ရှမ်းမိုး ရှမ်းမြေ ရှမ်းစိုက်ခင်း

မောင်အောင်မွန်

 

ဧရိယာစတုရန်း ၆ဝ၁၅၅ မိုင်ကျယ်ပြီး မြို့နယ်ပေါင်း ၅၅ မြို့နယ်၊ ကျေးရွာပေါင်း၁၆၂၉ အုပ်စုဖြင့် ဖွဲ့စည်းထားသော ရှမ်းပြည်နယ်ကား ကျယ်ဝန်းလှသည်။ နေထိုင်ကြသော လူဦးရေ ငါးသန်းရှစ်သိန်းကျော်အနက် အများစုမှာ ရှမ်းဖြစ်သော်လည်း ပအိုဝ်း၊ ပလောင်၊ ဓနု၊ ဝ၊ လားဟူ၊ မူဆေး၊ မိုင်းသား၊ ကယမ်း၊ တောင်ရိုး၊ ကယား၊ လီရှော၊ ကိုးကန့်၊ ယင်းကြား၊ မြောင်ဇီး၊ ဆိုင်နေ၊ ထိုလွိုင်ကော်၊ အင်းသား၊ မော၊ မြန်မာ စသည်ဖြင့် တိုင်းရင်းသားစုံလင်စွာ နေထိုင်ကြသည်။

 

ရှမ်းပြည်နယ်၏ အဓိကစီးပွားရေးလုပ်ငန်းမှာ လယ်ယာလုပ်ငန်းဖြစ်၏။

 

ရှမ်းပြည်နယ်သည် ရာသီဥတုကောင်းမွန်ခြင်း၊ ရွာသွန်းသော မိုးရေချိန်မျှတခြင်း၊ သဘာဝမြေသြဇာ အမြောက်အမြားရှိခြင်းတို့ကြောင်း စိုက်ပျိုးရေးအလွန် ဖြစ်ထွန်းသည်။ ယနေ့ကမ္ဘာတွင် စားနပ်ရိက္ခာပြဿနာ ဖြစ်နေသည်။ တရိပ်ရိပ်တိုးနေသည့် လူဦးရေကို အစာထုတ်လုပ်ရေးက အမီမလိုက်နိုင်၍ စိုးရိမ်နေကြသည်။

 

စိုပြည်စိမ်းလန်းသော ရှမ်းပြည်နယ်ကား စိုက်ပျိုးရေးကောင်းမွန်သည်ထက် ပိုမိုကောင်းမွန်နေသဖြင့် ပြည်ထောင်စုကြီး၏ ထမင်းအိုးတစ်လုံးဟု တင်စားလောက်ပေသည်။

 

ရှမ်းပြည်နယ်၏ မြေမျက်နှာပြင်ကိုကြည့်ပါ။ ကုန်းမြင့် ဖြစ်နေသည်များကို ကြည့်မလား။ တောင်စောင်း တောင်ကမ်းပါးများ မြင်ချင်သလား။ မြေသြဇာကောင်းသော မြစ်ဝှမ်းများတွင် စိုက်ချင်သလား၊ ရေပြင်ပေါ်မျောနေသော ကျွန်းတွေပေါ် ပျိုးချင်သလား။ အမြင့်အနိမ့်အမျိုးမျိုး၊ အကျဉ်းအကျယ် အထွေထွေ စုံလင်လှပါဘိ။ တစ်နေရာနှင့် တစ်နေရာ၊ တစ်ဒေသနှင့်တစ်ဒေသ မတူကြပါ။ လူမျိုးစု တစ်စုနှင့်တစ်စု စိုက်ပျိုးကြပုံလည်း မတူကြပါ။

 

သူတို့စိုက်ပျိုးကြပုံများကို လေ့လာကြည့်ကြပါစို့။

 

ရှမ်းပြည်နယ်တွင် စပါး၊ ဂျုံ၊ ငရုတ်၊ ကြံ၊ ဝါ၊ အာလူး၊ မြေပဲ၊ ပဲပုပ်၊ ပဲယဉ်း၊ ထောပတ်ပဲ၊ မတ်ပဲ၊ ကုလားပဲ၊ ကြက်သွန်ဖြူ၊ ပြောင်းဖူးစသည်တို့ကို စိုက်ပျိုးကြသည်။ အေးမြသော ရာသီဥတုနှင့်လိုက်ဖက်သော လိမ္မော်၊ သစ်တော်၊ မက်မန်း၊ ပန်းသီး၊ စပျစ်သီး စသော ဥယျာဉ်ခြံ သစ်သီးဝလံများလည်း ထွက်သည်။ လက်ဖက်နှင့် ဗာဂျီးနီးယားဆေးတို့ကလည်း ကျော်ကြားလှ၏။ မြစ်ကမ်းနား တစ်ဝိုက် သို့မဟုတ် နုန်းမြေရှိပြီး ရေတင်နိုင်သော ဒေသများတွင် လယ်ယာစိုက်ပျိုးကြသလို ရေမတင်သော တောင်စောင်း၊ တောင်ကမ်းပါးများတွင်လည်း လှေကားထစ်လုပ်၊ မြောင်းများ၊ ဝါးတံလျှောက်များဖြင့် အဆင့်ဆင့်ရေသွင်းပြီး စိုက်ပျိုးကြသည်။

 

တောင်ပေါ်စပါးအပြင် ခေါင်မိုင်လွေ၊ ခေါင်နွန်၊ ခေါင်ဆန်းဟောင်၊ ခေါင်လိုင်ဟု ရှမ်းဘာသာဖြင့်ခေါ်သော စပါးများ၊ ခေါင်ဆိုင်၊ ခေါင်ကျိန်နှင့် ခေါင်ယောက်ခေါ် ကောက်ညှင်းများကို ပြည်နယ်တစ်ခွင်ရှိ မြေပြန့်၊ မြစ်ဝှမ်း၊ ချိုင့်ဝှမ်း၊ အင်းလေးဒေသတစ်ဝိုက်၊ ဟဲဟိုး၊ အောင်ပန်း၊ သီပေါ၊ ကိုးကန့်၊ ဆင့်ကိုင်း၊ ကျိုင်းတုံတို့တွင် အနှံ့စိုက်ကြ၏။

 

 

သာစွအင်းလေးကိုလည်း ကြည့်ပါ။ ဉာဏ်၊ ဝီရိယနှင့် ဇွဲရှိသည့်အပြင် ကြံရည်ဖန်ရည်ကလည်း တော်သောကြောင့် အင်းသားတို့အား စီးပွားရေးလာဘ်မြင်သူများဟု တင်စားကြသည်ဆိုလည်း ဆိုလောက်ပေသည်။ အင်းသားတို့ကား မြေကြီးမှရွှေသီးရန် ဖန်တီးနိုင်ရုံမက ရေပြင်မှ မြေအသွင်သို့ ပြောင်းလဲနိုင်စွမ်းသူ များတည်း။

 

တောင်တန်းကြီးများအကြားတွင် ၁၂ မိုင် ရှည်၍ လေးမိုင်ကျယ်သော အင်းလေးကန်ကြီးရှိ၏။ မှိုင်းညို့ညို့ တောင်ပြာတန်းကြီးများ၊ စိမ်းစိုစို ထင်းရှူးတောအုပ်ကြီးများ၊ ပြာလဲ့လဲ့ ရေပြင်၊ ချမ်းမြမြရာသီဥတုတို့က အင်းလေး၏ အလှကို ပိုမိုသာယာစေသည်။

 

စိမ့်၊ စမ်း၊ ချောင်း၊ မြစ်များစွာတို့သည် အင်းလေးကန်တွင်းသို့ စီးဝင်ကြသည်။ ပတ်ဝန်းကျင် တောတောင်များကို ဖြတ်ကျော် တိုက်စားလာရသောကြောင့် အမှိုက်များ၊ ဒိုက်များ ပါလာကြ၏။ ယင်းတို့ကို အင်းသားတို့က နေစရာမှီတွယ်စရာ မြေများ၊ စိုက်ပျိုးရန် မြေသြဇာများအဖြစ် သုံးကြ၏။ ထို့ပြင် အင်းလေးကန်ပတ်လည်တွင် ရေဝင်ညွန်နုန်း မြေကွက်များရှိသောကြောင့်လည်း လယ်ယာစိုက်ပျိုးနိုင်ကြသည်။

 

တန်ခူး၊ ကဆုန်မှာ ထွန်ယက်၊ တန်ဆောင်မုန်းတွင် ရိတ်သိမ်းလေ့ရှိသော အင်းသားတို့၏ လင်ပန်းရှောနှင့် ကောက်လျဉ်တို့ကား အကောင်းဆုံးစပါးများတည်း။ ကျွဲကိုပင် အသုံးပြုကြသည်။ ကျွန်းမျောစိုက်ပျိုးနည်းနှင့် မြေဖို့ စိုက်ပျိုးနည်းဟူ၍ ရှိ၏။

 

အင်းလေးကန်တွင်း စုန်ဆန်မျောနေသော ရေပေါ်ကျွန်းခေါ် မြေခဲများကို စုပေါင်းယူ၊ ရေထဲမျောပါမသွားအောင် ဝါးစည်းများဖြင့် တုပ်နှောင်ပြီး ကျွန်းမျောနည်းဖြင့် စိုက်ပျိုးကြရသည်။ ရေခြံလုပ်ငန်းဟုလည်း လူသိများ၏။

 

ကျွန်းမျောများကို ရေအောက်မြေရောက်သည့်တိုင် တစ်ခုပေါ်တစ်ခု ထပ်ဆင့်ဖိချ၊ အပေါ်ကနေ အဆင့်ဆင့်ဖို့၊ ကျွန်းမျောများ ရေထဲမျောမသွားစေရန် ကျွန်းမြေပတ်ဝန်းကျင်တွင် သံဒင်များဖြင့် ပေါင်ခတ်၊ စူးများဝါးများဖြင့် ထိုးရိုက် စသည်ဖြင့် ကြိုးစားလုပ်ကိုင်သောအခါ ကျွန်းမျောများသည် ကျွန်းမြဲများ ဖြစ်လာတော့သည်။

 

မြေများကို ဆွပေး၊ ရေမှော်ပင် နွားချေးတို့နှင့် မြေသြဇာကောင်းမွန်အောင် ပြုပြင်စိုက်ပျိုးသည်ကို မြေဖို့စိုက်နည်းဟု ခေါ်၏။

 

 

လယ်ယာစိုက်ပျိုးရေးအတွက် ခေတ်မီစက်အမျိုးမျိုး တီထွင်နိုင်ကြသော်လည်း ကျွန်းမြေများပေါ် မသုံးနိုင်သေးချေ။

 

ရှမ်းပြည်နယ်တွင် လုပ်ကိုင်စားသောက် နေထိုင်ကြသည့် တိုင်းရင်းသားများအနက် အတွင်ကျယ်ဆုံး အဖွံ့ဖြိုးဆုံးစာရင်းထဲ ပါဝင်သော ပအိုဝ်းတို့သည်လည်း စိုက်ပျိုးရေးကိုပင် အဓိကထား၏။ ပလောင်များကိုကြည့်ပါကလည်း စိုက်ပျိုးရေးက ထိပ်ဆုံးဖြစ်သည်။ ဝအမျိုးသားတို့ လုပ်ကိုင်စားသောက်ပုံကို ကြည့်သည်ဖြစ်စေ၊ ကိုးကန့်တို့၏ အသက်မွေးဝမ်းကျောင်းပုံကို လေ့လာသည်ဖြစ်စေ၊ တိယန်တို့၏ စီးပွားရေးကို သုံးသပ်သည်ဖြစ်စေ အဓိကမှာ လယ်ယာစိုက်ပျိုးရေးပင် ဖြစ်သတည်း။

 

လားဟူအမျိုးသားတို့မှာ သီးထပ်သီးညှပ် မရှိဘဲ တစ်သီးစားသာ စိုက်ပျိုးခြင်းနှင့် ဓနုတို့သည် မိုးကောင်းလယ်များနှင့် မိုးရေကျ လယ်များမှာ စပါးစိုက်ခြင်းတို့လောက်သာ ကွာခြား၏။ မြောင်ဇီးတို့က စိုက်ပျိုးကြ၊ ကော်တို့ကလည်း လယ်ယာကိုသာ အားကိုးကြသည်။

 

စုပေါင်းလုပ်ကိုင်ကြသည့် နေရာတွင်လည်း တူညီကြ၏။ လယ်ရေသွင်းယူရန် မြစ်များ၊ ချောင်းများမှ ရေကို အတူတကွယူသုံးကြ၊ တောင်သူလယ်သမားအားလုံး စုပေါင်းပြီး သစ်သားတိုင်၊ ဝါးလုံးကြီးများဖြင့် ဆည်ပြုလုပ်ကြ၊ ရေအင်အားနည်းသော်လည်း အလှည့်ကျ စနစ်ကျစွာ ခွဲဝေယူကြပုံများမှာ အားရစရာပင်။

 

ယနေ့ ရှမ်းပြည်နယ်၏ စိုက်ပျိုးရေးကား များစွာတိုးတက်နေပြီ။ သီးနှံမျိုးစုံစိုက်ပျိုးမှု များပြားလာလေပြီ။ ပြည်နယ် စိုက်ပျိုးရေးလုပ်ငန်းများ တိုးတက်စေရန် အဘက်ဘက်က တိုးချဲ့ဆောင်ရွက်ပေးလျက်ရှိရာ ဆည်မြောင်းကြီးများစွာ ရှိနေလေပြီ။

 

ဟဲဟိုးချိုင့်ဝှမ်းဆည်မြောင်း၊ ဘန်းယဉ်ဆည်မြောင်း၊ နန်းကပ်ဆည်၊ နန်းခွပ်ဆည်၊ မိုင်းပါလျှိုဆည်၊ နန်းရေလွှဲဆည်၊ မိုင်းဆတ်ချိုင့်ဝှမ်းဆည်၊ မိုင်းလွီရေလွှဲဆည်၊ မိုင်းလုံဆည်တို့မှ လယ်ယာစိုက်ဧက နှစ်သောင်းကျော်တို့သို့ ရေများဖြန့်ဝေပေးလျက်ရှိနေပြီ။

 

ရှေးယခင်နှင့် ယခု နှိုင်းယှဉ်၍သာ ခန့်မှန်းကြည့်ပါတော့။

 

ရှမ်းအမျိုးသားတို့၏ စိုက်ပျိုးရေးမှ စိတ် ဝင်စားစရာကောင်းသော နောက်တစ်ချက်မှာ လယ်စထွန်သော နေ့၊ လ၊ ရက်တို့၊ ပျိုးကျဲသော နေ့၊ လ၊ ရက်တို့ကို မှတ်သားခြင်းပင်ဖြစ်သည်။ အချိန်ပြည့်မပြည့် သိရန်တည်း။ ဥပမာ၊ ပျိုးထောင်သက်သည် ၄၅ ရက်မှသည် ရက် ၅ဝ အထိရှိရမည်မို့ ရက်မှတ်သားထားပါက အလွယ်တကူ တွက်နိုင်သည်။

 

ကောက်စိုက်ပြီးသည့်နောက် လယ်ထဲ ယာထဲ ကျွဲ၊ နွားတို့ ဝင်ရောက်မနှောင့်ယှက် နိုင်စေရန် အချို့နေရာများတွင် ဝါးများဖြင့်၊ အချို့နေရာများတွင် ရှားစောင်းပင်၊ ကြက်လျှာပင် စိုက်ခြင်းဖြင့် ခြံစည်းရိုးခတ် ကာကွယ်ကြသည်။

 

ရိတ်ပြီးသောကောက်ပင်များ သိမ်းပုံကလည်း စနစ်ကျလှပါဘိ။

 

ရေမဝပ်နိုင်သော၊ ခြောက်သွေ့သော ကုန်းကမူကို ရွေးရသည်။ စပါးနှံများကို အတွင်းဘက်လှည့်ထားပြီး တစ်ဆင့်ပြီးတစ်ဆင့် ဝိုင်းစည်းသွားပါက အထက်အမြင့်ဆုံးနေရာတွင် ထိပ်ချွန်ဖြစ်နေတော့သည်။ မိုးရွာသည့်တိုင် အတွင်းမှစပါးများရေမစိုဘဲ မိုးရေများ ဘေးသို့ လျှောကျသွားစေသည့်နည်းဖြစ်၏။

 

တလင်းနယ်သည့် နေရာတွင်လည်း ကျွဲ၊ နွားများကို အသုံးမပြု၊ ကောက်လှိုင်းအစည်းကို ပြင်ထားသောနေရာတွင် ရိုက်ခါချသည်။ တစ်လံခန့်ရှည်သော ထိပ်ကောက်ဝါးဖြင့် ထပ်ရိုက်ပြီး ကျလာသောစပါးများကို ပုံထားရသည်။ တောင်းတွင်ထည့်ပြီး အပေါ်သို့ လွှင့်တင်လိုက်သောအခါ အမှိုက်သရိုက်များ လွင့်စဉ်ကုန်ကြ၏။

 

နောက်တစ်နည်းကား အပေါ်သို့ လွှင့်တင်လိုက်ပြီး ပြန်ကျလာသည့်စပါးပုံကို ယပ်တောင်များဖြင့် ဝိုင်းခတ်ကြသည့်နည်းဖြစ်သည်။ စပါးဖျင်းစပါးသိမ်များလွင့်ကုန်ပြီး အောင်မြင်သော စပါးများသာ ကျန်ခဲ့စေသည်။

 

ရှမ်းပြည်နယ်၏ ဧရိယာသုံးပုံနှစ်ပုံကို တောင်တန်းကြီးများက နေရာယူထားသောကြောင့် စိုက်ပျိုးရေးလုပ်ငန်းကို တောင်စောင်းများတွင် လှေကားထစ်စိုက်ပျိုးရေးနည်းဖြင့် စိုက်ပျိုးကြရသည်။ လှေကားထစ်နည်းစနစ် ဆိုသည်ကား တောင်စောင်းများတွင် လှေကားထစ် မြေကွက်များ အဆင့်ဆင့်ပြုလုပ်၍ အမြင့်ဆုံးအထစ်မှ ရေသွင်းယူကာ အောက်ဆုံးအထစ်ရောက်အောင် ရေသွယ်ချရသည်။

 

ယနေ့ ရှမ်းပြည်နယ်၏ စိုက်ပျိုးရေးကား ခေတ်မီတိုးတက်လာသည်နှင့်အမျှ လယ်ယာကုန်ထုတ်လုပ်မှုသည်လည်း တိုးတက်နေပြီ။ စပါးအထွက်၊ ဂျုံအထွက်၊ မြေပဲအထွက် နှမ်းအထွက်ကိုကြည့်လျှင် အားရစရာကောင်းလိုက်ပါဘိ။

 

တစ်ဖန် ဗာဂျီးနီးယားဆေးအထွက်ကလည်း တိုးတက်နေသည်။

 

တောင်ပေါ်ဒေသ၏ ရာသီဥတုနှင့် ပထဝီဝင်အနေအထားအရ ဘိန်းစိုက်ပျိုးကြသည်ကိုလည်း တွေ့ရ၏။ ဘိန်းသည် တစ်မျိုးသားလုံးအား လူညွန့်တုံးစေသည့် မူးယစ်ဆေးဝါးပင်ဖြစ်သောကြောင့် အမျိုးသားရေးအမြင်ဖြင့် စည်းရုံးဖျက်သိမ်းလျက်ရှိသည်။

 

ဖျက်ဆီးခဲ့သော ဘိန်းခင်းများနေရာတွင် စပါး၊ ပြောင်း၊ ပဲပုပ်၊ နေကြာ၊ အာလူး၊ လက်ဖက်၊ ကော်ဖီ၊ သစ်တော်၊ မက်မန်း၊ ထောပတ် စသော သီးနှံများဖြင့် အစားထိုးစိုက်ပျိုးကြစေသည်။ သင်တန်းများပို့ချပေးပြီး မျိုးစေ့မျိုးပင်၊ ဓာတ် မြေသြဇာ၊ ပိုးသတ်ဆေးနှင့် လယ်ယာသုံးပစ္စည်းများလည်း ထောက်ပံ့ပေးနေသည်။

 

စီမံချက်များချမှတ်၍ စည်းရုံးဆောင်ရွက်သောကြောင့်လည်း လူသားမျိုးနွယ်ကို ဖျက်ဆီးနေသော မူးယစ်ဆေးဝါးထုတ်လုပ်ရာ ပင်ရင်းအခြေအမြစ်ဖြစ်သည့် ဘိန်းခင်းများ ဖျက်ဆီးရာတွင် ဒေသခံပြည်သူတို့ ပါဝင်လာကြခြင်း ဖြစ်သည်။

 

ယခုအခါ ဘိန်းအစားထိုး စိုက်ပျိုးကြသော ဧရိယာကျယ်ဝန်းလာလေပြီ။ အစားထိုး ကောက်ပဲသီးနှံတို့ စုံလင်သည်ထက် ပိုမိုစုံလင်လာလေပြီ။

 

ရှမ်းပြည်နယ်၏ စိုက်ပျိုးကွင်းများကို စိတ်ကူးကြည့်ကာမျှနှင့် အလွန်မျက်စိအေးစေသည့် ပန်းချီကားချပ်ကြီးတစ်ချပ်ကို တွေ့မြင်ရပေမည်။ စပါးခင်းများ၊ ကြက်သွန်ဖြူ ခင်းများ၊ လိမ္မော်ခြံများ၊ လက်ဖက်ခင်းများ၊ မက်မန်းပင်များ စသည်ဖြင့် မကုန်နိုင်၊ မဆုံးနိုင်။

 

ကလောမြို့နယ်၏ အာလူးအထွက်တိုး စီမံကိန်းကိုလည်း ကြားဖူးကြပေလိမ့်မည်။ အထွက်ကောင်းစေရန် နည်းလမ်းသစ်များ ဖြန့်ဖြူးသည်။ လိုအပ်သောပစ္စည်းများပေးသည်။ အထွက်တိုးနေသည်ကို စာရင်းဇယားများနှင့် အတိအကျပြသ၏။

 

ရှမ်းပြည်နယ်ကား မြေကလည်း ကျယ်ပါဘိ။ ရာသီဥတုကလည်း ကောင်းပါဘိ။ နေထိုင်ကြသူများကလည်း စိုက်ပျိုးရေးကို ခုံမင်ကြပါဘိ။

 

ယခုအခါ မျိုးကောင်းမျိုးသန့်ကိုစိုက်၊ အစွမ်းထက် ဓာတ်မြေသြဇာကိုထည့်၊ ခေတ်မီစက်ကိရိယာကိုသုံး၊ သိပ္ပံနည်းကျသော အထွက်တိုးစနစ်ကိုယူသဖြင့် စိုက်ပျိုးရေးတိုးတက်မှုသည် ပေ ၅ဝဝဝ ကျော်မှ ပေ ၇ဝဝဝ ကျော်အထိ မြင့်မားသော ရှမ်းတောင်တန်းကြီးများကိုပင် ကျော်လွန်နေချင်ပြီ။