ရှမ်းပြည်နယ် တာချီလိတ်မြို့နယ်အတွင်း ကျူးလွန်ခဲ့သော လူပြန်ပေးမှု နှစ်မှုနှင့် လူသတ်ရန် အားထုတ်မှုမှ တရားခံများ ဖော်ထုတ်ဖမ်းဆီးရမိ

နေပြည်တော်  ၉  မေ

 

ရှမ်းပြည်နယ်၊ တာချီလိတ် မြို့နယ်၊ မယ်ယမ်းကျေးရွာနေ ဒေါ်အိခက်(၄၂)နှစ်သည် ဇန်နဝါရီ ၁၇ ရက်နံနက် ၇ နာရီခွဲက နေအိမ်အပေါ်ထပ်၌ အိပ်နေစဉ် လျှာထိုးဦးထုပ်များ ကိုယ်စီဆောင်းထားကြပြီး ပါးစပ်တွင် အနက်ရောင်(Mask)များ ၀တ်ဆင်ထားသည့်  လူ(၄)ဦး က နေအိမ်သို့ ဝင်ရောက်၍ ၎င်းတို့စီးလာသော CROWN အမျိုးအစား အဖြူရောင်ယာဉ် ပေါ်သို့ အတင်းအဓမ္မခေါ်ဆောင်သွားသဖြင့် ခင်ပွန်းဖြစ်သူ ဦးဟိုက်တိုင်(၅၃)နှစ်က တိုင်တန်းမှုကြောင့်   တာချီလိတ် မြို့မရဲစခန်းက  အမှုဖွင့်အရေးယူဆောင်ရွက် ခဲ့ကြောင်း။ 

 

ဧပြီ ၄ ရက် နံနက် ၁၁ နာရီတွင် တာချီလိတ်မြို့နယ်၊ ဆီလီငေါက် ကျေးရွာနေ ကိုစိုင်းအောင်ခမ်းအား လူတစ်စုက ပြန်ပေးဆွဲခေါ်ဆောင်သွားပြီး ဘတ်(၁၀၅)သိန်းပေး၍ ပြန်လွှတ်ခဲ့သော်လည်း တာချီလိတ်မြို့၊ မယ်ယန်းနှင့် ဝမ်စောက်ခုံကြားရှိ ကားလမ်းဘေးတွင် သေနတ်ဖြင့် လိုက်လံပစ်ခတ်ခံရကာ ကျည်မထွက်၍ လွတ်မြောက်ခဲ့ကြောင်း။

 

အထက်ပါ သတင်းအရ တာချီလိတ်မြို့ နယ်ရဲတပ်ဖွဲ့မှ စုံစမ်းဖော်ထုတ်ဆောင်ရွက်ခဲ့ပြီး မိုင်းဖြတ်မြို့နယ်၊ ဟိုခန့်ကျေးရွာနေ ဦးအင်းရှဲန်(မိ)၏ နေအိမ်အား ဝင်ရောက်ရှာ ဖွေရာ PAJERO–IO အဖြူရောင်(၁)စီးနှင့် ၎င်းပိုင် ရာဘာခြံအတွင်း လူနေ အိမ်အောက်ထပ် ခုတင်ပေါ်ရှိ ခေါင်းအုံးအောက်မှ လုပ်သေနတ် (၁)လက်၊ ခြောက်လုံးပြူးဂက်စ် သေနတ် (၁)လက်၊ ပွိုင့် ၃၈ ဘို့ကျည်(၄)တောင့်၊ M 22 ကျည်အိမ်(၁)ခု၊ ၇.၆၂ ကျည်(၂၇)တောင့်နှင့် ဆိုင်ကယ် (၁)စီး တို့အား သိမ်းဆည်းရမိခဲ့ကြောင်း။ 

 

အမှုမှ ကွင်းဆက်တရားခံ စိုင်းကာခမ်းအား တာချီလိတ်မြို့၊ ဆန်ဆိုင်း(က) ရပ်ကွက်၊ သစ္စာလမ်းမပေါ်တွင် Crown အဖြူရောင်ယာဉ်နှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး စစ်ဆေးပေါ်ပေါက်ချက်အရ  စိုင်းရှဲန်မိုင်း(ခ)အိုက်ဟန်(မိ)၊ အိုက်တွီး(မမိ)၊ အိုက်မွန်း(မမိ)တို့နှင့်အတူ ဒေါ်အိခက်အား Crown ယာဉ် (၂)စီးဖြင့် မိုင်းယုမြို့နယ်၊ ဝမ်ကျိုင်းရွာအနီး ရာဘာခြံရှိ အိုက်မား(ခ)စိုင်းမား(မိ)၏ တဲသို့ခေါ်ဆောင်ကာ ဒေါ်အိခက်၏မောင်ထံမှ ဘတ်ငွေသိန်း ၁၉၀ တောင်းခံရာ ဘတ်ငွေ ၁၂ သိန်းရရှိခဲ့ကြောင်းနှင့် စိုင်းရှဲန်မိုင်း (ခ)အိုက်ဟန်က ဘတ်ငွေ ၆ သိန်းရယူကာ လက်နက်ခဲယမ်းများနှင့် Crown ယာဉ်(၁)စီးတို့ ဝယ်ယူပြီး အင်းရှဲန်(ခ)လုံးရှဲန်၏ တောင်ကုန်းတဲတွင် ထားရှိခဲ့ကြောင်း။

 

သို့ဖြစ်၍   ပြစ်မှုကျူးလွန်သူ စိုင်းကာခမ်း(မိ)၊ စိုင်းရှဲန်မိုင်း(ခ)အိုက်ဟန်(မိ)၊ အိုက် တွီး (မမိ)၊ အိုက်မွန်း (မမိ)တို့(၄) ဦးသည် ကိုစိုင်းအောင်ခမ်းအား ပြန်ပေးဆွဲခေါ်ဆောင်သွားပြီး ဘတ်ငွေ ၁၀၅ သိန်း တောင်းခံခဲ့သဖြင့်    လည်းကောင်း၊ ကိုစိုင်းအောင်ခမ်းနှင့် ၎င်း၏မိခင်ဖြစ်သူ ဒေါ်နန်းရှဲန်အွန်အား သေနတ်ဖြင့် လိုက်လံပစ်ခတ်ခဲ့သဖြင့်   လည်းကောင်း အသီးသီး တာချီလိတ်မြို့မ ရဲစခန်း၌ အမှုဖွင့်အရေးယူထားရှိပြီး အထက်ပါ တရားခံ(၄)ဦး သည် တာချီလိတ်မြို့မရဲစခန်းမှ အမှုကိုလည်း ကျူးလွန်ခဲ့သူများဖြစ်သည်ကို ဖော်ထုတ်ရရှိကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ သတင်းရရှိသည်။

 

သတင်းစဉ်