုမ္ပဏီ၏ ဒေသခံတိုင်းရင်းသားရင်သွေးငယ် ၁၄၂ ဦးကို ရှမ်းရိုးရာ ရှင်ပြုပွဲ၌ တိုးတောင်ကွေအား တွေ့ရှိခဲ့ရသည်။

 

လားရှိုးမြို့နယ် နမ့်ခိုက်ကျေးရွာမှဖြစ်သည်။ ရှမ်းရိုးရာရှေးအစဉ်အလာ တိုးတောင်ကွေအကကို ထိန်းသိမ်းလာခဲ့ကြခြင်း ဖြစ်သည်။ ငွေကြေးဖြင့် ငှားရမ်း၍လာရောက်ကြခြင်းတော့မဟုတ်။ အလှူရှင်၏ ဆန္ဒအရ မန်ဆူရှမ်းကျောင်းတိုက် ဆရာတော်၏ ဖိတ်ကြားစီမံမှုဖြင့် လာရောက်ကြခြင်းဖြစ်သည်။ အလှူရှင်နှင့် ပရိသတ်တို့က ဆုငွေချီးမြှင့်ပါမူ ထိုဆုငွေကို ရှေ့ခေါင်းပိုင်းမှ နှုတ်သီးဖြင့် ကျွမ်းကျင်စွာ ကောက်ယူသည်။ အလှူရှင်များ အလွန်သဘောကျကြသည်။

 

တိုးတောင်ကွေ၏ ဖွဲ့စည်းပုံမှာ ပါးစပ်ဖွင့်ပိတ်၍ရသော တိုးနရားဦးခေါင်းပိုင်းနှင့် ဝါးချောဖြင့်ပြုလုပ်ထားသည့် ကိုယ်ထည်(ဖရိမ်)ကို တွဲ၍တည်ဆောက်ထားရသည်။ အလှူပွဲဝင်ရမည့် အချိန်တွင် ငှက်ပျောပင်မှ လတ်လတ်ဆတ်ဆတ် ခူးယူထားသည့် ငှက်ပျောရွက်များကို ထိုကိုယ်ထည်ပေါ်၌ သီဆွဲဖုံးအုပ်ထားရသည်။ ထို့နောက် ကိုယ်ထည်နောက်ပိုင်းမှ တစ်ဦးဝင်၍ မတ်တတ်ရပ်သည်။ ကိုယ်ထည်ငှက်ပျောရွက်ပေါ်တွင် အဝတ်ဖိနပ်နှင့် ခြေထောက်အတုတစ်စုံကို ဘယ်၊ ညာမျှ၍ တင်ထားရသည်။ အဓိပ္ပာယ်ကား အများအမြင်၌ တိုးတောင်ကွေပေါ်မှ တိုးနရားထိန်းသူ စီးနင်းလိုက်ပါ နေပုံဖြစ်သည်။

 

ပို၍အသက်ဝင်အောင် ဘယ်လက်က တိုးတောင်ကွေ၏ ရှေ့နဖားကြိုးကိုဆွဲထားပြီး ညာလက်က ကြိမ်တံကို ကိုင်မြှောက်ထားသေးသည်။ ရှေ့ဦးခေါင်းပိုင်း၌ တစ်ယောက်ကဝင်နေရပြီး ရှေ့ပိုင်းလှုပ်ရှားမှုနှင့် ဦးခေါင်းအနိမ့်အမြင့်၊ အတက်အကျတို့ကို တာဝန်ယူရသည်။ ဘေးမှလိုက်ပါတီးခတ်ပေးနေသော ရှမ်းအိုးစည်သံ စည်းချက်ညီစွာလည်း ဟန်ချက်ညီညီ ကပြရသေးသည်။ ပညာပါ၍ အလွန်ကြည့်ကောင်းလှသော စိတ်ဝင်စားဖွယ်ရာ ရှမ်းရိုးရာ တိုးတောင်ကွေ အကပင် ဖြစ်ပေသည်။

 

ယခုအခါ အဆိုပါ တိုးတောင်ကွေ (ခေါ်) ငှက်ပျောရွက်တိုးနရားအကမှာ ရှားပါးသွားပြီဟုဆိုနိုင်သော်လည်း လားရှိုးမြို့ သီရိမင်္ဂလာ မန်ဆူရှမ်းကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တ ပုညနန္ဒနှင့် ရှမ်းတိုင်းရင်းသားများက ရှမ်းရိုးရာအလှူပွဲကြီးများ၌ ဂုဏ်ယူမြတ်နိုးစွာ နေရာပေးတင်ဆက်စေလျက်ရှိပါကြောင်း တင်ပြလိုက်ရပါသည်။

 

သီပေါကိုလိုလတ်