ရှမ်းနီရိုးရာကောက်ဦး ဆွမ်းကပ်လှူပွဲနှင့် နှစ်သစ်ကူးပွဲတော် စည်ကားစွာ ကျင်းပ

ဗန်းမောက် ၃  ဇန်နဝါရီ

 

စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် ဗန်းမောက်မြို့နယ် ရှမ်းနီသက္ကရာဇ် ၂၁၁၂ ခုနှစ် ပြာသိုလပြည့် ၁၅ ရက်တွင် ကျရောက်သည့် ရှမ်းနီရိုးရာကောက်ဦး ဆွမ်းကပ်လှူပွဲနှင့် နှစ်သစ်ကူး အထိမ်းအမှတ် ပွဲတော်ကို ရှမ်းနီလူမျိုးတို့၏ သမိုင်း၊ စာပေ၊ ယဉ်ကျေးမှု လူမျိုးနှင့် ဘာသာစကား စသည်တို့အား မေ့ပျောက်သွားခြင်း မရှိစေရန် ရည်ရွယ်၍ ဗန်းမောက်မြို့ မီတာ (၄၀ဝ) အားကစားကွင်း၌ ဇန်နဝါရီ ၁ ရက်က ကျင်းပခဲ့သည်။

 

ရှမ်းနီရိုးရာ ကောက်ဦးဆွမ်းကပ်လှူပွဲနှင့် နှစ်သစ်ကူးပွဲတော် အထိမ်းအမှတ်ပွဲတော် မုခ်ဦးခမ်းအနားကို စစ်ကိုင်း တိုင်းဒေသကြီး အစိုးရအဖွဲ့ ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီး ဒေါ်နန်းမွှေးမွှေးခင်၊ တိုင်းရင်းသား လူမျိုးများ အရေးဆိုင်ရာ ကော်မတီ ဥက္ကဋ္ဌ ဦးကျော်ဌေးလွင်၊ ဗန်းမောက်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးကျော်စိုး၊ မြို့နယ်စီမံခန့်ခွဲမှု ကော်မတီ ဥက္ကဋ္ဌ ဦးပြည့်ဖြိုးငြိမ်းတို့ ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြပြီး စစ်ကိုင်းတိုင်း ဒေသကြီး အစိုးရအဖွဲ့ လွှတ်တော် ဥက္ကဋ္ဌ ဦးသန့်ထံမှ ပေးပို့သော နှစ်သစ်ကူး သဝဏ်လွှာကို  အမှတ်(၂) တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးညီညီဟန်က ဖတ်ကြားသည်။

 

ရှမ်းနီရိုးရာကောက်ဦး ဆွမ်းကပ်လှူပွဲနှင့် နှစ်သစ်ကူး အထိမ်းအမှတ် ပွဲတော်တွင် ယဉ်ကျေးမှု၊ ရိုးရာတေးဂီတ ပဒေသာဖျော်ဖြေရေး၊ ရှမ်းနီကိုယ်လုံပညာရပ်များ၊ ရှမ်းနီတေးသီချင်းများအပြင် ကဒူးရိုးရာ ယဉ်ကျေးမှု အကများနှင့် ကနန်းရိုးရာ အကအလှများကိုလည်း ဖျော်ဖြေတင်ဆက် သွားမည်ဖြစ်ကြောင်း၊ နှစ်သစ်ကူး အထိမ်းအမှတ် ပွဲတော်ကို ဇန်နဝါရီ ၁ ရက်မှ ၃ ရက်နေ့ထိ စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိကြောင်း သိရသည်။

 

ကျော်စွာ(ဗန်းမောက်)