ရမ်းဗြဲမြို့နယ်၌ မြစိမ်းရောင်စီမံကိန်း (၃)နှစ်ပြည့် ကျေးရွာများအား ကော်မတီအသစ် ပြန်လည်ရွေးချယ်ခြင်းနှင့် ချေးငွေများ ပြန်လည်ထုတ်ချေးပေး

ရမ်းဗြဲ ၂၁ စက်တင်ဘာ 


ကျောက်ဖြူခရိုင်၊ ရမ်းဗြဲမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၁၅-၂၀၁၆ ခု ဘဏ္ဍာရေးနှစ်မှ ၂၀၁၈-၂၀၁၉ ခု ဘဏ္ဍာရေးနှစ်ထိ (၃)နှစ်ပြည့်မြောက်သော မြစိမ်းရောင်စီမံကိန်း ကျေးရွာ(၆)ရွာအား ကော်မတီအသစ် ပြန်လည်ရွေးချယ်ခြင်းနှင့် စတုတ္ထအကြိမ် ပြန်လည်ထုတ်ချေးခြင်းတို့ကို ယနေ့နံနက်ပိုင်းမှစတင်ပြီး အဆိုပါကျေးရွာများ၌ ကျင်းပခဲ့သည်။ 


ရမ်းဗြဲမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအောင်ထွန်းနှင့် ဝန်ထမ်းများသည် မြစိမ်းရောင်စီမံကိန်း ကျေးရွာများဖြစ်သော အဝတောင်ကျေးရွာ၊ တိန်ပြင်ကျေးရွာ၊ သပြေကျွန်းကျေးရွာ၊ သလူပြိန်ကျေးရွာ၊ သင်းပေါင်းချောင်းကျေးရွာ၊ မှော်ရုံ၊ င/ညိုကိုင်းကျေးရွာ တို့ကို ကွင်းဆင်းပြီး မြစိမ်းရောင်ကျေးရွာစီမံကိန်း ချေးငွေပြန်လည်ထုတ်ချေးနေမှုတို့ကို ကြီးကြပ်ဆောင်ရွက်ပေးခဲ့သည်။ 


ရမ်းဗြဲမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြစိမ်းရောင်စီမံကိန်း (၃)နှစ်ပြည့်မြောက်ပြီး ကျေးရွာ(၆)ရွာအား စတုတ္ထအကြိမ် ပြန်လည်ထုတ်ချေးပေးရာတွင် စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်သူ (၁၂၉) ဦးအား ၄၅၅ ဒသမ ၅ သိန်း၊ ရေလုပ်ငန်းလုပ်ကိုင်သူ ၂၆၇ ဦးအား (၉၆၁ ဒသမ ဝ သိန်း၊ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ ၂၁၃ ဦးအား ၇၃၄ ဒသမ ၅ သိန်း၊ အရောင်းအဝယ်လုပ်ငန်း လုပ်ကိုင်သူ ၅၆ ဦးအား ၂၁၂ ဒသမ ၅ သိန်း၊ အသက်မွေဝမ်းကျောင်းလုပ်ငန်း လုပ်ကိုင်သူ ၂၄ ဦးအား ၇၈ ဒသမ ၅ သိန်းတို့ကို လုပ်ငန်းအမျိုး အစားအလိုက် ထုတ်ချေးပေးခဲ့ကြပြီး စုစုပေါင်းလူဦးရေ ၆၈၉ ဦးအား ငွေကျပ် ၂၄၄၂ သိန်း ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။ 


တင်ထွန်း(ပြန်/ဆက်)

 

mdn